စပိန်အမျိုးသမီးအသင်း တိုက်စစ်မှူး ပါရယ်အူအီလို သက်တမ်းအလိုက် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ချန်ပီယံဆုများ ဆွတ်ခူးနိုင်သည့် ပထမဆုံး ကစားသမားဖြစ်လာ

စပိန်အမျိုးသမီးအသင်း တိုက်စစ်မှူး ပါရယ်အူအီလို သက်တမ်းအလိုက် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ချန်ပီယံဆုများ ဆွတ်ခူးနိုင်သည့် ပထမဆုံး ကစားသမားဖြစ်လာ

    စပိန်အမျိုးသမီးအသင်း တိုက်စစ်မှူး ပါရယ်အူအီလိုသည် သက်တမ်းအလိုက် အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲများတွင် ချန်ပီယံဆုများ ဆွတ်ခူးနိုင်သည့် ပထမဆုံး ကစားသမားဖြစ်လာကြောင်း သိရသည်။

အသက် ၁၉ နှစ်အရွယ်သာရှိသေးသည့် ပါရယ်အူအီလိုသည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ၂၀၁၉ ခုနှစ်က ဗီလာရီးယဲလ် အမျိုးသမီးအသင်းနှင့် အတူစတင်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်က ဘာစီလိုနာ အမျိုးသမီးအသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် အကောင်းဆုံး ခြေစွမ်းပြနိုင်သည့်အတွက်   ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင်    စပိန်အသင်း အတွက် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။

ပါရယ်အူအီလိုသည်     ဘာစီလိုနာအမျိုးသမီး အသင်းတွင်လည်း အဓိက ကစားသမားအဖြစ် ပွဲထွက်  ခွင့်ရရှိပြီး ပြီးခဲ့သည့် ဘောလုံးရာသီက စပိန်အမျိုး သမီးလိဂ်ပြိုင်ပွဲတွင် ဘာစီလိုနာ အသင်းနှင့်အတူ ၁၈ ပွဲပါဝင်ခွင့်ရရှိကာ ၁၁ ဂိုးအထိသွင်းယူနိုင်ပြီး ဂိုးဖန်တီးမှု လေးကြိမ်ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အလားတူ ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲတွင်လည်း အုပ်စုပွဲစဉ်များမှ စတင်ပြီး ဗိုလ်လုပွဲအထိ ခုနစ်ပွဲပါဝင်ခွင့်ရရှိကာ  နှစ်ဂိုးသွင်းယူကာ  ခြေစွမ်းပြနိုင်ပြီးနောက်  အသင်းနှင့် ကမ္ဘာ့ဖလား ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့် အပြင်    ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး လူငယ်ကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။

ပါရယ်အူအီလိုသည်  ၂၀၁၈  ခုနှစ်က  ယူ-၁၇ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင်    စပိန်ယူ-၁၇ အမျိုးသမီးအသင်းနှင့် ချန်ပီယံဆု ဆွတ်ခူးနိုင်သကဲ့သို့ ၂၀၂၂ ခုနှစ်က ယူ-၂၀ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ကာ ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့်အတွက် သက်တမ်းအလိုက် ကမ္ဘာ့ဖလား ပြိုင်ပွဲများတွင်   ချန်ပီယံဆုများ ဆွတ်ခူးနိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။