နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် ဩဂုတ် ၂၂
၂၀၂၄ခုနှစ် လူဉီးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ် ငန်း အတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဗဟိုသန်းခေါင် စာရင်း ကော်မရှင် နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးမြင့်ကြိုင်၊ ကော်မရှင်အဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက် ကြသည်။
ဉီးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင် နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း က အမှာ စကားပြောကြားရာတွင် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ပထမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် သန်းခေါင်စာရင်းအကြောင်း၊ သန်းခေါင် စာရင်း၏ ဝိသေသလက္ခဏာများ၊ မြန်မာနိုင်ငံတွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းများ၏ သမိုင်းကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုး ကျေးဇူးများ၊ ၂၀၂၄ ခုနှစ်တွင် ထပ်မံကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်း စီမံဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လက်ရှိဆောင်ရွက်နေသည့် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပြီးပြီး ဆုံးဖြတ်ချက် ၁၉ ချက် ချမှတ်ကာ On Going ဆောင်ရွက်ဆဲ ၅ ချက်ရှိပြီး ၁၄ ချက်မှာ ဆောင်ရွက်ပြီးဖြစ်ကြောင်း ကို တွေ့ရှိရပါကြောင်း။
သန်းခေါင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းတစ်ရပ်လုံး ပြီးမြောက် အောင်မြင် စေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဗဟိုသန်းခေါင်စာရင်းကော်မရှင်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက် ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊ ၇၅/၂၀၂၃ ဖြင့် ပြင်ဆင် ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း။
မိမိတို့ ကော်မရှင်အနေဖြင့်အစိုးရအဖွဲ့၏ မူဝါဒနှင့် အညီ ဦးဆောင်မှု ပေးနိုင်ရေး၊ တာဝန်ရှိသည့်အဖွဲ့အစည်းက တင်ပြလာသည့် အသေးစိတ်အစီအစဉ်နှင့် ညွှန်ကြားချက်များကို အတည်ပြုနိုင်ရေး၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ သန်းခေါင်စာရင်းကော်မတီများ အဆင့်ဆင့် ဖွဲ့စည်းနိုင်ရေးနှင့် သန်းခေါင်စာရင်းအောင်မြင်ရေးအတွက် လိုအပ်သည်များကို ဖြည့် ဆည်းဆောင်ရွက်နိုင်ရန် အလေးထားလုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း ၊ ထို့ကြောင့် ကော်မရှင်အဖွဲ့ဝင်သစ်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ် များကို သန်းခေါင်စာရင်းအကြောင်းနှင့် ပတ်သက်၍ အကျဉ်းချုပ် ဦးစွာပြောကြား လိုကြောင်း။
နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် သန်းခေါင် စာရင်းအတွေ့ အကြုံများအရ လူဦးရေသန်းခေါင်စာရင်း ကောက်ယူ ခြင်းလုပ်ငန်းသည် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး ကုန်ကျစရိတ်ကြီးမားခြင်းကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင် (၁၀)နှစ် တွင် တစ်ကြိမ်သာ လူဦးရေသန်းခေါင်စာရင်းများကို ကောက်ယူလေ့ ရှိကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံတွင်လည်း ၂၀၁၄ သန်းခေါင်စာရင်းအပြီး (၁၀) နှစ် အကြာ ၂၀၂၄ ခုနှစ်တွင် နောက်တစ်ကြိမ် သန်းခေါင်စာရင်း မဖြစ်မနေကောက်ယူရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး အတွက် အခြေခံအကျ ဆုံးဖြစ်သော တိကျမှန်ကန်သည့် လူဦးရေနှင့် လူမှုစီးပွားရေး အခြေ အနေများကို အုပ်ချုပ်မှုဒေသ အသေးငယ်ဆုံးအဆင့်ထိ ရရှိနိုင်ရန် သန်းခေါင် စာရင်းကို မဖြစ်မနေ ကောက်ယူသွားရမည် ဖြစ်ကြောင်း။
ထို့ကြောင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူ သွားမည်ဖြစ်ပြီး အောင်မြင်စွာ ကောက်ယူနိုင်ရန် နှင့် စာရင်းကောက်ယူရာတွင် တွေ့ကြုံ လာနိုင်သည့် အခက်အခဲများကို ကြိုတင်ပြင်ဆင်ထားနိုင်ရန် စမ်းသပ်သန်းခေါင်စာရင်း ကိုလည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် မြို့နယ် (၂၀) အတွင်းရှိ စာရင်းကောက်ကွက် (၁၀၀) တွင် ပဏာမ ဆောင်ရွက်သွားမှာဖြစ်ကြောင်း။
လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောင်မြင်စွာ ကောက်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနက အဓိက တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဆက်စပ်နေသည့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များက မိမိတို့ကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်း လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း သက်ဆိုင်ရာ ဝန်ကြီး ဌာနက တင်ပြလာသော သန်းခေါင်စာရင်းနှင့်ပတ်သက်သည့် အဆုံးအဖြတ်ပေး ရမည့့် ကိစ္စရပ် များအပေါ် အချိန်နှင့်တစ်ပြေးညီ လမ်းညွှန်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း။
သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၏ ကြိုတင်ပြင်ဆင် ခြင်းလုပ်ငန်းများ၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း လုပ်ငန်းများတွင် ဝန်ကြီးဌာနများအနေဖြင့် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ထို့ကြောင့် လက်ရှိ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဆောင်ရွက်နေသည့် သန်းခေါင်စာရင်းယူနစ်များ ဖွဲ့စည်းခြင်းလုပ်ငန်းနှင့် မကြာမီဆောင်ရွက်မည့် စမ်းသပ်သန်းခေါင် စာရင်း ကောက်ယူခြင်းလုပ်ငန်းများတွင် သတ်မှတ်အချိန်ဇယားအတိုင်း အောင်မြင်စွာ ဆောင်ရွက်ပြီးစီးနိုင်ရေး တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ကွပ်ကဲသွားရန် မှာကြားလိုကြောင်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ၂၀၁၄ ခုနှစ် တွင် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောင်မြင်စွာ ကောက်ယူ ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်လည်း ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို ကောက်ယူ နိုင်ခဲ့သည့် အတွေ့အကြုံများစွာ ရှိခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါတွင်လည်း ၂၀၂၄ ခုနှစ် တွင် ကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်းများကို သတ်မှတ် အချိန်ဇယားအတိုင်း အကောင်အထည် ဖော်ဆောင် ရွက်နေပြီ ဖြစ်ကြောင်း။
ယခင်သန်းခေါင်စာရင်းများကောက်ယူခဲ့စဉ်က နိုင်ငံတကာ အဖွဲ့အစည်းများ၏ နည်းပညာနှင့် ငွေကြေးဆိုင်ရာ အထောက်အပံ့များကို ရယူဆောင်ရွက်ခဲ့သော်လည်း ယခု ဆောင်ရွက်မည့် ၂၀၂၄ ခုနှစ်၊ သန်းခေါင် စာရင်းကောက်ယူမှုကို နိုင်ငံအတွင်းတွင်ရှိသည့် အစိုးရဌာနများ၊ အဖွဲ့အစည်းများ၏ စွမ်းအား၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုနှင့်ပင် အဓိက ဆောင်ရွက်ကြရမည်ဖြစ်ပြီး လိုအပ်သည့် ဘဏ္ဍာငွေများ ကိုလည်း နိုင်ငံတော် ဘဏ္ဍာ ရန်ပုံငွေဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
သန်းခေါင်စာရင်း ကောက်ယူသည့်အခါတွင်လည်း အချက်အလက် များမှန်ကန် ပြီး အရည်အသွေးကောင်းမွန်စေရန်၊ နိုင်ငံတကာစံချိန် စံညွှန်းများနှင့် အညီဖြစ်စေရန်၊ နိုင်ငံ့အတွက်လိုအပ်သည့် ညွှန်ကိန်းများ၊ လူမှုစီးပွားဆိုင်ရာ အချက်အလက်များ ဖြည့်ဆည်းရရှိရန် အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သန်းခေါင် စာရင်းသည် အားလုံးနှင့် သက်ဆိုင်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများက နည်းပညာအပါအဝင် သန်းခေါင်စာရင်းလုပ်ငန်းကို အထောက်အပံ့ဖြစ်စေမည့် ရင်းမြစ် များကို အကျိုးရှိရှိမျှဝေသုံးစွဲကြရန် အလေးအနက်ထား မှာကြားလိုကြောင်း။
သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် အချိန်၊ ငွေကြေး နှင့် လူ အင်အားအပါအဝင် အရင်းအမြစ်ပေါင်းများစွာကို ရင်းနှီး စိုက်ထုတ် ထားရခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် သန်းခေါင်စာရင်းရလဒ်များသည် နိုင်ငံတော်အတွက် အသုံးဝင်သည့် အချက်အလက်များဖြစ်သည့်အတွက် သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ်တစ်ခု လုံး ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ကြရန်နှင့်အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ် ခံယူဆောင်ရွက်သွားကြရန်တိုက်တွန်း ပြောကြားလိုကြောင်း။
သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ဆောင်ရွက်ရာတွင် စိန်ခေါ်မှုအမျိုးမျိုး နှင့် လုံခြုံရေးပိုင်းဆိုင်ရာကအစ အခြားမမျှော်မှန်းနိုင်သည့် အခက်အခဲများလည်း ကြုံတွေ့ရမည် ဖြစ်ကြောင်း၊ တွေ့ကြုံလာနိုင်သည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို ကျော်လွှား နိုင်ရန် ကြိုတင်စီမံဆောင်ရွက်သွားကြရမည်ဖြစ်ပြီး အောင်မြင်အောင် ဖြေရှင်း ဆောင်ရွက်ကြရန်လည်း လိုအပ်မည်ဖြစ်ကြောင်း။
သန်းခေါင်စာရင်းလုပ်ငန်းသည် နိုင်ငံအတွင်းနေထိုင်သည့် လူအားလုံးနှင့် သက်ဆိုင်ပြီး သန်းခေါင်စာရင်းကောက်ယူခြင်း၏ အကျိုးရလဒ်များသည် နိုင်ငံတော် အတွက် အရေးကြီးကြောင်း၊ မှန်မှန်ကန်ကန် ဖြေဆိုမှသာ အချက်အလက်များ၏ အရည်အသွေးကောင်းမွန်မည်ဖြစ်သည်ကို အများပြည်သူ သိရှိနားလည်ရန် မီဒီယာ ကဏ္ဍ သည်လည်း အလွန်အရေးကြီးကြောင်း၊ ထို့ကြောင့် သန်းခေါင်စာရင်း အကြောင်း ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပညာပေးရေးနှင့် လှုံ့ဆော်ရေး သီချင်းများ၊ ဆောင်းပါးများ၊ ဗီဒီယို Clip များ ထုတ်လွှင့်ပြသနိုင်ရေးကို သတင်း ဌာနများအပြင် Social Media များကိုလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုရမည် ဖြစ် ကြောင်း။
၂၀၂၄ ခုနှစ်တွင်ကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းသည် ကိုယ့်အားကိုယ်ကိုးစနစ်နှင့် နိုင်ငံတော်ဘတ်ဂျက်နှင့် မိမိတို့အစိုးရ ဝန်ကြီး ဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည့်အပြင် ယခင်သန်းခေါင် စာရင်းများကဲ့သို့ တိကျခိုင်မာပြီး အရည်အသွေးကောင်းမွန်ပြည့်စုံအောင် ဝိုင်းဝန်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထို့သို့ဆောင်ရွက်နိုင်ခြင်းသည် မိမိတို့နိုင်ငံ၏ စိန်ခေါ်မှု များကြားက အောင်မြင်အောင် ဆောင်ရွက်နိုင်သည့် သမိုင်းမှတ်တိုင်တစ်ခုဖြစ်လာ မည် ဖြစ် ကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဉီးမြင့်ကြိုင် က ပင်မစမ်းသပ်သန်းခေါင်စာရင်း မကောက်ယူမီ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး ဆောင်ရွက်နေမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီများဖွဲ့စည်းထားရှိမှုနှင့် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီများဖွဲ့စည်း နိုင်ရေး ဆောင်ရွက်နေမှု၊ သန်းခေါင်းစာရင်း ကောက်ယူခြင်းအတွက် သင်တန်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှု၊ သန်းခေါင်စာရင်း အကြောင်း ပြည်သူလူထုကျယ်ကျယ်ပြန့် ပြန့်သိရှိနိုင်ရေး ဆောင်ရွက်နေမှု၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက် နေမှု အခြေအနေတို့ကို အကျယ်တဝံ့ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင် အတွင်းရေးမှူးများနှင့် အဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ များဖြစ်ကြသည့် တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များ က ၂၀၂၄ ခုနှစ် လူဉီးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင် ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုများ၊ သက်ဆိုင်ရာဝန်ကြီးဌာန အလိုက် ပူးပေါင်း ပါဝင်ဆောင်ရွက်သွားမည့် အစီအမံများနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြ ကြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများ က သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးလုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍ များအလိုက် ဆွေးနွေးအကြံပြုတင်ပြကြသည်။
ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင် နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ဆွေးနွေး တင်ပြချက်များ နှင့်စပ်လျဉ်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။