U-12 Junior Soccer World Challenge 2023ပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၂ အသင်း ဂျပန်နိုင်ငံသို့ ထွက်ခွာ
ရန်ကုန် သြဂုတ် ၂၂
မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းသည် (၁၁)ကြိမ်မြောက် U-12 Junior Soccer World Challenge 2023 ပြိုင်ပွဲယှဉ်ပြိုင်ရန် ယနေ့ ညနေပိုင်းတွင် ဂျပန်နိုင်ငံ ချီဘားမြို့သို့ ထွက်ခွာခဲ့သည်။
မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းတွင် အုပ်ချုပ်/နည်းပြ ခုနစ်ဦး၊ ကစားသမား ၁၇ ဦး စုစုပေါင်း ၂၄ ဦး လိုက်ပါသွားသည်။
(၁၁)ကြိမ်မြောက် U-12 Junior Soccer World Challenge 2023 ပြိုင်ပွဲကို ဂျပန်နိုင်ငံ ချီဘားမြို့တွင် သြဂုတ် ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
AYA Bank မှ ပံ့ပိုးကူညီမှုဖြင့့် U-12 Junior Soccer World Challenge 2023 ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းသည် အုပ်စုအဖွင့်ပွဲစဉ် အဖြစ် ၂၄-၈-၂၀၂၃ ရက် (ဒေသစံတော်ချိန် နံနက် ၁၀း၁၅ နာရီ၊ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂း၄၅ နာရီ)တွင် ဘာစီလိုနာအသင်း၊ အုပ်စုဒုတိယပွဲစဉ်အဖြစ် ၂၄-၈-၂၀၂၃ ရက် (ဒေသစံတော်ချိန်နံနက် ၁၂း ၃၀ နာရီ၊ မြန်မာ စံတော်ချိန် ညနေ ၃း၀၀ နာရီ)တွင် Daiwa House Dreamအသင်း၊ အုပ်စု နောက်ဆုံး ပွဲစဉ်အဖြစ် ၂၅-၈-၂၀၂၃ ရက် (ဒေသစံတော်ချိန် နံနက် ၁၀း၁၅ နာရီ၊ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂း၄၅ နာရီ)တွင် JEF United Chiba U-12 အသင်းများနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
ဂျပန်နိုင်ငံခရီးစဉ်သို့ ထွက်ခွာသွားသည့် မြန်မာ ယူ-၁၂ အသင်းတွင် အုပ်ချုပ်/ နည်းပြ ခုနစ်ဦး၊ မြန်မာ ယူ-၁၂ အသင်း ကစားသမားစာရင်းမှာ ဂိုး-လရောင်လင်း၊ ဘုန်းထွန်းခန့်၊ နောက်တန်း-မင်းဘုန်းသစ်၊ မြင့်မြတ်သူ၊ ရှင်းပြည့်ကျော်၊ စိုင်းခမ်စိုး၊ ဝေယံဦး၊ နေဇင်မင်း၊ ပရင့်ဒိုဒိုလျန်တောင်း၊ အလယ်တန်း- ခွန်မောင်ဘွေ၊ ဇင်မင်းမြတ်သူ အောင်လ၊ ရှိုင်းဝင်းထွဋ်၊ ရှေ့တန်း-တေဇာဖြိုး၊ ခွန်ဝေဖြိုး၊ အံ့မင်းမြတ်နှင့် ခိုင်မြဲခန့်တို့ပါဝင်ကြောင်း သိရသည်။