အများကောင်းမှု တောင်းဆုပြည့်ပေ သာသနာတည်တံ့ အဓွန့်ရှည်စေ

အများကောင်းမှု တောင်းဆုပြည့်ပေ သာသနာတည်တံ့ အဓွန့်ရှည်စေ

ဟိုတစ်နေ့က   မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ရှိရာ ဗုဒ္ဓဥယျာဉ်တော်အတွင်း ဝင်ရောက် လေ့လာခြင်းအတွက် စက်တင်ဘာ ၃  ရက် နောက်ပိုင်းတွင် ဝင်ကြေးကောက်ခံသွားမည်ဟု  ကြားသိလိုက်ရသည်။

တချို့ကလည်း ဝင်ကြေးကောက်ခြင်းအားဖြင့် ဘုရားကိုအခကြေးငွေပေးပြီး ဖူးရတော့မှာလားဆိုသည့် သို့လောသို့လော အသံတွေထွက်လာသည်။

တချို့ကျတော့လည်း  ဒီလိုဝင်ကြေးကောက်ခြင်းကြောင့် ရေရှည်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် အထောက် အပံ့ဖြစ်စေမယ်ဆိုပြီး   တွေးသူလည်းရှိသည်။

တကယ်တမ်းတွင်မူကား  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ဖို့ရန်သက်သက်အတွက်  ဝင်ကြေးကောက်ခံခြင်းမဟုတ်။ မိသားစုများ အနားယူမှုနှင့် ပိဋကတ်တော်များ၊ ဗိသုကာပညာရပ်များ၊ မြန်မာမှုများကို   စိတ်ပါဝင်စားသူများအနေဖြင့် လေ့လာမှုများပြုနိုင်ရေးတို့အတွက် ဗုဒ္ဓဥယျာဉ်အတွင်း ဝင်ရောက်ခြင်းကို ဝင်ကြေးကောက်ခံခြင်းသာဖြစ်မည်ဟု မိမိကတော့ယုံကြည်သည်။

ကောက်ခံရရှိသည့်ငွေကြေးများကိုလည်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနဲ့တကွ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဘက်စုံပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများအတွက် အသုံးပြုသွားမည်ဆိုပြီးတော့လည်း ကြားမိသေးသည်။

မည်သို့ပင်ဆိုစေကာမူ ဗုဒ္ဓသာသနာရေရှည်တည်တံ့ခိုင်မြဲစေရေးလုပ်ငန်းများအတွက် ကောက်ခံရရှိသည့် ဝင်ကြေးများက အဓိကအခန်းကဏ္ဍမှ ပါဝင်နေမည်ဟု ဆိုနိုင်သည်။

ဒါနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ အတွေ့အကြုံလေးတစ်ခုကို ပြောပြချင်သည်။ မေလတုန်းက ကျွန်တော့်ဇနီးက အိမ်နီးချင်းထိုင်းနိုင်ငံသို့ အလုပ်ကိစ္စနဲ့ အလည်အပတ်သွားသည်။ သူတို့သွားရောက် လည်ပတ်ရာမှာ ဘန်းဆူခါဝါဒီလို့ခေါ်သည့်နေရာကိုလည်း ရောက်သွားသည်။

ဘန်းဆူခါဝါဒီဆိုတာ  အမျိုးစုံသော ဗုဒ္ဓရုပ်ပွားတော်များအပြင်  ကွမ်ယင်မယ်တော်ရုပ်တုနဲ့ တခြားအဆောက်အအုံများရှိရာ ဥယျာဉ်တစ်ခုပါ။ အဲဒီမှာဝင်ကြေးက    နိုင်ငံခြားသားလူကြီးတစ်ဦးကို ထိုင်းဘတ် ၅၀၀ ပေးရသည်။ ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းအရ    မြန်မာငွေနဲ့ပြန်တွက်လျှင် တစ်ဦးကို ငွေကျပ် ၃၀၀၀၀ နီးပါး ကျသင့်နေသည်။

ကျွန်တော့်အနေနဲ့  တရုတ်နိုင်ငံကို အလုပ်ကိစ္စခရီးသွားတုန်းက ဟိုတယ်နားမှာရှိသည့် ဘုရားကျောင်းတစ်ခုသို့ ရောက် သွားသေးသည်။ အဲဒီနေရာမှာတော့ ဝင်ကြေးက ၁၀ ယွမ်ပေးရသည်။ မြန်မာငွေနဲ့ပြန်တွက်လျှင်တော့ ငွေကျပ် ၃၀၀၀ နီးပါး ကျသင့်နေသည်။

အဲဒီဘုရားကျောင်းမှာ    ရှိတာက ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များနဲ့ ကျောင်းဆောင်များသာဖြစ်သည်။ တခြားသော အပန်းဖြေနေရာမျိုးကဲ့သို့မဟုတ်။ သို့သော် နိုင်ငံသားဖြစ်စေ၊ နိုင်ငံခြားသားဖြစ်စေ ဝင်ကြေးအဖြစ် ၁၀ ယွမ်တော့ မဖြစ်မနေပေးရသည်။

ဒီလိုနဲ့ ကျွန်တော်တို့ အရှေ့တောင်အာရှဒေသမှာ နာမည်ကြီးတဲ့ ဘုရားကျောင်းတချို့အပြင် ကမ္ဘာအနှံ့မှာရှိတဲ့ ကိုးကွယ်ရာဘာသာအလိုက် ဘုရားကျောင်းကန်များရဲ့ ဝင်ကြေးများကို လိုက်လံစုံစမ်းကြည့်မိသည်။ ထူးခြားသည်ကား မြန်မာငွေကျပ် ၁၀၀၀ နဲ့ဝင်လို့ရသည့်နေရာ ဘယ်မှာမှမရှိ။

ကမ္ဘာပေါ်မှာ အကြီးဆုံးဘုရားကျောင်းများအနက်  တစ်ခုအပါအဝင်ဖြစ်သည့် ဘောရောဘူဒူ ဘုရားကျောင်းက အင်ဒိုနီးရှားနိုင်ငံတွင်တည်ရှိသည်။

ဘုရားကျောင်းဝင်ကြေးက  အသက် ၁၀ နှစ်အထက်မှစ၍ လူကြီးတစ်ဦးလျှင် အင်ဒိုနီးရှား ရူပီးယား ၇၁၈၀၀၀ ရှိသည်။ ဟုတ်ပါ့မလားလို့ မေးစရာရှိသည်။ ဟုတ်ပါသည်။ တကယ်ကို ရူပီးယား ၇၁၈၀၀၀ ပါ။

မြန်မာငွေနဲ့ဆိုပါက   လူကြီးတစ်ဦးကို တစ်သိန်းနီးပါးကျသင့်နေသည်။

နောက်ထပ်ဘုရားကျောင်းတစ်ခုက ကမ္ဘောဒီးယားနိုင်ငံရှိ ကမ္ဘာကျော် အန်ကောဝပ်ဘုရားကျောင်းဖြစ်သည်။ ထိုဘုရားကျောင်း၏  ဝင်ကြေးကောက်ခံမှုပုံစံက သုံးမျိုးရှိသည်။ တစ်ရက်တာလည်ပတ်ခွင့်အတွက် လူကြီးတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၃၇ ဒေါ်လာ၊ ၃ ရက်အတွက် ၆၂ ဒေါ်လာနဲ့ ၇ ရက်အတွက် ၇၂ ဒေါ်လာဖြစ်သည်။ မြန်မာငွေနှင့်ဆိုလျှင် ငွေကျပ် ၇၇၇၀၀၊ ငွေကျပ် ၁၃၀၂၀၀ နှင့်  ငွေကျပ် ၁၅၁၂၀၀  အသီးသီးကျသင့်နေမည်ကို တွေ့ရသည်။

နောက်ထပ်တစ်ခုကတော့ ထိုင်းနိုင်ငံရှိ နာမည်ကျော်  မြဘုရားပင်ဖြစ်သည်။

ထိုမြဘုရားကိုသွားရောက်ဖူးမြော်ရာတွင်လည်း ထိုနည်းလည်းကောင်းပင် ဝင်ကြေးပေးရသည်။ ဝင်ကြေးက ထိုင်းဘတ် ၅၀၀ သို့မဟုတ်   အမေရိကန်ဒေါ်လာ  ၁၅ ဒေါ်လာဖြစ်သည်။

လာအိုနိုင်ငံရှိ   ထပ်လွမ်ဘုရားသို့ ဝင်ကြေးသည် လာအိုကစ် ၃၀၀၀၀ အထိပေးရသည်။ မြန်မာငွေနှင့်ဆိုပါက ငွေကျပ် ၃၂၀၀ ကျော်ရှိသည်။

ဗီယက်နမ်သို့သွားပြီး ဘိုင်ဒင်းဘုရားကျောင်းသို့ ဝင်ရောက်ဖူးမြော်မည်ဆိုလျှင်လည်း ဝင်ကြေးမှာ ဗီယက်နမ်ဒေါင် ၅၀၀၀၀ ပေးရမည်ဖြစ်သည်။  ထိုဘုရားကျောင်းအတွင်းရှိ နိဗ္ဗာန်မျှော်စင်သို့ တက်မည် ဆိုပါက နောက်ထပ်ဝင်ကြေးအဖြစ် ဒေါင် ၅၀၀၀၀ ထပ်ပေးရပြန်သည်။

အရှေ့တောင်အာရှပြီးတော့ အာရှတိုက်အတွင်းရှိ  ဘုရားကျောင်းကန်များကို လိုက်လံလေ့လာကြည့်မိသည်။ ပထမဆုံး လေ့လာမိတာက  ဂျပန်နိုင်ငံဖြစ်သည်။ ဂျပန်နိုင်ငံဆိုတာ ဗုဒ္ဓဘာသာဘုရားကျောင်း အများဆုံး တည်ရှိသောနိုင်ငံ ဖြစ်သည်။

ဂျပန်နိုင်ငံရှိဘုရားကျောင်းတစ်ကျောင်းဖြစ်သော ဟော်ယုဂျီဘုရားကျောင်းဆိုလျှင် ဝင်ကြေးအဖြစ် လူကြီးတစ်ဦးလျှင် ယန်း ၁၅၀၀၊ ကလေးတစ်ဦးလျှင် ယန်း ၇၅၀ ကောက်ခံသည်။ မြန်မာငွေနှင့်ပြန်တွက်မည်

ဆိုပါက လူကြီးတစ်ဦးလျှင်  ငွေကျပ် ၂၁၀၀၀ ကျော်နှင့်  ကလေးတစ်ဦးလျှင်ငွေကျပ် ၁၀၀၀၀ ကျော် ကျသင့်နေသည်။

လူသိများထင်ရှားသော ခါမာခူရဗုဒ္ဓရုပ်ပွားတော်သို့ ဝင်ရောက်ဖူးမြော်မည်ဆိုပါက ယန်း ၅၀၀ ပေးရသည်။ အလားတူ နာရမြို့ဟောင်းရှိ  ဘုရားကျောင်းများသို့ ဝင်ရောက်ရာတွင် ယန်း ၆၀၀ ပေးရသည်။

တစ်ဖန် ဗုဒ္ဓဘာသာဝင်များ အများဆုံးနေထိုင်ကြသော နိုင်ငံများကို ဆက်လက်လေ့လာမိသည်။   ထိုထဲမှတစ်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်သည်။   တရုတ်နိုင်ငံရှိ လင်ကွမ်းဗုဒ္ဓစွယ်တော်တိုက်သို့ ဝင်ရောက်ရာတွင် မည်သူမဆို ၁၀ ယွမ်ပေးရသည်။

 နောက်ထပ်နိုင်ငံများဆိုလျှင် သီရိလင်္ကာနိုင်ငံရှိ ကန်ဒီဗုဒ္ဓစွယ်တော်တိုက်နှင့် နီပေါနိုင်ငံမှလုမ္ဗိနီဥယျာဉ်တို့ကို ရည်ညွှန်းရမည်ဖြစ်သည်။

ကန်ဒီစွယ်တော်တိုက်သို့ ဝင်ကြေးသည် အမေရိကန်ဒေါ်လာ  ၆  ဒေါ်လာရှိပြီး လုမ္ဗိနီဥယျာဉ်သို့ဝင်ကြေးသည် ၄ ဒသမ ၅ ဒေါ်လာရှိသည်။ မြန်မာငွေကျပ် ၁၂၆၀၀ နှင့် ငွေကျပ် ၉၄၅၀   ကျသင့်နေသည်ကို တွေ့ရပေမည်။

ပါကစ္စတန်တွင် ဗုဒ္ဓယဉ်ကျေးမှုနှင့် သက်ဆိုင်သောနေရာတစ်ခုရှိသည်။ ၎င်းမှာ တက္ကသီလာပင်ဖြစ်သည်။ ထိုနေရာသို့ ဝင်ရောက်ရာတွင် ပါကစ္စတန်ရူပီး ၅၀၀ ပေးရသည်။ မြန်မာငွေဖြင့်ဆိုလျှင် ငွေကျပ်၃၅၀၀ ကျော်ကျသင့်သည်။ တက္ကသီလာအတွင်းရှိ   အခြားသောစေတီများသို့ သွားရောက်လေ့လာလိုပါက   ဝင်ကြေးအနည်းငယ်စီထပ်မံပေးဆောင်ရပြန်သည်။

ဗုဒ္ဓဘာသာနှင့်သက်ဆိုင်ခြင်း မရှိသော်လည်း  သက်ဆိုင်ရာနိုင်ငံများအလိုက် အထွတ်အမြတ် ထားရာနေရာများ ရှိသေးသည်။ ဥပမာ အိန္ဒိယနိုင်ငံရှိ တပ်ချ်မဟာဆိုလျှင် အိန္ဒိယရူပီး ၇၄၀ ပေးရသည်။ မြန်မာငွေကျပ် ၁၉၀၀၀ နီးပါးကျသင့်နေသည်။

ရုရှားနိုင်ငံရှိ  ရုရှားတပ်မတော်ပင်မဘုရားကျောင်းကြီးသို့   ဝင်ကြေးအဖြစ် ရူဘယ် ၄၀၀ သတ်မှတ်ထားသည်။ မြန်မာငွေကျပ် ၉၀၀၀ နီးပါးဖြစ်သည်။ ပွဲတော်ရက်များ၊ ရုံးပိတ်ရက်များတွင် ဈေးနှုန်းပြောင်းလဲကောက်ခံတတ်သေးသည်။

ဗြိတိန်နိုင်ငံရှိ   ဝက်စမင်စတာဘုရားရှိခိုးကျောင်းသို့ဝင်ကြေးကို စတာလင်ပေါင် ၃၄ ပေါင်သတ်မှတ် ထားသည်ကို တွေ့ရ သည်။ မြန်မာငွေဖြင့်ဆိုပါက ငွေကျပ် ၉၀၀၀၀ ကျော်ကျသင့်နေသည်။

အထက်ပါ နေရာများအနက်  တချို့သည် ရှေးဟောင်းနေရာများဖြစ်ပြီး တချို့ဆိုလျှင်   ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာများပင်ဖြစ်သည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်သွားလျှင် ထိုနေရာကိုပြုပြင်ထိန်းသိမ်းမှုများလုပ်ဆောင်ရန်  ယူနက်စကိုမှ ထောက်ပံ့ငွေထိုက်သင့်သလောက်    ရရှိသည်။

သက်ဆိုင်ရာနိုင်ငံ၏ တောင်းခံမှုအပေါ်မူတည်သည်။ 

ယူနက်စကိုအနေဖြင့် သက်ဆိုင်ရာနိုင်ငံများ၏ တောင်းခံမှုအပေါ်မူတည်၍ တစ်နှစ်ကိုအမေရိကန်ဒေါ်လာ ၄ သန်း အထိကို ထိုနေရာများ ပြုပြင်ထိန်းသိမ်းဖို့အတွက် အသုံးပြုလျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

ထို့ကြောင့် မိမိပြောချင်သောအရာကို ခြုံငုံပြီးပြောရလျှင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံပယ်ရာ ဗုဒ္ဓဥယျာဉ်တော်အတွင်း  ဝင်ရောက်ခြင်းအတွက် ကောက်ခံရန်လျာထားသော ငွေကြေးပမာဏသည်  အရှေ့တောင်အာရှနိုင်ငံများ၊ အာရှစီးပွားရေး အင်အားကြီးနိုင်ငံများရှိ နိုင်ငံတကာမှထောက်ပံ့မှု ရရှိနေသော ဘုရားကျောင်းကန်များသို့ ဝင်ခွင့်နှင့်နှိုင်းယှဉ်ပါက မပြောပလောက်ပေ။ မပြောပလောက်ပေဆိုသည်ထက် သူတို့၏အစွန်းထွက်ပင်မရှိပေဟုပြောရလျှင်     ပိုမှန်မည်ထင်သည်။

လက်ရှိမှာ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် အတွင်းသို့ ဝင်ရောက်ခြင်းအတွက် နိုင်ငံသားတစ်ဦးလျှင် ငွေကျပ် ၁၀၀၀ နှင့် နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာ ကောက်ခံသွားရန်လျာထားသည်။ သံဃာတော်များ၊ သီလရှင်များ၊ ကျောင်းအစီအစဉ်ဖြင့်လာသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဝင်ကြေးပေးရန်မလိုပေ။    နိုင်ငံ့ဝန်ထမ်းကတ်ဖြင့် ဝင်ရောက်သူများကိုမူ သတ်မှတ်ဝင်ကြေး၏ ၅၀ ရာခိုင်နှုန်း လျှော့ချကောက်ခံသွားမည် ဖြစ်သည်။

ဒီနေရာမှာ ဘုရားကျောင်းကန်နေရာများကို ဝင်ကြေးကောက်ခံသည်ကိုသာ အများကမြင်ကြသည်။ ဘာကြောင့် ဝင်ကြေးကောက်ခံကြတာလဲ  ဆိုသည်ကိုတော့ အများစုကမမြင်ချင်ယောင်ဆောင်ကြသည်။

ထို့ကြောင့် အနည်းငယ်ဆိုရပေဦးမည်။

တည်ထားကိုးကွယ်သော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်တကွ ဗုဒ္ဓဥယျာဉ်တော်သည် အကြောင်း အမျိုးမျိုးကြောင့် ပျက်စီးမှုများရှိလာနိုင်သည်။ ထိုသို့ပျက်စီးမှုများ မဖြစ်ပေါ်လာစေရန် ထိန်းသိမ်းမှုများကို   လုပ်ကြရသည်။ ထိန်းသိမ်းမှုဆိုသည်ကား  လူအင်အား၊ ငွေအင်အား  နှစ်မျိုးစလုံး  စိုက်ထုတ်ရသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် မကြာသေးခင်ကမှတည်ထားပြီးသွားသော ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးဖြစ်ပြီး ကမ္ဘာပေါ်တွင်  ဉာဏ်တော်အမြင့်ဆုံးထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးပင်ဖြစ်သည်။ တစ်နည်းဆိုရလျှင် ကမ္ဘာ့တန်းဝင်အဆင့်ဖြစ်သည်။

ယင်းကဲ့သို့ ကမ္ဘာ့တန်းဝင် ဖြစ်သည်နှင့်အညီ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိန်းဝပ်စံပယ်ရာ   ဗုဒ္ဓဥယျာဉ်တော်ကိုလည်း အဆင့်အတန်းမီ    နေရာတစ်ခုအဖြစ် တည်ဆောက်ရသည်။

ထိုသို့တည်ဆောက်ရာတွင် မြန်မာတို့၏အနုပညာပန်း ၁၀ မျိုးကို အဆင့်အတန်းမီလက်ရာများဖြင့် ထည့်သွင်းခြယ်မှုန်းထားသည်။ ရင်ပြင်တော်တွင်သာမက ခင်းထားသမျှသောကြွေပြားများ  အားလုံးသည် သာမန်ကြွေပြားများမဟုတ်။ အပူခံကြွေပြားများဖြစ်သည်။

ဆိုလိုသည်က ကုန်ကျစရိတ်အလွန်ကြီးမားသည်။ စနစ်တကျထိန်းသိမ်းမှုမရှိပါက အချိန်တိုအတွင်း ပျက်စီးသွားလျှင် အင်မတန်နှမြောဖို့ကောင်းပေမည်။ မပျက်စီးအောင်ထိန်းသိမ်းနိုင်မှ တော်ကာကျမည်။

ထိုသို့မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဦးဆောင်ဘုရားဒါယကာဖြစ်သည့်   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ စေတနာရှင်၊ အလှူရှင်များ၏စုပေါင်းအားနှင့် တည်ထားခြင်းဖြစ်သည်။

ဦးဆောင်ဘုရားဒါယကာနှင့်တကွ စေတနာရှင်၊ အလှူရှင်များစုပေါင်းလှူဒါန်းထားသည့်   လှူဒါန်းငွေ အစုစုကို  ဗုဒ္ဓါဘိသေက အနေကဇာတင်သည့်နေ့မှာပင် စာရင်းပိတ်၍  ရေစက်ချလှူဒါန်းပြီးဖြစ်သည်ဟု နိုင်ငံတော်ဝန်ကြီးချုပ်က အတိအလင်းပြောထားပြီးဖြစ်သည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားရာမှာ ဗုဒ္ဓဘာသာအတွက်သာမက မြန်မာပြည်သူများ၊ ကမ္ဘာ့နိုင်ငံသူ နိုင်ငံသားများ အားလုံးအတွက်ပါ အကျိုးရှိစေမည့် ရည်ရွယ်ချက် (၄)ရပ်ဖြင့်တည်ထားခဲ့ခြင်း ဖြစ်သည်။

အားလုံးသိပြီး ဖြစ်လောက်ပေမယ့်လည်း ထိုရည်ရွယ်ချက်များကို ပြန်ပြောင်းပြောရမည်ဆိုလျှင် မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏   ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီး ငြိမ်းချမ်းသာယာမှုဖြစ်စေရန် တို့ပင်ဖြစ်သည်။

ဟိုတစ်နေ့က အင်တာနက်ပေါ်တက်လာသောဓာတ်ပုံတစ်ပုံတွင် ဗုဒ္ဓဥယျာဉ်တော်အတွင်း ဝင်ရောက်လေ့လာကြသူ တချို့က အမှိုက်များကို စည်းကမ်းတကျ မစွန့်ပစ်သောကြောင့် အမှိုက်များ ရှုပ်ပွနေသည်ကိုတွေ့ရသည်။

အမှိုက်များရှုပ်ပွနေသည့် အကြောင်းရင်းက အမှိုက်စွန့်ပစ်ရမည့်နေရာများ မသတ်မှတ် ပေးထားလို့လား ဆိုတော့လည်း မဟုတ်။ နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော အမှိုက်သိမ်းဆည်းမှု စံချိန်စံညွှန်းဖြစ်သည့် အမှိုက်ပုံးများကို အမှိုက်အမျိုးအစားအလိုက်ခွဲပြီး ထည့်နိုင်စေရန် စာများကပ်ပြီးပင် သတ်မှတ်ပေးထားသည်။ သို့သော် အမှိုက်များကား ရှုပ်ပွနေဆဲဖြစ်သည်။ ထိုအမှိုက်များကို ရှင်းမည့်သူကားမရှိ။

မိမိဆန္ဒအလျောက် အမှိုက်များကို ကောက်သိမ်းသွားသူလည်းမရှိ။   သန့်ရှင်းရေး ဝန်ထမ်းများကသာ သိမ်းဆည်းရသည်။

ထိုနေ့က မိုးအနည်းငယ်ရွာသည်ထင်သည်။ ရင်ပြင်တော်အပါအဝင် ကြွေပြားခင်းထားသောနေရာတချို့တွင်   ရွှံ့များ ဖြင့်ညစ်ပေနေသည်။ သန့်ရှင်းရေးဝန်ထမ်းများကသာ ရေစိုအဝတ်ဖြင့်ကြမ်းတိုက်ခြင်း အမှုကိုပြုရသည်။

ကျောက်စာရုံစေတီ  တစ်နေရာတွင် ကလေးများအစားအသောက်စားပြီး နံရံနှင့်မတော်တဆ လက်သုတ်ထားမိဟန်ရှိသည်။ နံရံတွင်လက်ရာထင်နေသည်။ ရေစိုအဝတ်ဖြင့်ဖျက်၍မရ။ ဆေးပြန်သုတ်ရတော့မည်။

ဗုဒ္ဓဥယျာဉ်အတွင်း လာရောက်သူများ စိတ်နှလုံးချမ်းမြေ့စေရန်၊ မျက်စိပသာဒဖြစ်စေရန် မြက်ခင်းများ စိုက်ပျိုးထားရှိသည်။

ထိုမြက်များက  တန်ဖိုးကြီးသောကြောင့် ပျက်စီးမှုများမဖြစ်ပေါ်စေရန် မြက်ခင်းပေါ်မနင်းရဟု    သတိပေးဆိုင်းဘုတ်များထောင်ထားသည်။

ဓာတ်ပုံရိုက်ချင်သည်ကိုသာ သိသည့်လူတချို့က  မြက်ခင်းပေါ်တက်နင်းပြီး ဓာတ်ပုံရိုက်သည်။ မြက်ခင်းပေါ်လမ်း လျှောက်သွားရင်း Tik Tok ဗီဒီယိုများ ရိုက်သွားသည်။  ဝန်ထမ်းများအလစ်တွင် ထိုကဲ့သို့လုပ်သွားဟန်တူသည်။

ထိုမြက်များပျက်စီးမှုအတွက် သူတို့ကိုပြန်လျော်ခိုင်းလို့မရ။ ထို့အတွက် မြက်များပျက်စီးသွားလျှင်    ပြန်လည်ပြုပြင် ထိန်းသိမ်းမှုလုပ်ရတော့မည်။

ထိုထိုသောကိစ္စများအတွက် ငွေကြေးလိုအပ်သည်။ ဝေယျာဝစ္စလုပ်ငန်းများအတွက် ခန့်အပ်ထားသည့် ဝန်ထမ်းအင်အား ၇၀၀ ကို   လုပ်ခလစာပေးရန်ငွေကြေးလိုအပ်သည်။ နောက်ပိုင်းတွင် ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ရန်လည်း ငွေကြေးလိုအပ်သည်။   မည်သို့သောလုပ်ဆောင်မှုများ အတွက်မဆို  ငွေကြေးလိုအပ်သည်ချည်းသာဖြစ်သည်။

ထိုလိုအပ်သောငွေကြေးကို ဗုဒ္ဓဥယျာဉ်တော်အတွင်း  ဝင်ရောက်သူများထံမှသာ ကောက်ခံရန် တာဝန်ရှိသူများက စီစဉ်ခြင်းဖြစ်သည်။ ထိုသို့ ကောက်ခံရရှိငွေကို ဗုဒ္ဓဥယျာဉ်တော်ကြီး ရေရှည်တည်တံ့ခိုင်မြဲ

စေရေးအတွက်သာ  အသုံးပြုမည်ဖြစ်သည်။

ထို့အတွက်ကြောင့် ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်းသို့ ဝင်ကြေးပေး၍ဝင်ရောက်ခြင်းသည် ဗုဒ္ဓဘာသာ တည်တံ့ခိုင်မြဲ အဓွန့်ရှည်စေရေးအတွက် တစ်ဖက်တစ်လမ်းမှ ပါရမီဖြည့်ခြင်းသာဖြစ်ပေသည်။ ယူတတ်လျှင် ကုသိုလ်တောင်ရသေးသည်ဟုဆိုနိုင်သည်။

ဗုဒ္ဓဘာသာ အဓွန့်ရှည်စွာတည်တံ့ခိုင်မြဲရေးသည် ဗုဒ္ဓဘာသာဝင်များအားလုံး၏ ဆုတောင်းတစ်ခုပင် ဖြစ်မည်ဟု ယုံကြည်ပါသည်။  ယင်းအတွက်ကြောင့်လည်း ဗုဒ္ဓဘာသာဝင်များက အလှူအတန်းများ ပြုပြီးသောအခါ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ဟုရွတ်ဆိုဆုတောင်းကြခြင်းဖြစ်သည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင်သူတော်ကောင်းအပေါင်းတို့ ပြုသမျှသော၊ ထည့်ဝင်လှူဒါန်းရသော ကောင်းမှုကုသိုလ် အစုစုတို့ကြောင့် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ဆိုသည့် တောင်းဆုပြည့်ဝမည်ဖြစ်ပြီး  မိမိတို့၏ ဗုဒ္ဓသာသနာတော်ကြီးလည်း အဓွန့်ရှည်တည်တံ့စေမည်ဖြစ်ကြောင်း   ရေးသားလိုက်ရပါသည်။   ။

မြတ်စေ