ဆန်ရေမေတ္တာ

ဆန်ရေမေတ္တာ

    ဆန်ရေမေတ္တာ ဆိုတာကတော့ သားသမီးက မိဘကို ပြန်လည် အလုပ်အကျွေးပြုတဲ့ မေတ္တာကိုဆိုလိုတာပါ။ သားသမီး ကျင့်ဝတ်ငါးပါးထဲမှာ ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်  ဝတ်ငါးသွယ်၊  ကျင့်ဖွယ်သားတို့တာဆိုတဲ့ အတိုင်း မိဘကို နေ့စဉ်လုပ်ကျွေးမယ်။ မိဘတို့ရဲ့ကိစ္စအ၀၀ကို ဆောင်ရွက်ခြင်း၊ မိဘစကားကို နားထောင်ပြီး မိဘအမွေကို ခံထိုက်ခြင်း၊ မိဘတို့ကွယ်လွန်တဲ့အခါ မိဘတို့အတွက်ရည်စူးပြီး   ကုသိုလ်ပြုလုပ်ပေးခြင်း၊ မိဘတို့ရဲ့အမျိုးအနွယ်၊ ဘာသာ၊ သာသနာကို စောင့်ရှောက် ထိန်းသိမ်းခြင်းတို့ကို ဆိုလိုခြင်းဖြစ်ပါတယ်။

ဆန်ရေမေတ္တာနဲ့ပတ်သက်ပြီး အခုလို မျှဝေလိုက်ပါတယ်။ မိသားစုတစ်စုမှာ အသက် ၇၃ နှစ်အရွယ်အမေကြီး တစ်ဦးရှိပါတယ်။ သူက ဆီးချိုရောဂါကို နှစ်ပေါင်း ၂၀ ကျော် ခံစားနေရသူဖြစ်ပြီး နောက်ဆုံးမှာ နာတာရှည်ကျောက်ကပ် ဝေဒနာသည်ဖြစ်သွားတယ်။ ဒါကြောင့် တစ်ပတ်ကိုသုံးကြိမ် ကျောက်ကပ် ဆေးရတယ်။ ဒီအမေကြီးက ကျောက်ကပ်အစားထိုး ကုသခြင်းကို ခံယူလိုတယ်။ သူကိုယ်တိုင်လည်း ဆရာဝန်ဖြစ်တဲ့အတွက် ဒီလိုအသက်အရွယ်မှာ ခွဲစိတ်ရင် ခံနိုင်ရည်ရှိဖို့ စိတ်ဓာတ်ပြင်းပြရမယ် ဆိုတာကိုလည်း သူသိတယ်။

ဒီအမေကြီးမှာ   သားတစ်ယောက်၊   သမီးတစ်ယောက်ရှိပြီး သားဖြစ်သူကလည်း ကျောက်ကပ်အစားထိုး လူနာတွေကို  ခွဲစိတ်ပေးတဲ့  ခွဲစိတ်ဆရာဝန်ကြီး တစ်ဦးဖြစ်ပါတယ်။ သူ့အမေကို တခြားကျောက်ကပ် အစားထိုး လူနာတွေနည်းတူ ကျောက်ကပ်အစားထိုး ကုသလိုတယ်။ ခွဲစိတ်တာ အောင်အောင်မြင်မြင် ဖြစ်စေလိုပါတယ်။ ဒါပေမဲ့ သားဖြစ်သူမှာ ဆီးချိုရောဂါရှိတဲ့ အတွက်   ကျောက်ကပ်လှူလို့ မရပါဘူး။   ဒီတော့ အသက် ၄၀ အရွယ် သမီးဖြစ်သူက သွေးအုပ်စုလည်းတူ၊  ဆီးချိုရောဂါလည်းမရှိ၊  သွေးတိုးရောဂါလည်း မရှိတော့ ကျောက်ကပ်လှူခွင့် ရသွားပါတယ်။

ကျွန်မတို့ဆေးရုံမှာ  ကျောက်ကပ် အစားထိုးတဲ့ ကိစ္စအတွက် အဓိကအဆင့်ကြီး နှစ်ခုရှိပါတယ်။ ပထမအဆင့်က ကျင့်ဝတ်ကော်မတီဖြစ်ပြီး ဒီကော်မတီက ကျင့်ဝတ်ပိုင်းဆိုင်ရာ အချက်အလက်တွေကို ချင့်ချိန်စဉ်းစားထားပြီးမှ    ကျောက်ကပ်အစားထိုး ခွင့်ပြုပါတယ်။

ဒုတိယအဆင့်က ဆေးပညာဆိုင်ရာ ကြီးကြပ်ရေး ကော်မတီဖြစ်ပါတယ်။ ဒီကော်မတီကတော့ ကျောက်ကပ်အလှူရှင်ရဲ့ ကျန်းမာရေး အနေအထားက ကျောက်ကပ်လှူဖို့ သင့်လျော်ရဲ့လားဆိုတာ ဆုံးဖြတ်ပါတယ်။

တစ်ဖက်မှာလည်း ကျောက်ကပ်လက်ခံမယ့် လူနာက ခွဲစိတ်တဲ့ဒဏ်၊  မေ့ဆေးဒဏ်ခံနိုင်ရဲ့လား။  ကျောက်ကပ်ကို လက်ခံပြီးတဲ့အခါ နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်မလဲ ဆိုတာမျိုးတွေကို ထည့်စဉ်းစားရပါတယ်။

နေ့စဉ် စားသောက်လှုပ်ရှားနိုင်မှု အခြေအနေ (Quality of Life)ပိုကောင်းလာနိုင်မလား  စတာတွေကိုလည်း ဆုံးဖြတ်ရပါတယ်။ ခုနကပြောတဲ့ ကျောက်ကပ် ခွဲစိတ်ဆရာဝန်ကြီးရဲ့ အမေကိစ္စမှာတော့ ကျွန်မတို့က အမေကြီးရဲ့အသက်က ၇၀ ကျော်ပြီဆိုတော့ နှလုံးသွေးကြောကျဉ်းတာ၊ ဦးနှောက်သွေးကြော ကျဉ်းတာတွေကြောင့် အန္တရာယ်ဖြစ်လာမှာကို စိတ်ပူပါတယ်။ ပြောရမယ်ဆိုရင် ကျောက်ကပ်ဝေဒနာ သည်တွေရဲ့ နှလုံးသွေးကြော ရောဂါဖြစ်နှုန်း၊ လေဖြတ်နှုန်းတွေက သူတို့နဲ့ သက်တူရွယ်တူတွေထက် ၁၀ ဆပိုပါတယ်။အဲဒါကြောင့့််  စိတ်ပူရတာပါ။  ဆီးချိုရောဂါ အခံရှိတော့ ဒီရောဂါတွေဖြစ်နှုန်းက ဆီးချိုရောဂါမရှိသူတွေထက် ပိုများပါတယ်။

နောက်ထပ်စိတ်ပူရမယ့် အချက်ကတော့ ကျောက်ကပ်လှူမယ့် သမီးအကြောင်းပါပဲ။   သမီးဖြစ်သူက အသက် ၄၀ ကျော်ပြီး သူ့မှာ အထက်တန်းကျောင်းသား  သားတစ်ယောက်ရှိပါတယ်။  ကျွန်မတို့စိတ်ပူတာက သမီးဖြစ်သူက လက်ရှိမှာ ကျန်းမာနေပေမယ့် ကျောက်ကပ်လှူပြီး နောက်နှစ်ပေါင်း ၂၀ မှာ ကျောက်ကပ်များ အားနည်းလာမလား ဆိုတာကို ထည့်စဉ်းစားမိပါတယ်။

ကျောက်ကပ်ကိုလက်ခံမယ့် အမေကြီးက အသက် ၇၃ နှစ်ရှိပြီဆိုတော့ ကျွန်မတို့နိုင်ငံရဲ့ လူ့သက်တမ်းနဲ့ဆိုရင် အမေကြီးက ကံထူးသူထဲမှာ ပါနေပြီ။ ဒါကြောင့် ကျွန်မက အမေကြီးကို ကျောက်ကပ်ဆေးတဲ့ ကိစ္စကိုပဲ ဆက်လုပ်စေချင်တာပါ။ သမီးဖြစ်သူရဲ့ ကျောက်ကပ်ကို မယူစေလိုပါဘူး။ သမီးကို စိတ်ပူတာပါ။

ကျွန်မတို့ဆေးရုံမှာ ကျောက်ကပ်အစားထိုး ကုသမှုကို ၁၉၉၅ ခုနှစ်ကတည်းက စတင်ခဲ့တာပါ။ အခုဆိုရင် အစားထိုးတဲ့ အတွဲပေါင်း ၃၀၀ ရှိပါပြီ။ အစပိုင်းမှာ အင်္ဂလန်နိုင်ငံက ဆရာဝန်ကြီးတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းမှာ စင်ကာပူနိုင်ငံက ဆရာဝန်ကြီးတွေနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ်လောက်ကစပြီး နိုင်ငံခြားဆရာဝန် အကူအညီမပါဘဲ  မြန်မာနိုင်ငံက  ဆရာဝန်တွေနဲ့ပဲ ကျောက်ကပ်အစားထိုးမှု  ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်မတို့ရဲ့ ကျောက်ကပ်အစားထိုးမှု ပြုလုပ်တဲ့အဖွဲ့အတွက် ဂုဏ်ယူပါတယ်။ နိုင်ငံတော်အတွက် အားတက် ဂုဏ်ယူဖွယ်ဖြစ်ပါတယ်။

ဒီကိစ္စကို ဒီသားအမိသုံးဦးကို ဖွင့်ပြောပြီး တိုင်ပင်ပါတယ်။ သမီးဖြစ်သူက သူ့ရဲ့နောင်ရေးကို လုံးဝစိတ်မပူပါဘူး။ အမေဖြစ်သူကို ကျောက်ကပ် လှူမယ်လို့ ပြောပါတယ်။ အမေဖြစ်သူကလည်း သမီးဖြစ်သူရဲ့ ကျောက်ကပ်ကို လက်ခံပါတယ်။ သမီးဖြစ်သူရဲ့ဆုံးဖြတ်ချက်ကို ကြည့်လိုက်ရင် အမေနဲ့ သမီးရဲ့ အပြန်အလှန်ထားတဲ့ ဆန်ရေမေတ္တာကို မြင်ရပါတယ်။

ကျွန်မတို့  ကျောက်ကပ်အစားထိုးမှု ပြုလုပ်တဲ့အဖွဲ့ တစ်ခုလုံး (ဆီးကျောက်ကပ်ခွဲစိတ် ဆရာဝန်၊ မေ့ဆေးဆရာဝန်၊ ဆီးကျောက်ကပ်သမားတော်၊  ရောဂါဗေဒ ဆရာဝန်၊ ဓာတ်မှန်ဆရာဝန်)က ရင်တမမနဲ့ အမေကြီးရဲ့ ခွဲစိတ်မှုကို ဆောင်ရွက်ခဲ့ပါတယ်။

အချုပ်အားဖြင့်ဆိုရရင် မိဘနဲ့သားသမီးကြားက တစ်ဦးအပေါ်တစ်ဦးထားတဲ့ မေတ္တာဓာတ်တွေကြောင့် ခွဲစိတ်မှုအောင်မြင်ခဲ့ပြီး သမီးဖြစ်သူလည်း ကျန်းမာရေး ကောင်းမွန်တဲ့အပြင် အမေကြီးလည်း ကျောက်ကပ်အသစ်နဲ့ ပိုပြီးလန်းဆန်း သွက်လက်နေတာကတော့ ဆန်ရေမေတ္တာရဲ့ရလဒ်ပဲဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။  ။