မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ ခွဲစိတ်ကုသမှု ခံယူရသည့်အတွက် နိုင်ငံတကာ ပွဲစဉ်များပြီးမှသာ မန်စီးတီးအသင်းကို တာဝန်ယူ ကိုင်တွယ်နိုင်မည်
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည် ခါးခွဲစိတ် ကုသမှုခံယူရသည့်အတွက် အသင်းကို နိုင်ငံတကာပွဲစဉ်များ ပြီးဆုံးချိန်မှသာ ပြန်လည်တာဝန်ယူ ကိုင်တွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
နည်းပြဂွါဒီယိုလာသည် ရုတ်တရက်ခါးနာသည့် ဝေဒနာခံစားခဲ့ရသည့်အတွက် စပိန်နိုင်ငံ ဘာစီလိုနာ မြို့သို့သွားရောက်ကာ ဆေးစစ်မှုများ ပြုလုပ်ရာတွင် ဝေဒနာမှာ ခွဲစိတ်ကုသမှု ခံယူရမည့် အခြေအနေတွင်ရှိနေ၍ ခွဲစိတ်ကုသမှုခံယူခဲ့ရာ အောင်မြင်ခဲ့သော်လည်း ပြန်လည်ကောင်းမွန်ရန် အနားယူရမည်ဖြစ်သောကြောင့် အသင်းနှင့် ပြန်လည်ပူးပေါင်းခြင်း မရှိသေးဘဲ ဘာစီလိုနာမြို့၌သာ ဆက်လက်အနားယူလျက် ရှိသည်။
နည်းပြဂွါဒီယိုလာ အနေဖြင့် မန်စီးတီးအသင်း၏ သြဂုတ် ၂၇ ရက်တွင် ကစားမည့် ရှက်ဖီးလ်ယူနိုက်တက် အသင်းနှင့် အဝေးကွင်းပွဲစဉ်၊ စက်တင်ဘာ ၂ ရက်တွင် ကစားမည့် ဖူလ်ဟမ်အသင်းနှင့် အိမ်ကွင်းပွဲစဉ် တို့ကို လွဲချော်မည်ဖြစ်ပြီး နိုင်ငံတကာ ပွဲစဉ်များအပြီး စက်တင်ဘာ ၁၆ ရက်တွင် ကစားမည့် ဝက်စ်ဟမ်း အသင်းနှင့် အဝေးကွင်း ပွဲစဉ်မှသာ ပြန်လည်ကိုင်တွယ်နိုင်မည်ဖြစ်သည်။
မန်စီးတီးအသင်းကို နည်းပြဂွါဒီယိုလာ အနားယူနေသည့်ကာလ ရှက်ဖီးလ်ယူနိုက်တက်၊ ဖူလ်ဟမ်အသင်းတို့နှင့် ပွဲစဉ်ကို လက်ထောက်နည်းပြဖြစ်သည့် ဟွမ်မာလီလိုက တာဝန်ယူ ကိုင်တွယ်မည်ဖြစ်ကြောင်း သိရသည်။