ယခုနှစ်အတွင်း ဝင်ငွေအကောင်းဆုံး ဘောလုံးကစားသမား စာရင်းတွင် တိုက်စစ်မှူး စီရော်နယ်ဒိုနှင့် ဘင်ဇီမာတို့ ပူးတွဲရပ်တည်နေ
ယခုနှစ်အတွင်း ဝင်ငွေအကောင်းဆုံး ကစားသမား စာရင်းတွင် အယ်နာဆာအသင်း တိုက်စစ်မှူး စီရော် နယ်ဒိုနှင့် အယ်အီတီဟက်အသင်း တိုက်စစ်မှူး ဘင်ဇီမာတို့က ထိပ်ဆုံး၌ ပူးတွဲရပ်တည်နေကြောင်း သိရသည်။
စီရော်နယ်ဒိုသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက မန်ယူအသင်းနှင့် စာချုပ်ဖျက်သိမ်းကာ လမ်းခွဲပြီးနောက် ဆော်ဒီထိပ်တန်း ကလပ်အသင်းဖြစ်သည့် အယ်နာဆာအသင်းသို့ စံချိန်တင်လုပ်ခလစာ တစ်ရပ်ဖြင့် ပြောင်းရွှေ့ကစားခဲ့ပြီးနောက် ဝင်ငွေအကောင်းဆုံး ကစားသမားစာရင်းတွင် ထိပ်ဆုံးမှ ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် အယ်နာဆာအသင်းတွင် တစ်နှစ်လုပ်ခ ယူရို သန်း ၂၀၀ ရရှိသူဖြစ်သည်။
အလားတူ ဘင်ဇီမာသည်လည်း လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင် ရီးယဲလ်မက်ဒရစ် အသင်းမှ ဆော်ဒီကလပ် အယ်အီတီဟက်အသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် စီရော်နယ်ဒိုနှင့်တန်းတူ တစ်နှစ်လုပ်ခယူရို သန်း ၂၀၀ ရရှိသည့်အတွက် ဝင်ငွေအကောင်းဆုံး ကစားသမားအဖြစ် စီရော်နယ်ဒိုနှင့် ပူးတွဲရပ်တည်နေခြင်း ဖြစ်သည်။
ယခုနှစ်အတွင်း ဝင်ငွေအကောင်းဆုံး ကစားသမားစာရင်းတွင် စီရော်နယ်ဒိုနှင့် ဘင်ဇီမာတို့နောက်တွင် အယ်အီတီဟက်အသင်းမှ ကန်တီက တစ်နှစ်လုပ်ခ ယူရို သန်း ၁၀၀၊ အယ်ဟီလယ်အသင်းမှ နေမာက ယူရို သန်း ၁၀၀၊ ပီအက်စ်ဂျီအသင်းမှ အမ်ဘတ်ပီက ယူရို သန်း ၇၀၊ အင်တာမီယာမီအသင်းမှ မက်ဆီက ယူရို ၄၅ သန်း၊ အယ်နာဆာအသင်းမှ မာနေးက ယူရိုသန်း ၄၀၊ အယ်အီတီဖက်အသင်းမှ ဟတ်ဒါဆန်က ယူရို သန်း ၄၀၊ အယ်အာလီအသင်းမှ မာရက်ဇ်က ယူရို ၃၅ သန်းနှင့် အယ်ဟီလယ်အသင်းမှ ကူလီဘာလေက ယူရို သန်း ၃၀ ဖြင့် အသီးသီး ရပ်တည်လျက် ရှိကြောင်း သိရသည်။