သမုဒ္ဒဂီရိမြို့၊ မိုခါမုန်တိုင်းနှင့် ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်
အစွန်းရောက် ရာသီဥတု
ကမ္ဘာကြီးအနှံ့တွင် ရာသီဥတုဖောက်ပြန်မှုများကြောင့် ပြင်းထန်သောမုန်တိုင်းကြီးများ နှစ်စဉ် နှစ်တိုင်းဖြစ်ပေါ် လျက်ရှိပေသည်။
ကမ္ဘာ့ရာသီဥတုစနစ်ကြီးတစ်ခုလုံး ပြောင်းလဲနေခြင်းဖြစ်ပါသည်။ အချို့နေရာများတွင် မိုးရွာသည့် နေ့ရက်များပိုမိုတိုးလာ၏။ အချို့နေရာများတွင်မူ မိုးခေါင်သည့်ကာလ ပိုမိုရှည်လျားလာ၏။ အပူလှိုင်း (El Nino) တွေဖြစ်ပေါ်လာသည်။ အအေးလှိုင်း (La Nina) တွေဖြစ်ပေါ်လာသည်။ အပူလှိုင်းနှင့် အအေးလှိုင်း တို့ကား အလွန်အန္တရာယ်ရှိသော သဘာဝဖြစ်စဉ်များပင်ဖြစ်ပါသည်။ ထိုဖြစ်စဉ် နှစ်ခုလုံးက ကမ္ဘာ့ပတ်ဝန်းကျင်ကို ဆိုးကျိုးများစွာ သက်ရောက်စေခဲ့သည်။
ဘင်္ဂလားပင်လယ်အော်တွင် ဆိုင်ကလုန်းမုန်တိုင်း တစ်နှစ်လျှင် ပျမ်းမျှ ၁၀ ကြိမ် ဖြစ်ပေါ်တတ်သည့်အနက် ၆ ဒသမ ၈ ရာခိုင်နှုန်းသည်သာ မြန်မာနိုင်ငံသို့ ဝင်ရောက်တတ်ပါသည်။ သို့သော် ၁၉၉၀ ပြည့်နှစ်မှစ၍ မြန်မာနိုင်ငံသို့ မုန်တိုင်းဝင်သည့်အကြိမ်အရေအတွက် တိုးလာနေကြောင်း မှတ်တမ်းများအရတွေ့ရပါသည်။
ထိုဖြစ်စဉ်များကြောင့် ပင်လယ်ကမ်းရိုးတန်းဒေသများဖြစ်သည့် ရခိုင်၊ ဧရာဝတီနှင့် တနင်္သာရီကမ်းရိုးတန်း ဒေသများသည် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု၊ မုန်တိုင်းဒီရေဝင်ရောက်မှုနှင့် လေပြင်းတိုက်ခတ်မိုးကြီးမှုတို့ကို တိုး၍ခံစားရလေသည်။
သမုဒ္ဒဂီရိမြို့
စာရေးသူသည် ၁၉၉၈ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိတိုင်အောင် ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး စသည့် ရှေးရခိုင်မင်းဆက်တို့၏ဒေသ စစ်တွေမြို့တွင် ဆယ်စုနှစ်တစ်စုနီးပါးခန့် တာဝန် ထမ်းဆောင်ခဲ့ရသည်။
ကစ္စပနဒီ ခေါ် ကုလားတန်မြစ်သည် ရခိုင်တို့၏ ပင်မသွေးကြောလည်းဖြစ်၊ ရခိုင်ယဉ်ကျေးမှုတို့ ဖွံ့ဖြိုးစည်ပင်ဖြတ်သန်းရာ အရပ်ဌာနလည်းဖြစ်၏။ ထိုကုလားတန်မြစ်၏မြစ်ဝပိုင်း မြစ်ရေစီးရာ လက်ယာဘက်ကမ်းတွင် စစ်တွေမြို့တည်ရှိသည်။ ပင်လယ်သမုဒ္ဒရာအနီး၌ မြို့တည်ခဲ့၍ ရှေးဟောင်းစာပေများတွင် သမုဒ္ဒဂီရိမြို့ (စစ်တွေ) ဟုလည်းတွေ့ရသည်။ စစ်တွေမြို့တည်ရှိရာကျွန်းတွင် တောင်ဟူ၍မရှိ။ တောဟူ၍မရှိ။ ရခိုင်ပြည်နယ်တွင် တော၊ တောင် မရှိသည့်မြို့ဟူ၍ စစ်တွေတစ်ခုတည်းသာရှိပါသည်။
စစ်တွေကျွန်းသည် အရှေ့ဘက်တွင်ကုလားတန်မြစ်ဝ၊ တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ အနောက်ဘက်တွင် မယူမြစ်ဝ၊ မြောက်ဘက်တွင် မြစ်ဝနှစ်ခုကိုဆက်သွယ်ပေးသော ချောင်းများရှိကြသည်။ ရေပတ်လည်ဝိုင်းနေသည့် ကျွန်း၏အကျယ်အဝန်းမှာ ၈၉ ဒသမ ၄၂ စတုရန်းမိုင်ခန့်ရှိသည်။ ကျွန်း၏အကျယ်ဆုံးနေရာတွင် ၁၄ မိုင်၊ အကျဉ်းဆုံးနေရာတွင် ၂ မိုင်မျှရှိသည်။ စတုရန်း မကျတကျပုံဖြစ်ပြီး အနောက်မြောက်မှအရှေ့တောင်သို့သွယ်တန်းနေသည်။ ပင်လယ်ကမ်းခြေအရှည်မှာ ၁၂ မိုင်မျှရှိလေသည်။
မုန်တိုင်းမြင်ကွင်း
စစ်တွေတွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က စာရေးသူနေထိုင်သည့်အဆောက်အအုံနှင့် ပင်လယ်ကမ်းခြေမှာ ၃ မိုင်ခန့်သာဝေးသည်။ ထို့ကြောင့် ပင်လယ်လှိုင်းသံတဝုန်းဝုန်းသည် ညစဉ်အိပ်ရာဝင် ဂီတသံစဉ်များဖြစ်ခဲ့၏။ ထို့ပြင် နှစ်စဉ်ကြုံနေကျ မုန်တိုင်းကြီးငယ်တို့နှင့်လည်း မိတ်ဆွေဖြစ်ခဲ့ပြန်၏။ မုန်တိုင်းအများစုမှာ မိုးဦးနှင့်မိုးနှောင်း ကာလများတွင်သာ ဖြစ်ပေါ်တတ်ပြီး တစ်ခါတစ်ရံတွင်သာ မိုးလယ်ကာလများတွင် တိုက်ခတ်လေ့ရှိပါသည်။ မုန်တိုင်းကာလများကို တုန်လှုပ်စွာ၊ ကြံ့ခိုင်စွာ ကိုယ်တိုင်ကြုံတွေ့ဖြတ်သန်း ခဲ့ရဖူးပါသည်။ မိုင် ၂၀၊ ၃၀ လေတိုက်နှုန်းများသည် စစ်တွေ၏လေပြည်လေညင်းဖြစ်သည်။ မိုင် ၅၀၊ ၆၀ လေတိုက်နှုန်းများက စစ်တွေဒေသသားတို့အတွက် စာမဖွဲ့လောက်ခဲ့။ သို့သော် အင်အားပြင်းသည့် ဆိုင်ကလုန်းမုန်တိုင်း ကိုမန်၊ မာလာ၊ ဂီရိကဲ့သို့မုန်တိုင်းများ၊ လေဆင်နှာမောင်းများ၏ လက်ခမောင်းခတ် စိန်ခေါ်ခြင်းကိုတော့ ကြံ့ကြံ့ခံခဲ့ရပေသည်။
လေပြင်းမုန်တိုင်းဝင်ရောက်ချိန်တိုင်း တောနှင့် တောင်မရှိဘဲ ပင်လယ်ပြင်များ၊ လယ်ကွင်းများ ကွင်းလဟာပြင်များသာ ဝန်းရံတည်ရှိနေသော စစ်တွေမြို့ကြီးသည် မုန်တိုင်းဒဏ်ကို လည်စင်းခံရ တော့သည်။
သစ်ပင်၊ သစ်ကိုင်း၊ သစ်ရွက်၊ အုန်းပင်၊ အုန်းရွက်၊ အုန်းလက်၊ ထရံ၊ သွပ်မိုး၊ ဓနိသက်ငယ်တို့ အမှိုက်သရိုက်များနှင့်အတူ လေထဲမှာ စက္ကူချပ်သဖွယ် လွင့်စဉ်ဝဲပျံနေကြ၏။ အိမ်ခေါင်အစုံလိုက်၊ အတွဲလိုက် ကျွတ်ထွက်ကုန်၏။ အဆောက်အအုံနံရံများ ပရမ်းပတာ ကျွမ်းထိုးမှောက်ခုံပြိုကျပျက်စီး၏။ မှန်တံခါးတွေ ခွမ်းခနဲခွမ်းခနဲ ပွင့်ထွက်ကုန်၏။ အမိုးသာမက ဒိုင်းမြားတို့သည်ပင်လျှင် လွင့်ဝဲပြီး မြေပြင်၌ ဓား၊ လှံသဖွယ် အရှိန်ဖြင့် ဒုတ်ဒုတ်ထိစိုက်ဝင်ကြကုန်၏။ ခြံစည်းရိုးများ ဖရိုဖရဲ တဝုန်းဝုန်းနှင့်ပြိုလဲကုန်၏။ ဓာတ်တိုင်၊ ဓာတ်ကြိုးများကား သစ်ပင်သစ်ကိုင်းများပိပြီး အရုပ်ကြိုးပြတ်ဖြစ်ကုန်၏။ ငှက်များ၊ တိရစ္ဆာန်များ တုံးလုံးပက်လက်သေကြ၏။ မုန်တိုင်းအလွန် နောက်ဆက်တွဲ လေပြင်းများကိုလည်း တစ်ဖန်ကြောက်ကြရပြန်၏။
မုန်တိုင်းတို့သည် အချိန်ပိုင်းအတွင်း နာရီပိုင်းအတွင်းသာ တိုက်ခတ်သွားခဲ့သော်လည်း မုန်တိုင်းစဲ ငြိမ်သက်ပြီးနောက် တွေ့မြင်ရသည့်မြင်ကွင်းများကား မယုံနိုင်စရာကောင်းလောက်အောင် အလွန်ဆိုးရွား အကျည်းတန်လွန်းလှပေစွ။
မိုခါမုန်တိုင်း
ယခုတစ်ကြိမ်တွင်လည်း သမုဒ္ဒဂီရိမြို့သည် ဆိုင်ကလုန်းမုန်တိုင်းမိုခါ (MOCHA) နှင့် ထပ်မံ ကြုံတွေ့ ရင်ဆိုင်ရပြန်လေပြီ။
သဘာဝဘေးဒဏ်သည်ကား မည်သည့်အချိန် ဖြစ်ပေါ်လာမည်ကို ကြိုတင်သိရှိရန်ခက်ခဲပြီး မဖြစ်ပွားမီရက် အနည်းငယ်အလိုမှပင် မည်ကဲ့သို့ဖြစ်ပေါ်လာနိုင်သည်ကို ခန့်မှန်းသိရှိနိုင်ပေသည်။
ယခင်ဖြစ်ပေါ်ခဲ့ ကြုံဖူးခဲ့သော မုန်တိုင်းအတွေ့အကြုံများကြောင့် နိုင်ငံတော်သည် ယခုတစ်ကြိမ်တွင် ကြိုတင်ပြင်ဆင်မှုများ အားကောင်းခဲ့ပါသည်။ မုန်တိုင်းဝင်ရောက်နိုင်သည့် နေ့ရက်၊ အချိန်တို့ကို ကြိုတင်ခန့်မှန်းကြသည်။ သဘာဝဘေးအန္တရာယ်ကို အန်တုမည့်ပရောဂျက် (Projects) များရေးဆွဲ နိုင်ခဲ့သည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အရေးပေါ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အချိန်မီကျင်းပခဲ့သည်။ အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် တိုင်းဒေသကြီးဝန်ကြီးချုပ်များကလည်း Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။
ကာကွယ်တားဆီးခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်းနဲ့ ပြန်လည်ထူထောင်ခြင်းတို့သည် အရေးကြီးသဖြင့် ဒေသခံများအနေနှင့် သဘာဝဘေးအန္တရာယ်ကို ကြိုတင်မြော်တွေး ပြင်ဆင်ကြရန်၊ ကာကွယ်မှုနဲ့ အနိုင်ယူသွားကြရန် လိုအပ်ကြောင်း နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ခဲ့ပါသည်။ ထိုအစည်းအဝေး လမ်းညွှန်ချက်များနှင့်အညီ မုန်တိုင်းနှင့်ပတ်သက်၍ အပိုင်း ၃ ပိုင်းဖြင့် ရင်ဆိုင်ဖြေရှင်းရန် စီစဉ်ဆောင်ရွက်ခဲ့ကြသည်။ ပထမပိုင်းမှာ ကြိုတင်ပြင်ဆင်ခြင်း၊ ဒုတိယပိုင်းမှာကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် တတိယပိုင်းမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ဖြစ်သည်။
စာရေးသူသည် ရခိုင်ဒေသတွင် အချိန်အတော်ကြာနေထိုင်ခဲ့ဖူးသဖြင့် ဒေသစွဲသံယောဇဉ်များရှိပါသည်။ ထို့ကြောင့် စိုးရိမ်စိတ်ဖြင့် စစ်တွေရှိ သူငယ်ချင်း၊ ရောင်းရင်းမိတ်ဆွေများထံ ဖုန်းဆက်အားပေးရင်း ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းမတိုင်မီကြိုတင်ပြင်ဆင်မှု အားကောင်းမှုများအကြောင်း ကောင်းစွာ သိရှိခဲ့ရပါသည်။ ကြိုတင်ပြင်ဆင်မှုမရှိလျှင် နှစ်ခါရှုံးရသည်ဟု မှတ်သားဖူးပါသည်။
မုန်တိုင်း၏ထိုးနှက်ဖျက်ဆီးမှု
ဤသို့ဖြင့် ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့ ၁၃း ၃၀ နာရီအချိန်ခန့်မှစတင်၍ မိုခါမုန်တိုင်းသည် စစ်တွေမြို့ကိုဝင်ရောက်ပြီး ကြမ်းတမ်းစွာထိုးနှက် မွှေနှောက်ဖျက်ဆီးပါတော့သည်။ ထိုအချိန်မှစ၍ မိတ်ဆွေများနှင့်လည်း ဖုန်းအဆက်အသွယ် ပြတ်တောက်သွားတော့သည်။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြားနှင့် ရေဒီယိုသတင်းများကို နားစွင့်ရသည်။ နေ့စဉ်သတင်းစာများကို မျက်ခြည်မပြတ်ဖတ်ရသည်။ မိုခါဆိုင်ကလုန်းမုန်တိုင်း ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ချိန်တွင် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၂၀ ကျော်အထိရှိခဲ့သည်ဟုဆို၏။ အင်အားအလွန်ပြင်းထန်သလို အဖျက်စွမ်းအားလည်း အလွန်ကြီးမားခဲ့၏။ မုန်တိုင်းဗဟိုချက်သည် စစ်တွေအနီးမှဖြတ်သန်းခဲ့ခြင်းကြောင့် စစ်တွေဒေသသည် အပျက်အစီးပမာဏ လွန်စွာများပြားခဲ့ရသည်။ အဆောက်အအုံ၊ အိမ်ရာ၊ လမ်းတံတား၊ လျှပ်စစ်နှင့် ဆက်သွယ်ရေး၊ သာသနိကအဆောက်အအုံများ၊ စေတီပုထိုးများ၊ သစ်ပင်များ အတော်များများ ပျက်စီးခဲ့ရလေသည်။
စစ်တွေမြို့ပေါ်ရှိ အဆောက်အအုံခေါင်မိုးများ ၉၀ ရာခိုင်နှုန်းခန့် ဆုံးရှုံးခဲ့ကြောင်းလည်းသိရသည်။ ဆက်သွယ်ရေးအော်ပရေတာ မိုဘိုင်းစခန်း ၁၂၀၀ ကျော်အနက် ၉၀၀ ကျော် ပျက်စီးသွားခဲ့သဖြင့် အဆက်အသွယ်များပြတ်တောက်ခဲ့ရပါသည်။
မုန်တိုင်းကြောင့် ပြည်နယ်အတွင်း အသက်မွေးဝမ်းကျောင်းဆိုင်ရာ စိုက်ပျိုးရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ ငါးခြောက်လုပ်ငန်းများ ပျက်စီးကြရသည်။ သောက်သုံးရေ အခက်အခဲ၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများပါ ထိခိုက်ခဲ့ပါသည်။
ထို့ပြင် ပေါက်တော၊ မြေပုံ၊ မြောက်ဦး၊ ရသေ့တောင်၊ မောင်တော စသောမြို့နယ်များအတွင်း ဆည်နှင့်တာတမံ အချို့ပျက်စီးသွားခဲ့သည်ဟုလည်း သိရပါသည်။
သို့သော် လူထိခိုက်ဆုံးရှုံးမှုမှာ မုန်တိုင်း၏ ပမာဏနှင့်နှိုင်းယှဉ်ပါက အနည်းဆုံးသာဖြစ်ခဲ့သည်။
မုန်တိုင်းအန္တရာယ်တွေ့ကြုံချိန်တွင် နိုင်ငံတော်အစိုးရ၊ ပြည်သူလူထုနှင့်တပ်မတော် ဟန်ချက်ညီညီကြိုတင် ပြင်ဆင်နိုင်ခဲ့မှုကြောင့် မုန်တိုင်းတိုက်ခတ်မှု ပြင်းထန်သော်လည်း တန်ဖိုးရှိသောလူ့အသက်များစွာ သေဆုံးမှုမဖြစ်ပေါ်ခဲ့ဘဲ ပျက်စီးဆုံးရှုံးမှုများသာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ဤသည်မှာ မုန်တိုင်းမဝင်မီကာလက နိုင်ငံတော်အဆင့် ဆောင်ရွက်ခဲ့သည့် ကြိုတင်ပြင်ဆင်မှု၊ အချိန်နှင့်တစ်ပြေးညီ သတိပေးမှု၊ အသိပညာပေးမှုများနှင့် ဒေသခံပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှု တို့ကြောင့် ရရှိလာသည့် ရလဒ်ပင်ဖြစ်ပေသည်။
မုန်တိုင်းအလွန်
နိုင်ငံတော်ဝန်ကြီးချုပ်သည် မေလ ၁၄ ရက်နေ့ မုန်တိုင်းတိုက်ခတ်သွားပြီးနောက် မေလ ၁၅ ရက် နေ့တွင် ရခိုင်ပြည်နယ်သို့ ချက်ချင်းသွားရောက်ခဲ့ပါသည်။ သဘာဝဘေးဒဏ်ခံခဲ့ရသည့်ဒေသများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အမြန်ဆုံးပြန်လည်ဆောင်ရွက် နိုင်ရန်စီစဉ် ခဲ့ပါသည်။ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအဖွဲ့များကို တပ်မတော်လေယာဉ်များ၊ သင်္ဘောများဖြင့် အဆက်မပြတ်တဖွဲဖွဲ စေလွှတ်ပြီး စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ထိခိုက်ပျက်စီးမှု ပမာဏကြီးမားလွန်းသည့်အတွက် ရခိုင်ပြည်နယ်အတွင်းရှိမြို့နယ် ၁၇ မြို့နယ်ကို သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးနှင့် စပ်လျဉ်း၍ လုပ်စရာရှိသည်များကို မြန်မြန်ဆန်ဆန်ဖြင့် လုပ်ဆောင်ရန်လိုကြောင်း၊ အားလုံးပူးပေါင်း ဆောင်ရွက်မည်ဆိုပါက အမြန်ဆုံး မူလအခြေအနေသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း၊ ပြည့်အင်အားသည် ပြည်တွင်း၌သာရှိသဖြင့် အားလုံးပူးပေါင်းဆောင်ရွက် မည်ဆိုပါက အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာမှလည်း အကူအညီပေးအပ်မည်ဟု ကမ်းလှမ်း လာသဖြင့် လက်ခံထားပြီးဖြစ်ကြောင်း၊ သို့သော်လည်း မိမိတို့ရှိပြီးသားအားဖြင့် ဒေသအား၊ ပြည်တွင်း အားဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ဖြင့်လည်း မှာကြားခဲ့ပါသည်။
ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအားလုံးကို အနီးကပ်ကြီးကြပ်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တို့အား တာဝန်ပေးခဲ့ပါသည်။ ထို့ပြင် ပြန်လည်ထူထောင်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ကြီးကြပ်ပံ့ပိုး ဆောင်ရွက်ပေးရန် ဒေသများပိုင်းခြားလျက် တပ်မတော်အဆင့်မြင့်အရာရှိကြီးများကို တာဝန်အသီးသီးပေးအပ်ခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန
နယ်စပ်ရေးရာဝန်ကြီးဌာနသည် မိုခါမုန်တိုင်းမတိုင်မီကပင် ရခိုင်ပြည်နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အထိ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၇၇၄၈၉ ဒသမ ၈၃၂ သန်းသုံးစွဲလျက် ဒေသတွင်းလူမှုစီးပွားဆိုင်ရာ ဖွံ့ဖြိုးရေးကဏ္ဍအသီးသီးတွင် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။ လမ်း^တံတားကဏ္ဍတွင် မြေလမ်း ၄၁၁ မိုင် ၄ ဖာလုံ၊ ကျောက်လမ်း ၃၉၉ မိုင် ၁ ဖာလုံ၊ ကတ္တရာလမ်း ၃၆ မိုင် ၃ ဖာလုံ၊ ကွန်ကရစ်လမ်း ၃၈ မိုင် ၃ ဖာလုံနှင့် မြစ်ချောင်းများပေါများလှသည့် ရခိုင်ပြည်နယ်အတွင်း တံတားကြီး^ငယ်ပေါင်း ၂၀၁၀ စင်းတို့ တည်ဆောက်ပြီးစီးခဲ့ပါသည်။
နိုင်ငံတော်အနာဂတ်အတွက် အခြေခံအရေးကြီးလှသည့်ပညာရေးကဏ္ဍတွင် အခြေခံပညာ ကျောင်းပေါင်း ၁၀၅ ကျောင်း၊ ကျန်းမာရေးကဏ္ဍတွင် ကျန်းမာရေးဌာနပေါင်း ၂၇ ခုတို့အား တည်ဆောက် ပေးနိုင်ခဲ့ပါသည်။ ထို့အတူ ရေရရှိရေးကဏ္ဍတွင်လည်း ရေရရှိရေးလုပ်ငန်းပေါင်း ၁၈၂ ခု နှင့် သာသနာရေးလုပ်ငန်းအနေဖြင့် ဘုန်းတော်ကြီးကျောင်းပေါင်း ၇၀ ကျောင်းကိုလည်း ဆောက်လုပ် လှူဒါန်းနိုင်ခဲ့ပြီးဖြစ်ပါသည်။ ကျေးရွာများ မီးလင်းရေးအတွက် ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများ ၁၄၂၁၀ စုံ အား မြို့နယ်များ၊ ကျေးရွာများ၊ ကျွန်းများ၊ IDP စခန်းများအထိ ပြည်နယ်၏နေရာအနှံ့နီးပါး ဖြန့်ခွဲ တပ်ဆင်ပေးနိုင်ခဲ့ပါသည်။ အိမ်ရာဆောက်လုပ်ရေး ကဏ္ဍတွင်လည်း တန်ဖိုးနည်းအိမ်ရာပေါင်း ၈၀၁ လုံး ဆောက်လုပ်ပေးနိုင်ခဲ့ပါသည်။
ပြိုင်တူတွန်းကြရမည်
သို့သော် ယခုဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်း၏ အင်နှင့်အားနှင့်ဖျက်ဆီးခံရမှုကြောင့် ဆောင်ရွက်ပြီးသည့် အချို့သောဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများ ထိခိုက်ပျက်စီးခဲ့ရပြီ။ ဝန်ထမ်းအိမ်ရာများ၊ နိုင်ငံတော်ပိုင်အဆောက်အအုံများ၊ ဒေသခံတို့၏မြို့ပြအဆောက် အအုံများ၊ ကျေးလက်နေအိမ်တော်တော်များများ၊ သာသနာရေးဆိုင်ရာအဆောက်အအုံများ၊ စာသင် ကျောင်းများ၊ ဆေးရုံများ ကြေမွပြိုကျပျက်စီးခဲ့ရပြီ။ ဒေသတစ်ခုလုံးလိုလို ပြန်လည်ပြုပြင်ထူထောင် ပေးရန်အတွက် အရေးပေါ်လိုအပ်ခဲ့လေပြီ။ အချိန်အတိုင်းအတာ တစ်ခုတော့ယူရပါလိမ့်မည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့သို့ ရောက်ရှိသည်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြေပြင်သို့ ချက်ချင်းကွင်းဆင်းကြသည်။ ဖြန့်ခွဲပြီး အချက်အလက်များ အသေးစိတ်ရယူသည်။ ဌာနဆိုင်ရာများ၊ ဒေသခံများနှင့်တွေ့ဆုံဆွေးနွေးသည်။ ထူထောင်ရေးလုပ်ငန်းများကို ရှိသမျှအင်အားနှင့် နေ့နေ့ညည အကောင်းဆုံးဖြစ်အောင်စီစဉ်ခဲ့ကြသည်။ အလျင်လိုအပ်သည်မှာ အခြေခံစားကုန်၊ ဆေးဝါးနှင့် တည်ဆောက်ရေးပစ္စည်းများပင်ဖြစ်သည်။
မုန်တိုင်းပြီးနောက် မကြာမီမုတ်သုံမိုးကလည်း ဆက်ပေသေးသည်။ လောလောဆယ် လူနေ အဆောက်အအုံများ၏ အမိုးအကာများလုံခြုံစေဖို့ အမိုးသွပ်များ၊ မိုးကာစများ လိုအပ်သည်။ သစ်ပင် များလဲကျပိတ်ဆို့နေသောလမ်းများကို ဦးစွာရှင်းရသည်။ အပျက်အစီးများကို ဖယ်ရှားရသည်။
သစ်ပင်များဖြတ်တောက်ရန် ဃ့ငေညျတေ များလည်း လိုအပ်သည်။ စက်/ယန္တရားများ၊ ကားများ လိုအပ်သည်။
ထို့ကြောင့် လိုအပ်သောပစ္စည်းများကို ရရှိနိုင်သည့် ကား၊ သင်္ဘော၊ လေယာဉ်လမ်းကြောင်းများမှတစ်ဆင့် ရခိုင်ပြည်နယ်သို့ အမြန်ဆုံးပို့ဆောင်ပေးရန် မှာယူခဲ့ပါသည်။ လက်ရှိအချိန်တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ ပြည်သူလူထုနှင့် တပ်မတော်ပူးပေါင်းအင်အားကြောင့် စစ်တွေမြို့ကြီး အပါအဝင် မုန်တိုင်းဒဏ်သင့်ခဲ့ရသော နေရာတော်တော်များများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အတော်အသင့်ခရီးရောက်နေပြီဖြစ်ပါသည်။ ဆက်လက်၍လည်း စစ်တွေမြို့ကြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရပေဦးမည်။
မူလတန်းအရွယ်က သင်ယူခဲ့ရသော ယခုတိုင်မှတ်မိနေသေးသည့်ဖတ်စာအား သတိရမိပါသည်-
ဇွန်ပန်းရုံအနီး
လှည်းဘီး နွံထဲကျွံနေသည်။
ကူ၍တွန်းပေးကြပါ။
လေးလွန်း၍ မတွန်းနိုင်ဘူးလား။
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။ ။
ဝထကလသ(နတလ)