ကုသိုလ်စိတ်များ ပွားများပျံ့နှံ့ရှိနေကြကုန်

ကုသိုလ်စိတ်များ ပွားများပျံ့နှံ့ရှိနေကြကုန်

၂၀၂၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့၊ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ဒုတိယဝါဆိုလပြည့်နေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား   ဗုဒ္ဓါဘိသေကအနေကဇာတင်၍   ဗုဒ္ဓါဘိသိက်သွန်းလောင်း ပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား  ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲ မင်္ဂလာကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားများ အောင်မြင်စွာကျင်းပပြုလုပ်ပြီးသည်နှင့် နေပြည်တော်သို့ မြန်မာပြည်အနှံ့အပြားမှ ဘုရားဖူးများ နေ့စဉ်မပြတ်ရောက်ရှိနေကြတာကို မီဒီယာကဏ္ဍများတွင် သာမက မြေပြင်မှာလည်း မျက်ဝါးထင်ထင်မြင်တွေ့နေရပြီပဲ ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်၏ သဒ္ဓါကြည်ညိုစိတ်မှဖြစ်တည်လာတဲ့ ကုသိုလ်စိတ်တွေဟာ တစ်နိုင်ငံလုံးထိ ပွားများပျံ့နှံ့လာပုံဟာ အံ့အားသင့်ကြည်နူးစရာတစ်ခုလည်း ဖြစ်ပါတယ်။ နိုင်ငံနှင့်အဝှမ်းကုသိုလ်စိတ်တွေ ပွားများပျံ့နှံ့နေကြတဲ့ သည်အခါသမယမှာ စာရေးသူကလည်း သည်ဆောင်းပါးလေးနဲ့ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို ပူဇော်လိုက်ရပါတယ်။

 မြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့ ပဋ္ဌာန်းဒေသနာတော်ထဲကလို ပုရိမာပုရိမာ ကုသလာဓမ္မာ  ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံဆိုတဲ့ ရှေ့၌ဖြစ်တည်ခဲ့သောကုသိုလ်စိတ်တွေကြောင့် နောက်တွင်လည်း ကုသိုလ်စိတ်တွေ ဆက်ဖြစ်စေတတ်တဲ့ ပဋ္ဌာန်းတရားရဲ့ မှန်ကန်တိကျမှု အံ့မခန်းအစွမ်းကို ဖတ်ရှုမိသူစာဖတ်ပရိသတ် အပေါင်းတို့ ရှုမှတ်ပွားများတတ်စေလိုပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ ဘုရား၊ တရား၊ သံဃာကို ကြည်ညိုသဒ္ဓါစိတ်အားကောင်းစွာ ဖြစ်တည်ပြီး ဒါနကုသိုလ်တွေလုပ်ရင်း အတိုင်းအဆမရှိတဲ့သံသရာမှာ အတိုင်းအဆရှိသွားတဲ့ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တစ်ယောက် အကြောင်းကို ထည့်သွင်းမျှဝေပေးစေချင်ပါတယ်။

သည်ပုဂ္ဂိုလ်ကြီးကတော့ ဂေါတမမြတ်စွာဘုရားရှင်လက်ထက် သာဝတ္ထိမြို့က  အနာထပိဏ်သူဌေးကြီးပဲ ဖြစ်ပါတယ်။

အနာထပိဏ်သူဌေးကြီးဟာ ရာဇဂြိုဟ်မြို့က ရာဇဂြိုဟ်သူဌေးကြီးနဲ့ စီးပွားဖက်လုပ်ရာကနေ သမီးယောက်ဖ တော်စပ်ခဲ့သူလည်း ဖြစ်ပါတယ်။  တစ်ရက်တော့ ရာဇဂြိုဟ်ပြည်အရောက် ရာဇဂြိုဟ်သူဌေးက ဗုဒ္ဓဘုရားရှင်ကို ဆွမ်းကပ်ဖို့ ပြင်ဆင်နေတာနဲ့ ကြုံတွေ့ခဲ့ပါတယ်။ ကိစ္စကိုမေးကြည့်တော့ ဗုဒ္ဓ=ဘုရားရှင်ကို  ဆွမ်းကပ်ဖို့ပြင်နေတာဆိုတဲ့စကားမှာ ဗုဒ္ဓဆိုတဲ့အသံကို သူစကြားရတာပဲ ဖြစ်ပါတယ်။ ဒီအသံကြောင့် သူ့မှာ ပီတိစိတ်တွေဖုံးလွှမ်းပြီး မေ့သယောင်တောင်ဖြစ်ခဲ့တယ်လို့ နိပါတ်တော်ထဲမှာ ဆိုထားပါတယ်။  နံနက်စောစောမှာ သံဃာတော်ငါးရာနဲ့ ဆွမ်းစားကြွလာမယ့် ဗုဒ္ဓ=ဘုရားရှင်ကို ဖူးတွေ့ချင်စိတ်တွေဟာ အလွန်အမင်းပြင်းပြနေပါတယ်။ အိပ်မပျော်တောင်ဖြစ်နေပြီး သူ့နှလုံးဘဝင်စိတ်မှာ ဗုဒ္ဓကိုအဆက်မပြတ် တနေသလိုဖြစ်နေတယ်လို့ဆိုရပါမယ်။ ဒီနေရာမှာကြည့်ရင် သူဟာ ဗုဒ္ဓါနုဿတိ ဖြစ်နေတယ်လို့ စာဖတ်သူတို့ ရှုမှတ်ရပါမယ်။ ဘယ်ဂါထာ အခေါက်ဘယ်လောက်ဆိုတဲ့  လက်ရှိ ဗုဒ္ဓါနုဿတိလုပ်နေကြတဲ့ အလုပ်မျိုးမဟုတ်ဘဲ စိတ်နှလုံးအစဉ်မှာ တကယ်ပဲနှစ်နှစ်ကာကာဖြစ်နေတဲ့ ဗုဒ္ဓါနုဿတိလို့လည်း   စာဖတ်သူတို့ကို ရှုမှတ်မြင်စေလိုပါသေးတယ်။

ဖြစ်စဉ်တော်ကို ချုံ့လိုက်ပါမယ်။ ရာဇဂြိုဟ်မြို့ရဲ့အပြင်ဘက် ရင်းတိုက်တောထဲမှာ သီတင်းသုံးနေတဲ့ မြတ်စွာဘုရားနဲ့အနာထပိဏ် သူဌေးကြီးတွေ့ဆုံခဲ့ပါပြီ။   ပြာသိုလချမ်းချမ်းစီးစီးကြီး  တောထဲတောင်ထဲ ခပ်လှမ်းလှမ်းမှာလည်း သချုႋင်းကုန်းက  မြေအနေအထား၊ ခွေးအူသံကတစီစီနဲ့မို့ သူဌေးကြီးက မြတ်စွာဘုရားကို သီတင်းသုံးရ၊ နေရတာ ချမ်းချမ်းသာသာရှိရဲ့လားလို့ လျှောက်ထားခဲ့ပါတယ်။ ဒီနေရာမှာ မြတ်စွာဘုရားက အနာထပိဏ်သူဌေးကြီးကို တရားတစ်ခုကိုအတိုချုံးပြီး ဟောလိုက်ပါတယ်။ ဒုစရိုက်(၁၀)ပါးကင်းစင်ပြီး သူဟာ ဘယ်မှာအိပ်အိပ်၊ဘယ်မှာနေနေ ချမ်းသာစွာအိပ်စက်နေထိုင်ရတယ်၊ ကာမဂုဏ်မရှိသူ၊ သံယောဇဉ်ကြိုးတွေ ကင်းစင်နေသူ၊ သောကမီးငြိမ်းသူတွေဟာ ဘယ်မှာနေနေ ချမ်းသာတယ်၊ ငါဘုရားရဲ့စိတ်အစဉ်ဟာ နှင်းတွေကြည့်နေတဲ့စိတ်လည်း မဟုတ်ဘူး၊ ခွေးအူသံတွေကို နားထောင်နေတဲ့စိတ်လည်းမဟုတ်ဘူး၊ ငါဘုရားရဲ့စိတ်အစဉ်ကို နိဗ္ဗာန်ပို့ထားတယ်လို့ ပြန်လည်ဖြေကြားလိုက်ပါတယ်။ မြတ်စွာဘုရားရဲ့ မိန့်ကြားချက်ကို ကြားလိုက်ချင်းမှာပဲ အနာထပိဏ်သူဌေးကြီးဟာ သောတာပန်တည်သွားပါတော့တယ်။ အဲ့ဒီမှာ အနာထပိဏ်သူဌေးကြီးဟာ မြတ်စွာဘုရားအပေါ်  သဒ္ဓါကြည်ညိုစိတ်တွေ ပိုလို့ပွားများသွားပါတော့တယ်။ ဒီနေရာမှာ ဗုဒ္ဓါနုဿတိ တကယ်ဖြစ်ရင် သောတာပန်တည်တဲ့ ပုဂ္ဂိုလ်မြတ်ဖြစ်တယ်ဆိုတာကို ကြည့်မြင်ရှုမှတ်ပွားများ ရမှာပါပဲ။

ရာဇဂြိုဟ်သူဌေးအိမ်ကို ဘုရားက ရဟန္တာငါးရာနဲ့ ဆွမ်းစားကြွတဲ့ခရီးမှာ အနာထပိဏ်က ရှေ့ဆုံးကသပိတ်ပိုက်ပြီး  လိုက်ခဲ့ပါတယ်။ ဒီဆွမ်းစားအလှူမှာပဲ မြတ်စွာဘုရားက ဒါနကထာတရားကို ဟောကြားခဲ့ပါတယ်။ ဒီတရားနာအပြီးမှာ  အနာထပိဏ်ဟာ မြတ်စွာဘုရားနဲ့သံဃာတော်တွေအတွက်  သူနေတဲ့သာဝတ္ထိမှာ ကျောင်းဆောက်  လှူဒါန်းမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တယ်။    သောတာပန်ကြီး အနာထပိဏ်ဆောက်လုပ် လှူဒါန်းခဲ့တဲ့ ကျောင်းတော်ကတော့ အများဖတ်ရှုဖူးတဲ့ ဇေတဝန်ကျောင်းတော်ကြီးပဲ ဖြစ်ပါတယ်။ မြေဝယ်၊ ကျောင်းဆောက်၊ ရေစက်ချအလှူဆိုတဲ့ လုပ်ငန်းသုံးခုမှာ ရွှေဒင်္ဂါး ၅၄ ကုဋေကုန်ကျခဲ့တယ်။ ဓမ္မရဲ့တန်ဖိုးကို သိတဲ့သူတိုင်းဟာ ဒီလိုသွန်းချလှူဒါန်းလေ့ရှိတယ် ဆိုတာကိုလည်း သတိပြုရပါမယ်။

အနာထပိဏ်သူဌေးကြီးက ဇေတဝန်ကျောင်းတော်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့ရုံမက သူ့ဘဝတစ်လျှောက်လုံး မြတ်စွာဘုရားနဲ့ရဟန်းတော်တွေကို နှစ်များစွာတိုင် ဆွမ်းကပ်စတဲ့ ကုသိုလ်အမှု ကိုလည်း လှိုက်လှိုက်လှဲလှဲ ပြုခဲ့ပါသေးတယ်။ အနာထပိဏ်သူဌေးကြီးရဲ့    ဗုဒ္ဓါနုဿတိစိတ်၊ ကုသိုလ်စိတ် အစဉ်တွေကို ကျွန်တော်တို့အားလုံး ပြန်လည်ဆန်းစစ်ကြည့်ကြပါစို့။  ဗုဒ္ဓ=ဘုရားဆိုတဲ့အသံကို     ကြားရုံနဲ့ နိုးကြားတက်ကြွလာတဲ့ သူ့ရဲ့ဗုဒ္ဓါနုဿတိ စိတ်အစွမ်းဘယ်လောက်ကြီးမားပါသလဲ။ ရင်းတိုက်တောထဲ နာကြားခဲ့ရတဲ့ မြတ်စွာဘုရားရဲ့ တရားတော်၊ သာမန်ပုထုဇဉ်လိုပြောရင်   Peace and Stability (ငြိမ်းချမ်းခြင်းနဲ့တည်ငြိမ်ခြင်း)၊ လူတစ်ယောက်၊ လူတစ်စု၊ အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်နိုင်ငံတို့မှာ မရှိမဖြစ်ဟာ ငြိမ်းချမ်းခြင်းပဲ၊ ရရှိလာတဲ့ ငြိမ်းချမ်းခြင်းဟာလည်း ှအဘေငူငအပ တည်တည်ငြိမ်ငြိမ် ဖြစ်ရမယ်။

လူ၊ အဖွဲ့အစည်း၊ နိုင်ငံတစ်နိုင်ငံရဲ့အနှစ်သာရဟာ  Peace and Stability ပဲ။ လောကုတ္တရာနဲ့ပြောရင်  နိဗ္ဗာန်ကိုဆိုလိုတာပါ။ ဆက်ကြပါဦးစို့။

ဇေတဝန်ကျောင်းတော်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့ခြင်းမှာ   သူကိုယ်တိုင်ရဲ့ မြတ်စွာဘုရားနဲ့ ရဟန်းသံဃာတော်တွေကို အမြဲဖူးတွေ့မြင်တွေ့ချင်စိတ်၊  ဒါနတွေ  မပြတ်လုပ်ချင်တဲ့ ဒါနစိတ်အစဉ်တွေကို ခပ်ထင်းထင်းတွေ့ရသလို သာဝတ္ထိက တိုင်းသူပြည်သားတွေ   သူ့လိုပဲမြတ်စွာ ဘုရားကိုဖူးစေချင်တဲ့ သဒ္ဓါစိတ်လေးရော ပါနေတာကို   တွေ့မြင်ကြပါသလား။

ကိုယ်တိုင်ဖူးမြော်ကိုးကွယ်ချင်စိတ်၊ သူများကိုလည်း    သူ့လိုပဲကိုးကွယ်ဖူးမြော်စေလိုစိတ် ဆိုတဲ့  သဒ္ဓါတရား၊ ဆင့်ကဲပွားများလာတဲ့ ကုသိုလ်ဈာန်စိတ်၊ ဒါန ဒါတွေဟာ    သိပ်ပြီးသန့်ရှင်းစင်ကြယ် မွန်မြတ်လွန်းပါတယ်။     ဒါ့ကြောင့် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်ကြီးရှိလာလို့ ပြည်သူပြည်သားတွေ ဘုရားကို  မြင်တွေ့ဖူးမြော်ခွင့်၊ တရားတွေနာကြားခွင့်ရခဲ့ကြတာပဲဖြစ်ပါတယ်။ ဆက်စပ်ရှုမြင်ကြပါဦးစို့။

ယခုလည်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဟာ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အတွင်းမှာရှိတဲ့ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်မှာ တည်ထားကိုးကွယ်ပြီးဖြစ်ပါတယ်။  ဦးဆောင်ဘုရားဒါယကာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် ပြည်တွင်းပြည်ပမှာရှိကြတဲ့ ခုနစ်ရက်သား၊ သမီးအလှူရှင်၊ ကုသိုလ်ရှင်တွေရဲ့ ဤသို့သော ကုသိုလ်မြတ်ကြီးဟာ အဘယ်မျှကြီးမားခဲ့ပါသလဲ။   ဒီနေရာမှာလည်း သဒ္ဓါစိတ်၊   ကုသိုလ်စိတ်၊   ဒါနဆိုတဲ့ အဆင့်ဆင့်ဖြစ်တည်လာပုံကို သတိထားရှုမှတ်ရမှာပါပဲ။   ကိုယ်တိုင်လှူဒါန်းဖူးမြော်ကိုးကွယ်လိုစိတ်၊ အများတကာကိုလည်း ကိုယ်ကဲ့သို့ လှူဒါန်းကိုးကွယ်ဖူးမြော်စေလိုစိတ်များကို စာရေးသူက ဒီဆောင်းပါးလေးနဲ့ မီးမောင်းထိုးပြပေးတာပါ။

ယခုဆိုရင်   ပြည်ထောင်စုနယ်မြေ နေပြည်တော်ရဲ့လမ်းမများထက်မှာ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော် မြတ်ကြီးဆီသို့ ဖူးမြော်ဖို့ သွားလာနေကြတဲ့ ရဟန်းရှင်လူအများအပြားကို တွေ့မြင်နေရပြီပဲဖြစ်ပါတယ်။ ကုသိုလ်ရှင်အလှူရှင်အားလုံးဆီက စတင်ခဲ့တဲ့ ကုသိုလ်ဈာန်စိတ်တွေဟာ ယခုဆိုရင် နိုင်ငံနှင့်အဝှမ်း ပွားများပျံ့နှံ့နေကြပါပြီလို့ ဆိုချင်တာပဲဖြစ်ပါတယ်။ ကိုယ်စီမှစတင်ပြီး ကုသိုလ်တရားတွေ ထုံမွမ်းနေခြင်းဟာ အကုသိုလ်ဈာန်စိတ်ကို အလိုလိုပယ်ဖျက်ပြီး ဖြစ်နေတာကိုလည်း ရှုမှတ်မြင်မိရပါမယ်။

ဒီလို ဘာသာတရားတွေ ထုံမွမ်းနေမယ်ဆိုရင် လူ၊ အဖွဲ့အစည်း၊ နိုင်ငံတိုင်းမှာ အဓိကလိုအပ်ချက် အနှစ်သာရဖြစ်တဲ့ (Peace and Stability) ငြိမ်းချမ်းခြင်းနဲ့ ရရှိထားတဲ့ ငြိမ်းချမ်းခြင်းတွေဟာလည်း တည်ငြိမ်လာမယ်ဆိုတာကို   အလိုလိုသိမြင်ကြစေလိုပါတယ်။

ဖြစ်တည်လာသမျှ ကုသိုလ်ဆက်များကြောင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးတည်ထားကိုးကွယ်ရန် ရည်သန်ထားတဲ့   မြန်မာနိုင်ငံတွင်  ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်း တောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး    သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှု ဖြစ်စေရန် ဆိုတဲ့မွန်မြတ်မှုများဟာလည်း အလိုလိုပြည့်စုံနေပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ရဟန်းရှင်လူအများအားလုံး  စစ်မှန်သော ဗုဒ္ဓါနုဿတိများ အမှန်တကယ်ပွားများပြီး မိမိကိုယ်စီအတွင်းသန္တာန်များ ငြိမ်းအေးခြင်းမှတစ်ဆင့် ကမ္ဘာကြီးတစ်ခုလုံး ငြိမ်းအေးခြင်းကို အမြန်ဆုံးရောက်ရှိနိုင်ကြပါစေကြောင်း ဆုတောင်းဘာဝနာပွားများလိုက် ရပါတော့တယ်။  ။   

ကျော်တေဇ(ဥက္ကလာ)