၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လကုန်အထိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် ရာဇဝတ်မှုပေါင်း ၇၄၇ မှု လက်ခံရရှိပြီး ၅၈၆ မှု စစ်ဆေးပြီးစီးခဲ့
နေပြည်တော် သြဂုတ် ၂၄
ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော် များ၏ (၂၅) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ဦးစွာ ပြည်ထောင်စု တရားသူကြီးချုပ် ဦးသာဌေးက တရားရုံးများသည် တရားစီရင်ရေး ဖြောင့်မတ်မှန်ကန်ရေး၊ တရားရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေး အတွက် အဓိကတာဝန်ရှိကြောင်း၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူအများ ယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ် ပေါ်ထွန်းရေး၊ အမှုအခင်းများကို ဥပဒေနှင့်အညီ မှန်မှန်နှင့်မြန်မြန် စီရင်ဆုံးဖြတ်ရေး၊ တရားရုံးများ၏ ဂုဏ်သိက္ခာမြှင့်တင်ရေး စသည့် အဓိကလုပ်ငန်း တာဝန်များကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက် သွားကြရန်ဖြစ်ကြောင်း၊ သီးသန့်တရားရုံးဖြင့် ရုံးထိုင် စစ်ဆေးနေသည့် အမှုများကိုလည်း ကြန့်ကြာမှု မရှိစေဘဲ မှန်ကန်မြန်ဆန်စွာ စစ်ဆေးပြီးပြတ်ရေး အတွက် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ သက်သေခံပစ္စည်းများ စီမံခန့်ခွဲခြင်းနှင့် စပ်လျဉ်း၍ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကိုလည်း တိတိကျကျ လိုက်နာ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ တရားရုံး အဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်း တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန်နှင့် လုပ်ငန်းကျွမ်းကျင်မှုရှိရေး၊ လုပ်ရည်ကိုင်ရည် အရည်အသွေးမြင့်မားရေး၊ အဂတိလိုက်စားမှု ကင်းရှင်းရေး၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေး၊ စိတ်ဓာတ်မြင့်မားရေးတို့ အတွက်လည်း ကြပ်မတ်လမ်းညွှန် ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ တရားစီရင်ရေး ငါးနှစ်မဟာဗျူဟာ စီမံကိန်း (၂၀၂၃-၂၀၂၇)၏ ပထမနှစ် လုပ်ငန်းအစီအစဉ်(၂၀၂၃) အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက် သွားကြရန်ဖြစ်ကြောင်း။
မှုခင်းများစစ်ဆေး စီရင်ခဲ့မှုနှင့် စပ်လျဉ်းပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် ရာဇဝတ်အမှုပေါင်း ၇၄၇ မှု လက်ခံရရှိပြီး ၅၈၆ မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း ၁၁၀၆ မှု လက်ခံရရှိပြီး အမှု ၈၂၀ စစ်ဆေးပြီးပြတ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တရားလွှတ်တော်များတွင် ရာဇဝတ်အမှုပေါင်း ၂၆၉၃ မှု လက်ခံရရှိပြီး ၂၅၂၉ မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း ၂၅၇၅ မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၅၃ မှု အပါအဝင်) ၂၆၂၈ မှု စစ်ဆေးပြီးပြတ်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးများနှင့် ခရိုင်တရားရုံးများတွင် ရာဇဝတ်အမှုပေါင်း ၁၁၉၁၅ မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၁၀၉၀ မှု အပါအဝင်) ၁၃၀၀၅ မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း ၇၈၃၀ လက်ခံရရှိပြီး ၇၈၂၄ မှု စစ်ဆေးပြီးပြတ်ကြောင်း၊ မြို့နယ်တရားရုံးများတွင် ရာဇဝတ်အမှုပေါင်း ၁၀၆၃၆၀ မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၃၆၃၉ မှု အပါအဝင်) ၁၀၉၉၉၉ မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမ အမှုပေါင်း ၉၂၆၁ မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၈၃၁ မှု အပါအဝင်) ၁၀၀၉၂ မှု စစ်ဆေးပြီးပြတ်ကြောင်း၊ ဥပဒေအရ တည်ထောင်သော အခြားတရားရုံးများ ဖြစ်သည့် ကလေးသူငယ် တရားရုံး (ရန်ကုန်နှင့်မန္တလေး) တွင် ကလေးသူငယ်ဥပဒေအရ စွဲဆိုတင်ပို့သည့် အမှုပေါင်း ၂၁၇ မှု လက်ခံရရှိပြီး ၁၉၉ မှု စစ်ဆေးပြီးပြတ်ကြောင်း၊ စည်ပင်သာယာ တရားရုံး (နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေး)တို့တွင် စည်ပင်သာယာဥပဒေအရ စွဲဆိုတင်ပို့သည့် အမှုပေါင်း ၁၇၄၉ မှု လက်ခံရရှိပြီး ၁၇၃၃ မှု စစ်ဆေး ပြီးပြတ်ကြောင်း၊ မော်တော်ယာဉ်တရားရုံး (နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး) တို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်၍ မော်တော်ယာဉ် ဥပဒေအရ စွဲဆိုတင်ပို့သည့် အမှုပေါင်း ၄၃၃၂၀ မှုကို စစ်ဆေး စီရင်ခဲ့ကြောင်းနှင့် ဆက်လက်၍လည်း အမှုများကြန့်ကြာမှု မရှိစေဘဲ မှန်ကန် မြန်ဆန်စွာ စစ်ဆေးပြီးပြတ်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ ညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တိုင်းဒေသကြီး/ပြည်နယ် တရားရေးဦးစီးမှူးများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။