သထုံ-ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမပေါ်ရှိ မြေပြိုကျပျက်စီးခဲ့သည့် နေရာ၌ သုံးလွှာတစ်ထပ်ဘေလီသံဘောင်တံတား တည်ဆောက်ပြီးစီး၊ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်

သထုံ-ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမပေါ်ရှိ မြေပြိုကျပျက်စီးခဲ့သည့် နေရာ၌ သုံးလွှာတစ်ထပ်ဘေလီသံဘောင်တံတား တည်ဆောက်ပြီးစီး၊ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၂၅

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ဩဂုတ်လ ၇ ရက် သထုံ-ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းပေါ်ရှိ မိုင်တိုင်အမှတ် ၁၄၉ မိုင် နှင့် ၅ ဖာလုံ အကြားနေရာ၌ လမ်းမြေသားပြတ်ထွက် မြေပြိုကျမှုကြောင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ နိုင်ခြင်းမရှိဘဲ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။

     အဆိုပါ လမ်းပိတ်ဆို့ခဲ့သည့် နေရာသို့ သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည့်ပြန်လည်ပြုပြင် တည်ဆောက်ရေး လုပ်ငန်း များကို ဩဂုတ် ၁၀ ရက်နေ့မှ စတင်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာန အောက်ရှိ အဖွဲ့များက ယာဉ်၊ ယန္တရားများဖြင့် အမြန်ဆုံး ပြန်လည်ပြုပြင် တည်ဆောက်ခဲ့ရာ အရှည် ၇၀ ပေ၊ တံတားအကျယ် ၁၉ ပေ ၁၀ လက်မ၊ ယာဉ်သွားလမ်းအကျယ် ၁၃ ပေ ၈ လက်မ၊ တံတားခံနိုင်ဝန် ၅၅ တန်၊ သုံးလွှာ တစ်ထပ်ဘေလီ သံဘောင်တံတား တည်ဆောက်ခြင်း၊ ကျောက်ခင်းခြင်း၊ မူလ ရှောင်ကွင်းလမ်း၏ လမ်းပုခုံးမြေသား ကပ်ခြင်း လုပ်ငန်းများအား ဩဂုတ် ၂၄ ရက်တွင် ပြီးစီးခဲ့သဖြင့် ယနေ့မှစ၍ မူလ ရှောင်ကွင်းလမ်းနှင့် ဘေလီသံဘောင် တံတားပေါ်မှ မော်တော်ယာဉ်များ ဖြတ်သန်းသွား လာနိုင်ပြီဖြစ်ကြောင်းနှင့် အဆိုပါ ကော့ကရိတ်-မြဝတီ အာရှလမ်းမတစ်လျှောက် လမ်းပြိုကျပျက်စီးခဲ့သည့် နေရာများအား အမြန်ဆုံးပြန်လည်ပြုပြင် တည်ဆောက်နိုင်ရေး လိုအပ်သည့်များ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။