ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်စီးပွားရေးရာကော်မတီအစည်းအဝေးအမှတ်စဉ်(၇/၂၀၂၃)ကျင်းပနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်စီးပွားရေးရာကော်မတီအစည်းအဝေးအမှတ်စဉ်(၇/၂၀၂၃)ကျင်းပနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဩဂုတ် - ၂၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီ အစည်းအဝေး အမှတ်စဉ် (၇/၂၀၂၃) ကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စီးပွားရေးရာကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၂၁ ခုနှစ်မှ ယနေ့ကာလအထိ စီးပွားရေးဆိုင်ရာသုံးသပ်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာစကားပြောကြားရာတွင် စီးပွားရေးကော်မတီသည် နိုင်ငံ၏စီးပွားရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရန်အတွက် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အရေးကြီးသည့် ကော်မတီ တစ်ခုဖြစ်ကြောင်း၊ စီးပွားရေးတွင် ပြည်တွင်းစီးပွားရေးနှင့် ပြည်ပစီးပွားရေးနှစ်ခု ရှိကြောင်း၊ ကိုဗစ် ကာလအတွင်း ကုန်ထုတ်လုပ်မှုများအားနည်းခဲ့သည့်အပြင် ပို့ဆောင် ရေးဆိုင်ရာလုပ်ငန်းရပ်များတွင် လည်း အခက်အခဲများဖြစ်ပေါ်ခဲ့ကြောင်း၊ အလားတူ နိုင်ငံရေးအရသဘောထားကွဲလွဲမှုများကြောင့်ဖြစ်ပေါ်လာသည့် ပြဿနာများကြောင့် ကုန်သွယ်ရေကိုလည်းထိခိုက်စေခဲ့ပြီး နိုင်ငံ့စီးပွားရေးကျဆင်းခဲ့ကြောင်း၊ ကိုဗစ်ကာလ တွင် မိမိတို့တစ်နိုင်ထဲမဟုတ်ဘဲ တစ်ကမ္ဘာလုံးစီးပွားရေးကျဆင်းခဲ့ကြောင်း၊  အလား တူ အခြားနိုင်ငံများတွင်လည်း ဘဏ်လုပ်ငန်းဆိုင်ရာနှောင့်နှေးမှုများကြောင့် အချိန်မီ ငွေ ပေးချေနိုင်ခြင်းများမရှိခဲ့ခြင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၌ ကန့်သတ်ချက် ရှိခြင်း၊ သင်္ဘောလိုင်းများ ငှားမရခြင်းတို့ကြောင့် မိမိတို့နိုင်ငံ၏ ပြည်ပကုန်သွယ်မှုကို ထိခိုက်စေခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေးအရ သဘော ထားကွဲလွဲမှုကြောင့် ဆူပူဆန္ဒပြမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး ကုန်ထုတ်လုပ်မှုများ ကျဆင်းခြင်း၊ ကုန်သွယ်ရေးလမ်းကြောင်းများ၊ သင်္ဘောများ ကုန်တင်ရန်ကြံ့ကြာ ခြင်းများဖြစ်ခဲ့ကြောင်း။

ယခင် ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခုတွင် ကုန်သွယ်မှုလိုငွေ များရှိခဲ့ကြောင်း၊ အစိုးရတစ်ဆက်လျှင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကျော် ခန့်စီ ရှိပြီး စုစုပေါင်း ၂၅ ဘီလီယံခန့် ကုန်သွယ်မှုလိုငွေဖြစ်ခဲ့ကြောင်း၊ ၎င်းလိုငွေများကို ထောက်ပံ့ကူညီမှု နှင့်ချေးငွေရယူမှုတို့ဖြင့်သာ ကျားကန်ရပ်တည်ခဲ့ကြောင်း၊ ၂၀၂၁ - ၂၀၂၂ ခုနှစ်တွင် ဆူပူအကြမ်းဖက်မှုများကြောင့် ကုန်ထုတ်လုပ်မှု ထိခိုက်ပြီး ပို့ကုန်များ ကျဆင်းခဲ့ကြောင်း၊ ဝိုင်းဝန်းပိတ်ဆို့မှု ဖျက်လိုဖျက်ဆီးလုပ်မှုများ အကြားမှနိုင်ငံ့စီး ပွားရေးကို ရပ်တည်နိုင်အောင် ကြိုးပမ်းခဲ့ရကြောင်း၊ ၂၀၁၉ - ၂၀၂၀ ခုနှစ် တို့တွင် နိုင်ငံ့ GDP တိုးတက်မှု အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းမှ ၂၀၂၁-၂၀၂၂ တွင် အပေါင်း ၃ ရာခိုင်နှုန်းအထက် ရရှိအောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ GDP ၉ ရာခိုင်နှုန်း အထက် ရှိအောင် ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ၎င်းကာလအတွင်း၌ လမ်းတံတား များ၊ လျှပ်စစ်တာဝါတိုင်များ၊ ပြည်သူပိုင်အဆောက်အဦများကို အကြမ်းဖက်သမား များက ဖျက်ဆီးခဲ့သည်များလည်းတွေ့ရကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးရမည့် ငွေများကို ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေး၌ သုံးခဲ့ရ သဖြင့် စီးပွားရေးတိုးတက်မှုရသင့်သလောက်မရခဲ့သည်ကိုပြည်သူများအားလုံးသိရှိရန် လိုကြောင်း။

စီးပွားရေးပြန်လည်တိုးတက်အောင် လုပ်ဆောင်ခဲ့မှု

ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ ကိုဗစ်ကာလအတွင်း ထိခိုက်မှုများ ရှိခဲ့သော် လည်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အတတ်နိုင်ဆုံး အထိခိုက်မခံဘဲ ဆောင်ရွက်စေ သ ကဲ့သို့ အများစုအလုပ်လုပ်ကိုင်ကြရသည့် CMP လုပ်ငန်းများကိုလည်း ကိုဗစ်  - ၁၉ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ပြီး စီးပွားရေးတိုးတက်မှုရှိအောင် ဆောင်ရွက် ခဲ့ရကြောင်း၊ မိမိတို့နိုင်ငံ၏ အဓိကကုန်ထုတ်လုပ်ငန်းဖြစ်သည့် စိုက်ပျိုး မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ MSME လုပ်ငန်း မြှင့်တင်ရန်လည်း ဆောင်ရွက်ခဲ့ကြောင်း၊ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် တစ်ဖက်မှလည်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်များရှိကြောင်း၊ လျှပ်စစ်နှင့် ပတ်သက်၍ ရေရှည်စီမံချက်ဖြင့်ဆောင်ရွက်သည့် စီမံကိန်းကြီးများ နှောင့်ယှက်မှုများ ရှိသဖြင့် ရပ်ဆိုင်းခဲ့ရသည့် အကျိုးဆက်ပင်ဖြစ်ကြောင်း၊ ပြည်တွင်း လိုအပ်သည့် စားသုံးဆီများကို ပြည်ပမှနှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ဖိုးခန့် တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေသုံးစွဲမှု များပြားလျက်ရှိကြောင်း၊ ခေတ်အဆက်ဆက် တွင် ပြည်တွင်းစားသုံးဆီ လုံလောက်မှုရှိအောင် ဆောင်ရွက်နိုင်သော်လည်း  ထိရောက် စွာ ဆောင်ရွက်ခဲ့ခြင်းမရှိသည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် စားသုံး ဆီထုတ်လုပ်မှုများ မြင့်မားလာစေရေး နိုင်ငံ့စီးပွားရန်ပုံငွေများထုတ်ပေး၍  ပြည်တွင်း ဆီထုတ်လုပ်မှုမြှင့်တင်ကာ ၂၀၂၅ ခုနှစ်တွင် ပြည်တွင်းစားသုံးဆီ ဖူလုံပြီး၎င်းမှတစ်ဆင့် ပြည်ပသို့ပြန်လည်တင်ပို့နိုင်သည့် Exporter အဆင့်သို့ရောက် ရှိအောင် ရည်မှန်းဆောင် ရွက်လျက်ရှိကြောင်း။

မိမိတို့ရသင့်ရထိုက်သည့် နိုင်ငံခြားငွေများကိုမရရှိအောင် နည်းအမျိုးမျိုးဖြင့် ထားဆီးထားပြီး စီးပွားရေးအကျပ်အတည်း ဖြစ်အောင် ဆောင်ရွက်ခဲ့မှုများရှိသဖြင့် ဝင်ငွေ၊ ထွက်ငွေမျှတမှုရှိစေရေး နိုင်ငံနှင့်ပြည်သူလူထုအတွက် အရေးကြီးသည့် ကုန်စည်တင်သွင်းခြင်းနှင့် လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ခဲ့ရကြောင်း၊ အဆိုပါ အခြေအနေအပေါ်တွင် သတင်းမှားများဖန်တီးခဲ့ပြီး ကုန်ဈေးနှုန်းများကို ဆွဲတင်ခဲ့ ကြခြင်းဖြစ်ကြောင်း၊  အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေးအတွက်လိုအပ် သော စက်သုံးဆီနှင့် မြေဩဇာများ လုံလောက်စွာရရှိရေးနှင့် အချိန်မီရရှိစေရေး ကြိုးပမ်းဆောင်ရွက်ပေးခဲ့သော်လည်း ဈေးနှုန်းကြီးမြင့်မှုများရှိနေခြင်းသည် ဥပမာ တစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွားရေးအခြေအနေများနှင့် ပတ်သက်ပြီး မိမိတို့စီးပွားရေးကော်မတီအနေဖြင့် ခြုံငုံနားလည်ထားရန်လိုကြောင်း။

နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် နိုင်ငံ၏အခြေအနေအရပ်ရပ်ကို သုံးသပ်ဆောင်ရွက်

မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် မိမိတို့ကော်မတီအနေဖြင့် မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏အခြေအနေအရပ်ရပ်ကိုသုံးသပ် ပြီး ဆောင်ရွက်သင့်သည်များကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လိုကြောင်း၊ Quick Win ဖြစ်မည့်လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နိုင်ရန်လို ကြောင်း၊ ကုန်ဈေးနှုန်းများမြင့်တက်စေရန်အတွက် အချို့ဝိသမလောဘသမားများ၏ ဈေးကစားနေမှုများရှိကြောင်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်အတွက် တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း။

ငွေကြေးဈေးကွက်ကိုအဓိကကစားနေကြသူများမှာ ပြည်တွင်းကျပ်ငွေ၊ နိုင်ငံခြား ငွေနှင့် ရွှေကိုင်ထားကြသူများက ဈေးကစားနေကြခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားငွေကိုင် ထားသူများက၎င်းတို့ နိုင်ငံခြားငွေတန်ဖိုးတက်စေရန်၊ မြန်မာကျပ်ငွေ ကိုင်ထားသူ များကရွှေဝယ်၍ ရွှေဈေးတက်အောင် ဆောင်ရွက်နေကြသည်ကိုတွေ့ရကြောင်း၊ အလားတူ မော်တော်ယာဉ်များ၏ ဈေးနှုန်းမှာလည်း ထိုက်သင့်သည့်ဈေးထက်များပြား နေသည်ကိုတွေ့ရကြောင်း၊ ငွေကိုင်ထားသူများအနေဖြင့် တိုင်းပြည်နှင့် ပြည်သူလူထု ကို တိုက်ရိုက်အကျိုးရှိမည့်စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအပေါ် ရင်းနှီးမြှုပ်နှံခြင်းထက် ငွေရလွယ်ပြီးအမြတ်များများရနိုင်မည့် လုပ်ငန်းများကိုသာ လုပ်ကိုင်လိုခြင်းကိုလည်း နည်းမှန်လမ်းမှန်ဖြစ်အောင် ပြုပြင်ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ထို့ကြောင့်နိုင်ငံခြားငွေများနှင့် ရွှေဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေးအတွက် မိမိတို့ကော်မတီအနေဖြင့် စနစ်တကျ သုံးသပ်ကိုင်တွယ်ဆောင်ရွက်ရန်လိုကြောင်း။

တရားမဝင်ငွေလွှဲလုပ်ငန်း(ဟွန်ဒီ)များဖြင့် ကုန်သွယ်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်နေမှုများကို အိမ်နီးချင်းနိုင်ငံအချို့၌ စုံစမ်းဖော်ထုတ်အရေး ယူလျက်ရှိကြောင်း၊ တရားမဝင်ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်နေမှုများကြောင့် နိုင်ငံ့ စီးပွားရေးကို ထိခိုက်စေလျက်ရှိသဖြင့် ဖော်ထုတ်အရေးယူဆောင်ရွက်ရန်လိုကြောင်း၊ ကုန်သွယ်မှုနှင့်ပတ်သက်၍ ငွေးကြေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဘဏ်များဖြင့် ချိတ်ဆက်ဆောင်ရွက်ရန်လိုကြောင်း။

မိမိတို့တာဝန်ယူချိန်တွင် စီးပွားရေးအရစတင်တိုက်ခိုက်ရာ၌ ဘဏ်များကို အဓိကထားတိုက်ခိုက်ခဲ့ကြောင်း၊ ဘဏ်အချို့အခြေအနေဆိုးရွားခဲ့ကြောင်း၊ ဘဏ်စနစ် ပြိုလဲသွားပါကတိုင်းပြည်စီးပွားရေးပြိုလဲသွားနိုင်သဖြင့် မိမိကိုယ်တိုင်တာဝန်ရှိသူ များဖြင့် တိုင်ပင်ညှိနှိုင်း၍ လိုအပ်သည့် ကူညီမှု၊ ထောက်ပံ့မှု၊ ရပ်တည်မှုများ ဆောင် ရွက်ပေးခဲ့ရကြောင်း၊ ဘဏ်များပြိုလဲမှုမရှိစေရေး နိုင်ငံတော်မှထိန်းသိမ်း ကြပ်မတ် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဘဏ်များ၌ ငွေထုတ်မရအောင် ATM စက်များ အလုပ် မလုပ် နိုင်စေရန်ဆောင်ရွက်ခဲ့မှုများရှိကြောင်း၊ နိုင်ငံတော်က ထိုသို့ဆောင်ရွက်ပေးခဲ့ သော်လည်း ဘဏ်အချို့၏ဆောင်ရွက်မှုမှာ ၎င်းကာလကတည်းက သံသယ ရှိဖွယ်များ တွေ့ရှိရကြောင်း၊ သတင်းစာရှင်းလင်းပွဲများ၌လည်း ပြောကြားခဲ့ကြောင်း၊ ယခုအချိန် အထိလည်း အချို့သောဘဏ်များအနေဖြင့် ရိုးဖြောင့်စွာ လုပ်ကိုင်ဆောင် ရွက်မှုမရှိ သည်ကို တွေ့နေရကြောင်း၊ ဘဏ်များ၏ လုပ်ဆောင်ချက်များကို စနစ်တကျ စောင့်ကြည့်သုံးသပ်၍ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့်နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို အောင် မြင် အောင်ဆောင်ရွက်ရန်လိုကြောင်း၊ ပို့ဆောင်ရေးလုပ်ငန်းများတွင် ထိရောက် အောင်ဆောင်ရွက်ရန်လိုကြောင်း၊ စီမံခန့်ခွဲမှုအားနည်းချက်များကြောင့် နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ ရပ်တန့်ထားခဲ့ရကြောင်း၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသည် နိုင်ငံ့စီး ပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုကြောင်း၊ ထို့ကြောင့် မိမိတို့ အနေဖြင့် စက်ရုံအလုပ်ရုံများပြန်လည်လည်ပတ်နိုင်ရေးကြိုးပမ်း ဆောင်ရွက်လျက်ရှိ ကြောင်း၊ သွင်းကုန်များနှင့်ပတ်သက်၍ လိုအပ်သည့်ကုန်ကြမ်းများကိုနိုင်ငံအတွင်း၌ ထုတ်လုပ်၍ရကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထုတ်ကုန်များထုတ်လုပ်နိုင် ကြောင်း၊ မိမိတို့နိုင်ငံတွင် အကျိုးအမြတ်အလွယ်တကူဖြင့် မြိုးမြိုးမြတ်မြတ်ရရှိနိုင် သည့် လုပ်ငန်းများကိုသာအဓိက ဆောင်ရွက်လိုကြကြောင်း၊  စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများ နည်းပါးခြင်းကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှု နည်းပါးသဖြင့် ပြည်ပမှ သွင်းကုန်များနှစ်စဉ်တင်သွင်းနေရကြောင်း။

မိမိတို့နိုင်ငံတွင် အထူးစီးပွားရေးဇုန်များနှင့် စက်မှုဇုန်များရှိပြီးဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးပြပြီး ထိရောက်စွာဆောင်ရွက်နိုင်မှုမရှိခဲ့သဖြင့် တိုးတက်မှုများ နည်းပါးခဲ့ကြောင်း၊ အထူးစီးပွားရေးဇုန်များ ဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်၊ သီလဝါအထူး စီးပွားရေးဇုန်တို့သည် မိမိတို့နိုင်ငံအတွက် သာမက အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အထောက်အကူပြုသဖြင့် တိုးတက်မှုအမြန်ဆုံးရရှိရန်နှင့် အလုပ်ဖြစ်ရန် အမြန်ဆုံးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  အလားတူ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းများသည်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုစေနိုင်သောကြောင့် စီမံကိန်းများ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်လိုကြောင်း။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများကို အားပေးချီးမြှင့်

စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုယ်ကျိုးသက်သက်ကိုသာ ဦးစား ပေးသည့် ဝိသမလောဘသမားများရှိသကဲ့သို့ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနေသည့် စီးပွားရေးလုပ်ငန်းရှင်များလည်းရှိကြောင်း၊ ၎င်းတို့ကို နိုင်ငံတော်အနေဖြင့် အားပေးချီးမြှင့်မှု (Incentive) များလုပ်ဆောင်ပေးရန်လိုကြောင်း၊ ယခင်က ပြည်ပပို့ကုန်တင်ပို့နေမှုများ၌ ပို့ကုန်ရငွေကို ၁၀၀ ရာခိုင်နှုန်း အပ်နှံစေခဲ့ ကြောင်း၊ နောက်ပိုင်း၌ ၆၅ ရာခိုင်နှုန်းဖြေလျှော့ပေးခဲ့ကြောင်း၊ ယခုလက်ရှိကာလတွင် ၅၀ ရာခိုင်နှုန်းအထိ ဖြေလျှော့ပေးခဲ့ကြောင်း၊ ယခင် ၁၀၀ ရာခိုင်နှုန်းအပ်နှံစေခဲ့စဉ်က စောဒကမရှိသလောက်ဖြစ်သော်လည်း ၆၅ ရာခိုင်နှုန်းတွင် စောဒကများရှိလာပြီး ယခု ၅၀ ရာခိုင်နှုန်း၌ ပိုမိုများပြားလာကြောင်း၊ ယင်းအတွက်လည်း ရှင်းလင်းပြပြီးဖြစ် ကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်တွင် အစိုးရအနေဖြင့် ဝင်ရောက်ကိုင်တွယ်မှုကို လျှော့နိုင်သမျှလျှော့ရမည်ဖြစ်ကြောင်း၊ သို့သော် လက်ရှိဖြစ်ပေါ်နေသော စီးပွားရေး အရ တိုက်ခိုက်မှု၊ ပိတ်ဆို့မှုနှင့် နိုင်ငံ့စီးပွားရေး ပျက်ယွင်းအောင် ဆောင်ရွက်နေ မှုများကြောင့် အစိုးရအနေဖြင့် ဝင်ရောက်ထိန်းညှိ ဆောင်ရွက်ပေးနေရခြင်းဖြစ် ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်ကို ပြည်ပဝင်ငွေရရှိ အောင်ဆောင်ရွက် ပေးနေမှုများ၊ နိုင်ငံတော်အတွက် လိုအပ်သည့်ကုန်ထုတ်လုပ်မှု ဆောင်ရွက်နေမှုများ အပေါ် အကောင်းဆုံးဖြစ်အောင်စဉ်းစား၍ အားပေးချီးမြှင့်မှု (Incentive) များ ဆောင်ရွက်ပေးလျက်ရှိကြောင်း။

စီးပွားရေးစဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် စိုက်ပျိုးမွေးမြူရေး နှင့် စက်မှုဇုန်များ စစ်ဆေးဆောင်ရွက်

မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေး နိုင်ငံဖြစ်သဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဇုန်များ၊ စက်မှုဇုန်ကိုသတ်မှတ်၍ မြေနေရာများချပေးထားကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နေရာချထားပေးသည့် မြေနေရာများကိုလည်း အမှန်တကယ်အသုံးပြုရန်လိုကြောင်း၊ အချို့မွေးမြူရေးဇုန်များ၌ လုပ်ငန်းများဆောင် ရွက်ခြင်းမရှိသည်ကို တွေ့ရှိရကြောင်း၊ အလားတူ စိစစ်ကြပ်မတ်မှုများ အားနည်းခြင်း ကြောင့် စက်မှုဇုန်များ၌လည်း စက်မှုလုပ်ငန်းများနှင့် မသက်ဆိုင်သည့်လူနေအိမ်များ တည် ဆောက်ထားရှိမှုများကို စိစစ်တွေ့ရှိရကြောင်း၊ ထို့ကြောင့် စိုက်ပျိုမွေးမြူရေး ဇုန်များ၊ စက်မှုဇုန်များ စနစ်တကျဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ မြေ နေရာယူထားပြီး မလုပ်ကိုင်မှုများရှိပါက အမှန်တကယ်လုပ်ကိုင်လိုသူများကို ပြန်လည် ချထားပေးရန်လိုကြောင်း။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အထောက်အကူပြုသည့် စက်ယန္တရားများ၊ လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ပြည်တွင်း၌ထုတ်လုပ်နိုင်ရေး အတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကူညီဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင် ရေးလုပ်ငန်းများအတွက် တိုက်ရိုက်(သို့မဟုတ်)သွယ်ဝိုက် အကျိုးပြုစေမည့်လုပ်ငန်း များ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှသုံးသပ် ဆောင်ရွက်ကြ စေလိုကြောင်း။

ဝန်ဆောင်မှုလုပ်ငန်းများမြှင့်တင်ရေး

မကြာမီကာလအတွင်း ပွင့်လင်းရာသီသို့ ရောက်ရှိလာတော့မည် ဖြစ်သဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွားကဏ္ဍမြှင့်တင်ရေးအတွက်လည်း သက်ဆိုင်ရာတိုင်းဒေသ ကြီးနှင့် ပြည်နယ်များအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း၊ ဒေသထွက် စားသောက်ကုန်များ သန့်ရှင်းကောင်းမွန်မှုများရှိစေရေး ဆောင်ရွက်ကြရန် လိုကြောင်း၊ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ တည်ခိုးရေးနှင့်သက်ဆိုင်သည့်ဟိုတယ် များနှင့် တည်းခိုခန်းများ၊ စားသောက်ရေးနှင့် အသုံးအဆောင်ပစ္စည်းများ အဆင့် အတန်းရှိရှိဖြစ်စေရေး အတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း၊ ခရီးသွားလုပ်ငန်းများ နှင့်ပတ်သက်၍ စနစ်တကျဖြစ်စေရေး သက်ဆိုင်ရာဝန်ကြီး ဌာနများအလိုက် ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းများတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများသာမက ဝန်ဆောင်မှုလုပ်ငန်းများ လည်းပါဝင်ကြောင်း၊ အဆိုပါဝန် ဆောင်မှုလုပ်ငန်းများတွင် ဘဏ်စနစ်များ၊ သယ်ယူပို့ဆောင်ရေးစနစ်များ ကောင်းမွန်နေရန်လိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး အတွက် အားလုံးမှအမြင်ကျယ်ကျယ်ဖြင့် ရှုမြင်သုံးသပ်ဆောင်ရွက်ကြရန်လို ကြောင်း ဖြင့် မှာကြားသည်။

ထို့နောက် စီပွားရေးရာကော်မတီအတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ရှင်းလင်းတင်ပြသည်။

ယင်းနောက်နိုင်ငံခြားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြား ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး ဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီး များကမြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအဆင့်မြှင့်တင်ရေးအတွက် ဆောင်ရွက် မည့်ကိစ္စရပ်များ၊ မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးကိစ္စရပ်များ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ငါးလုပ်ငန်းဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးကိစ္စရပ် များ၊ လျှပ်စစ်ဓာတ်အားလိုင်းများ သွယ်တန်းရေးဆိုင်ရာကိစ္စရပ်များ၊ စက်မှုလုပ်ငန်း များဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ အားကစား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ချီးမြှင့်ငွေများ ပေအပ်ချီးမြှင့်မှုအခြေအနေများ၊ လမ်းများအဆင့်မြှင့်တင်ခြင်း ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် အထွေထွေဆွေးနွေးခြင်းနှင့်ပတ်သက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏ GDP တိုးတက်မှုအခြေ အနေများကို လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက တိုင်းရင်းသားလုပ်ငန်းရှင်များအား ကုမ္ပဏီများ မှတ်ပုံတင်ဖွဲ့စည်းခွင့် ပြုပေးမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ပြည်တွင်းလုပ်ငန်းရှင်များကို အားပေးဆောင် ရွက်လျက်ရှိမှုနှင့် ပြည်ပနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုများကိုလည်း ကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆီအုန်းသီးနှံစိုက်ပျိုးရေးနှင့် ထုတ်လုပ်နိုင်ရေး ကိစ္စရပ်များကိုလည်းကောင်း၊ စက်မှုဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်း များတိုးတက်စေရေး ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများကိုလည်းကောင်း၊  စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကုန်သွယ်မှု အခြေအနေများကို လည်းကောင်း၊ တရုတ်နိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သည့် ကုန်စည်ပြ ပွဲတွင် မြန်မာနိုင်ငံမှ ထွက်ကုန်များကို ပြသဆောင်ရွက်နိုင်ခဲ့မှု၊ တရားမဝင်ကုန်သွယ် မှုများမရှိစေရေး စစ်ဆေးဆောင်ရွက်လျက်ရှိမှုနှင့် တရားမဝင်ကုန်သွယ်မှုဆောင်ရွက် သူများကို တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိမှုအခြေအနေများကို လည်းကောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များနှင့် ကုမ္ပဏီများမှ သဘောတူစာချုပ်မျာလက်မှတ်ရေးထိုးမှုနှင့်ပတ်သက်၍ ဆောင်ရွက်သင့်သည်များကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဆီအုန်းသီးနှံများစိုက်ပျိုးရာတွင် စနစ်တကျဖြင့် လုပ်ငန်းများအောင်မြင် အောင်ဆောင်ရွက်ရန်လိုကြောင်း၊ ဆီကြမ်းမှ ဆီချောထုတ်ပေးသည့် စက်များအမြန် ဆုံးတည်ဆောက်နိုင်ရေးနှင့် လုပ်ငန်းများမှန်မှန်ကန်ကန် ဖြစ်အောင်ဆောင်ရွက်ရန် လိုကြောင်း၊ ဆီကြမ်းစက်ရုံများနှင့် ဆီချောစက်ရုံများကို ဆီထုတ်လုပ်ရန်အတွက် အဓိကကျသည့်နေရာများတွင် တည်ဆောက်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီး ဌာနနှင့် ကုမ္ပဏီတို့မှ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ကုန်စည်ပို့ဆောင်ရေးနှင့် ပတ်သက်၍ မှန်မှန်ကန်ကန် လုပ်ဆောင်ရန်လိုကြောင်း၊ တရားမဝင်ကုန်သွယ်မှု ဆောင်ရွက်သူများကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်ရန် လိုကြောင်း၊ စိုက်ပျိုးမြေများအား အခြားနည်းဖြင့်သုံးစွဲရာတွင် ဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ၊ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီသာ ဆောင်ရွက်ရန်လိုကြောင်း ဖြည့်စွက်မှာကြားပြီး လုပ်ငန်းများစနစ်တကျဖြစ်စေရေးနှင့် အခြားလိုအပ်သည်များ ကိုလမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် အဓိကအားဖြင့် နိုင်ငံ၏စီးပွားရေးမြှင့်တင်မှု လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် စီးပွားရေးဇုန်များဖြင့် ဆောင်ရွက်ခြင်းသည် အကောင်းဆုံးပင်ဖြစ်ကြောင်း၊ ထို့ကြောင့်စီးပွားရေးဇုန်များ တိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ လက်ရှိအခြေအနေများအရ မိမိတို့နိုင်ငံ အနေဖြင့် ကုန်သွယ်မှုများဆောင်ရွက်ရာတွင် Border Trade နှင့် Normal Trade နှစ်ခုလုံးကို မျှတအောင်ဆောင်ရွက်နိုင်ရန် လိုကြောင်း၊ ဈေးကွက်နှင့်ပတ်သက်၍လည်း တစ်ခု တည်းကိုမှီခိုခြင်းထက် အခြားဈေးကွက်မျာရရှိရေးအတွက်လည်း ဆောင်ရွက် ထားရန်လိုကြောင်း၊ ထို့ကြောင့်သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများ အနေဖြင့် ကြိုတင်မျှော်တွေးဆောင်ရွက်ထားရန်လိုကြောင်း။

ကုန်စည်စီးဆင်းမှုများ မြန်ဆန်ရေးသည်လည်း အရေးကြီးကြောင်း၊ လမ်းခရီး တစ်လျှောက်မလိုလားအပ်သည့် ငွေကြေးပေးဆောင်ရမှုများ မရှိစေရေးအတွက်လည်း တာဝန်ရှိသူများအနေဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်နေရန်လိုကြောင်း၊ နယ်စပ် ဒေသ ကုန်သွယ်မှုများဆောင် ရွက်ရာတွင်လည်း လမ်းကြောင်းတစ်ခုတည်းကို အဓိက ထားအသုံးပြုခြင်းထက် အခြားလမ်းကြောင်းများကိုလည်း စဉ်းစားဆောင်ရွက်ထားရန် လိုကြောင်း၊ ကန်ပိုက်တီး၊ မူဆယ်၊ ချင်းရွှေဟော်၊ တာချီလိတ်၊ မြဝတီ နယ်စပ်ကုန် ကုန်သွယ်မှုစခန်းများကို အဆင့်မြှင့်တင်သွားရန်လိုကြောင်း၊ နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ရာတွင် ကုန်ပစ္စည်းများ မြန်မြန်ဆန်ဆန် တင်ပို့နိုင်ရေး မိမိတို့ပို့ဆောင်မည့် ပစ္စည်းများကို မိမိတို့နိုင်ငံအတွင်း၌ ကြိုတင်စစ်ဆေး ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ အလားတူ နယ်စပ်ဒေသကုန်သွယ်ရေး အတွက် ကားလမ်းကို အသုံးပြုလျက်ရှိသကဲ့သို့ မီးရထားလမ်းများ ဖောက်လုပ်နိုင်ရေးအတွက်လည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ မူဆယ်-မန္တလေး ရထားလမ်းဖောက်လုပ်ရန် သုံးသပ် ဆောင်ရွက်နေပြီး ချင်းရွှေဟော်-လားရှိုး ရထားလမ်းလည်း ဖောက်လုပ်သင့်ကြောင်း၊  ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ မန္တလေးသို့ မီးရထားလမ်းဖောက် လုပ်ရေးလုပ်ငန်း ကိုလည်း အကောင်အထည် ဖော်နိုင်ရေးဆောင်ရွက် လျက်ရှိပြီး ဖောက်လုပ်ပြီးစီးပါက ကုန်စည်စီးဆင်းမှုများ ပိုမိုတိုးတက်လာမည်ဖြစ် ကြောင်း၊  အိန္ဒိယ၊ မြန်မာ၊ ထိုင်း ၃ နိုင်ငံ ဆက်သွယ်မှုကို အထောက်အကူပြုသည့်တမူးလမ်း ပြန်လည်ဆောင်ရွက်နိုင်ရေး အတွက်လည်း ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း။

ကုန်ပစ္စည်းများပြည်ပသို့တင်ပို့ရာတွင် ပြည်တွင်းစားသုံးမှုကို မထိခိုက်စေရန်လို ကြောင်း၊ စာရင်းဇယားများ မှန်ကန်မှုရှိရန်လိုကြောင်း၊ စပါးစိုက်ပျိုးသည့် လယ်မြေ ဧက ၁၃ သန်းကျော်တွင် သီးထပ်များ စိုက်ပျိုးနိုင်ရန် Incentive ပေး၍ ဆောင်ရွက်ရန် လိုကြောင်း၊ စပါးအပါအဝင် အခြားသီးနှံများအားလုံး ပန်းတိုင်အထွက်နှုန်းအတိုင်း ရရှိအောင်စိုက်ပျိုးနိုင်ရန် လိုကြောင်း၊ စိုက်ပျိုးရေးအတွက်လိုအပ်သည့် သွင်းအားစုများ စနစ်တကျ ထည့်သွင်းနိုင်ရန်အတွက် အလေးထားဆောင်ရွက်ကြ ရန်လိုကြောင်း၊ သီးနှံများအထွက်နှုန်းကောင်းမွန်လာပါက ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ပြီး ပြည်ပသို့တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံမှထွက်ရှိသည့် ကော်ဖီနှင့်ပြောင်း သီးနှံများသည် ပြည်ပဈေးကွက်ရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့်အလေးထား ဆောင်ရွက် ပေးရန်လိုကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် ဆွေးနွေးမှုများ သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် များစွာအကျိုးရှိကြောင်း၊ လက်တွေ့ အောင်မြင် အောင် ဆောင်ရွက်ကြရန်လိုကြောင်းပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက် ကြောင်း သတင်းရရှိသည်။