အရှေ့အာရှဆင်းရဲမှုလျှော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စံပြစီမံကိန်းနှင့် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေး

အရှေ့အာရှဆင်းရဲမှုလျှော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စံပြစီမံကိန်းနှင့် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေး

မြန်မာနိုင်ငံတွင် လူဦးရေ ၅၄ သန်းကျော်ရှိရာ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင်  နေထိုင်ကြသူများဖြစ်ကြသည်။ သို့ဖြစ်ရာ   နိုင်ငံတော်အစိုးရအနေဖြင့် မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက်

ကျဉ်းမြောင်းစေရေးနှင့် ဆင်းရဲမှုလျော့ကျစေရေးအတွက် နယ်မြေဒေသအလိုက် ဖွံ့ဖြိုးရေးအစီအစဉ်များ ရေးဆွဲချမှတ်၍ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်များကို ကဏ္ဍအလိုက် အစိုးရ-ပုဂ္ဂလိက-ပြည်သူပူးပေါင်း ဆောင်ရွက်မှုဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

ယခုကဲ့သို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်ရာတွင်   အဓိကအခြေခံလိုအပ်ချက်ဖြစ်သည့် ကျေးလက်အခြေခံအဆောက်အဦဖွံ့ဖြိုးရေး တစ်ခုတည်း ဆောင်ရွက်ခြင်းမဟုတ်ဘဲ ကျေးလက်နေ ပြည်သူများ၏  လူမှုစီးပွားဘဝများဟန်ချက်ညီစွာ    ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ အထောက်အကူပြုရေးအတွက်ပါ ယှဉ်တွဲဆောင်ရွက်နိုင်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ ဖြစ်စေနိုင်မည်ဖြစ်ပါသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ရရှိနိုင်မည့် ဘဏ္ဍာငွေအရင်းအမြစ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)   ပြည်သူ့ဘဏ္ဍာရန်ပုံငွေ၊

(ခ )    အကူအညီရငွေ၊

(ဂ )   ပြည်ပချေးငွေ၊

(ဃ)   ပြည်သူထည့်ဝင်ငွေ၊

(င )    ပြည်တွင်း   ပုဂ္ဂလိက/အဖွဲ့          အစည်းများမှ ထည့်ဝင်     လှူဒါန်းငွေ။

အဆိုပါ  ဘဏ္ဍာရန်ပုံငွေများအနက် အကူအညီရငွေဟုဆိုရာတွင် နိုင်ငံခြားအစိုးရများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ အစိုးရအဖွဲ့အစည်းများ ဆောင်ရွက်နေသောလုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းများအတွက် အသုံးစရိတ်များကို စေတနာအလျောက်အကူအညီပေးသည့် ပြန်လည်ပေးဆပ်ရန်မလိုသော ထောက်ပံ့ငွေ (ငွေကြေး၊ ပစ္စည်းနှင့်  ဆောင်ရွက်ပေးမှု)ဖြစ်ပြီး ရေတိုရေရှည်  အကျိုးဖြစ်ထွန်းစေမည့် အထောက်အပံ့များပင် ဖြစ်ပါသည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရန် ဘဏ္ဍာငွေအရင်းအမြစ်တစ်ခုဖြစ်သည့် အကူအညီရငွေကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကူညီထောက်ပံ့၍    ကျွန်မတို့ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ၍  အကောင်အထည်ဖော်လျက်ရှိသော အရှေ့အာရှဆင်းရဲမှု လျှော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစံပြ စီမံကိန်းအကြောင်းကို ရေးသားတင်ပြသွားပါမည်။

နောက်ခံသမိုင်း

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်  နိုဝင်ဘာလ၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၇) ကြိမ်မြောက် အာဆီယံ+၃ (တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား) နိုင်ငံခေါင်းဆောင်များအစည်းအဝေးတွင်  တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာလီခချန်က အရှေ့အာရှဆင်းရဲမှုလျှော့ချရေးပူးပေါင်းဆောင်ရွက်မှု ကနဦးဆောင်ရွက်ချက် လုပ်ငန်းများအား  ချမှတ်အကောင်အထည်ဖော်  ဆောင်ရွက်သင့်ကြောင်း   အဆိုပြုဆွေးနွေးခဲ့ပါသည်။   အဆိုပါ ဆွေးနွေးချက်အရ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနိုင်ငံတို့ရှိ      ကျေးရွာ(၆)ရွာတွင် အရှေ့အာရှဆင်းရဲမှုလျှော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု   စံပြစီမံကိန်း အမည်ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် အရှေ့အာရှ ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စံပြစီမံကိန်းအား နေပြည်တော်ကောင်စီနယ်မြေနှင့် ၈၀ ကီလိုမီတာခန့်ကွာဝေးသည့် လယ်ဝေးမြို့နယ် မင်းပြင်ကျေးရွာနှင့် ၆၁ ကီလိုမီတာခန့် ကွာဝေးသည့် တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းအား ပံ့ပိုးငွေကျပ် ၂၂၇၂ ဒသမ ၂၅ သန်းဖြင့်၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၃ ရက်အထိ သုံးနှစ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရပါသည်။

လယ်ဝေးမြို့နယ် မင်းပြင်ကျေးရွာတွင် စီမံကိန်းဆောင်ရွက်မှု

စီမံကိန်းကျေးရွာတစ်ရွာဖြစ်သည့် မင်းပြင်ကျေးရွာတွင်  အခြေခံအဆောက်အဦလုပ်ငန်းများအနေဖြင့်  ကွန်ကရစ်လမ်း၊  River Bank ရေကာနံရံ ၄၉၅ ပေ၊ တွင်းနက်တူးဖော်ခြင်း၊ အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်းတို့အပြင် မီးလင်းရေးလုပ်ငန်းတွင် 1 KV Line-1300 miles၊ 0.4 KV Line- 4.53miles၊ 315 KVA Transformer and Substation နှင့် ဆိုလာလမ်းမီးတိုင် တပ်ဆင်ခြင်းလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် နှစ်ထပ်ကျောင်းဆောင်သစ်၊ ကျောင်းအားကစားကွင်း  ပြန်လည်ပြုပြင်ခြင်း၊ ကျောင်းသုံးစားပွဲနှင့်ကုလားထိုင် ၁၄၄ စုံ၊ ဆရာ/ဆရာမများ စားပွဲခုံရှစ်စုံ  ပံ့ပိုးပေးခြင်း၊ လူထုဖွံ့ဖြိုးမှုစင်တာ တည်ဆောက်ပေးခြင်း၊ စွန့်ပစ်အမှိုက်စီမံခန့်ခွဲခြင်းစနစ်နှင့် အသိပညာပေးခြင်းအပြင် စီမံကိန်းမှအမှိုက်သိမ်းယာဉ်သုံးဘီးတစ်စီး၊ အမှိုက်စွန့်ပစ်ကျင်းတစ်ကျင်း၊ အမှိုက်ပုံးများနှင့် ဆက်စပ်ပစ္စည်းများ  ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။

အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ   ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးကဏ္ဍအနေဖြင့် စပါး၊ နှမ်း၊ မြေပဲသီးနှံများအား  စံပြစိုက်ကွက်များအဖြစ်စိုက်ပျိုး၍ သွင်းအားစုနှင့် မျိုးကောင်းမျိုးသန့်များ ပံ့ပိုးပေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ သင်တန်းများပို့ချပေးခြင်း၊ စံပြပျိုးခြံတစ်ခြံတည်ထောင်၍ ရာသီအလိုက် သီးနှံများနှင့် ပန်းများစိုက်ပျိုးခြင်း၊ အိမ်ထောင်စု ၃၀ သို့ မျိုးစေ့များပံ့ပိုး၍ နေအိမ်ခြံဝင်းများတွင် တစ်နိုင်တစ်ပိုင် စိုက်ခင်းများ ဖော်ဆောင်ပေးခြင်း၊ မွေးမြူရေးလုပ်ငန်းအနေဖြင့်  တိုင်းရင်းကြက်မွေးမြူရေး လုပ်ငန်းအား အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာရှိမွေးမြူရေး စိတ်ပါဝင်စားသူများအား အစုအဖွဲ့ဖွဲ့စည်းပေးပြီး ကြက်ခြံနှစ်ခြံတည်ဆောက်၍ စီမံကိန်းမှ လိုအပ်သော   မွေးမြူရေးဆိုင်ရာ သင်တန်းများ ပို့ချခြင်း၊ တိုင်းရင်းကြက်မျိုးအကောင် ၄၀၀ နှင့် မွေးမြူရေးဆေးသုံးလစာ ပံ့ပိုးပေးခြင်း၊ ၎င်းင်းအပြင် ဝါးလက်မှုလုပ်ငန်း နည်းပညာသင်တန်းများ  ဖွင့်လှစ်ခြင်း၊ ဝါးလက်မှုလုပ်ငန်းအတွက် အလုပ်ရုံတစ်ခု တည်ဆောက်ခြင်း၊   ဝါးပေါင်းကန်နှင့် လိုအပ်သောဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးခြင်း လုပ်ငန်းများကို  ဆောင်ရွက်ခဲ့ပြီး ဈေးကွက်ဝင်ဝါးလက်မှုပစ္စည်းများ ထွက်ရှိသည်အထိ  ဆောင်ရွက် ပေးခဲ့ပါသည်။

တပ်ကုန်းမြို့နယ် အေးချမ်းသာကျေးရွာတွင် စီမံကိန်းဆောင်ရွက်မှုအခြေခံအဆောက်အဦ တည်ဆောက်ခြင်း လုပ်ငန်းများအနေဖြင့် အေးချမ်းသာကျေးရွာတွင် ကွန်ကရစ်လမ်း၊ ရွာတွင်းရိစာလမ်းဖောက်လုပ်ခြင်း၊ ရေရရှိရေးလုပ်ငန်းတွင် ကျေးရွာနှင့် ၂ မိုင်ခန့်အကွာအဝေးရှိ ဆင်သေဆည် Reservoir  မှ ကျေးရွာသို့ ပိုက်လိုင်းဖြင့် ရေသွယ်ယူခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ ရေစင်နှင့် ဂါလန် ၂၀၀၀၀ ဆံ့ ရေစစ်ကန် တည်ဆောက်ခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ မီးလင်းရေးလုပ်ငန်းတွင် 11 KV Line-300 miles၊ 0.4KV Line-21113 miles၊  200KVA Transformer၊ 50KVA Transformer and Substation တည်ဆောက်ပေးခြင်း၊ အများနှင့်သက်ဆိုင်သည့် အဆောက်အအုံများတွင် ဆိုလာမီးတိုင် ၁၄ တိုင်၊ လမ်းမီးတိုင် ၂၆ တိုင် စုစုပေါင်း ဆိုလာမီးတိုင် ၄၀ တိုင်တို့အား အကောင်အထည်ဖော်  ဆောင်ရွက်ခဲ့ပါသည်။

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် အေးချမ်းသာကျေးရွာတွင် စာကြည့်တိုက်ပါဝင်သော ကျောင်းဆောင်သစ်၊ ကျောင်းအိမ်သာလေးခန်းတွဲ နှစ်လုံးနှင့် ဆရာ၊ ဆရာမ အိပ်ဆောင်၊ လူထုဖွံ့ဖြိုးရေး စင်တာတည်ဆောက်ပေးခြင်း၊ ၃၂၀၀  စတုရန်းပေ ကျောင်းအားကစားကွင်းနှင့် ကျောင်းခြံစည်းရိုး၊  ကျောင်းစားပွဲနှင့် ကုလားထိုင် ၂၀၀ စုံ၊ ဆရာ/ဆရာမစားပွဲခုံ ခြောက်စုံထောက်ပံ့ပေးခြင်း၊  ၉၀၀ စတုရန်းပေ ဆေးပေးခန်းနှင့် ၃၄၅၆  စတုရန်းပေ အားကစားကွင်းတည်ဆောက်ပေးခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ စွန့်ပစ်အမှိုက်စီမံခန့်ခွဲခြင်းစနစ် မိတ်ဆက်အသိပညာပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး   စီမံကိန်းမှအမှိုက်သိမ်းယာဉ် သုံးဘီးတစ်စီး၊ အမှိုက်စွန့်ပစ်ကျင်းတစ်ကျင်း၊ အမှိုက်ပုံးများ၊ ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။

အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအနေဖြင့်လည်း ကျေးရွာစိုက်ပျိုးရေးကဏ္ဍအတွက် လယ် ၄၃ ဧကတွင်  စပါး၊ နှမ်း၊ မြေပဲ၊ မတ်ပဲ၊ နေကြာသီးနှံများအား စံပြစိုက်ကွက်များအဖြစ် စိုက်ပျိုး၍ သွင်းအားစုနှင့် မျိုးကောင်းမျိုးသန့်များ ပံ့ပိုးပေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာသင်တန်းများပို့ချပေးခြင်း၊ စံပြပျိုးခြံတစ်ခြံတည်ထောင်၍  ရာသီအလိုက်သီးနှံများနှင့် ပန်းများစိုက်ပျိုးခြင်း၊ အိမ်ထောင်စု ၇၆ စုသို့ မျိုးစေ့များပံ့ပိုး၍  နေအိမ်ခြံဝင်းများတွင်  တစ်နိုင်တစ်ပိုင်စိုက်ခင်းများ  ဖော်ဆောင်ပေးခြင်းအပြင်   မှိုစိုက်ပျိုးခြင်းနည်းပညာသင်တန်းဖွင့်လှစ်ပို့ချပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ မွေးမြူရေးလုပ်ငန်း

အနေဖြင့်    နည်းပညာသစ်အသုံးပြု၍ စံပြဝက်မွေးမြူနိုင်ရန်အတွက် မွေးမြူရေး စိတ်ပါဝင်စားသူများအား အစုအဖွဲ့စနစ်ဖြင့် စံပြဝက်မွေးမြူရေးခြံတည်ဆောက်ပေးခြင်း၊ မွေးမြူရေးဆိုင်ရာနှင့် ရောဂါကာကွယ်ရေး ဆိုင်ရာ အသိပညာပေးခြင်း၊ အစာနှင့်ဆေးပံ့ပိုးပေးခြင်းလုပ်ငန်းများအား  အားပေးမြှင့်တင် ဆောင်ရွက်ခဲ့ပါသည်။  ထို့ပြင် အသေးစားစက်မှုလက်မှုကဏ္ဍဖွံ့ဖြိုးရေးအတွက်လည်း စက်ရက်ကန်းအထည် စက်ရုံတည်ဆောက်ပေးခြင်း၊ စက်ရက်ကန်းစင် လေးစုံ၊ ချည်ဖောက်စက်တစ်စုံနှင့် ဆက်စပ်ပစ္စည်းများ ပံ့ပိုးပေးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအား အားပေးမြှင့်တင်ဆောင်ရွက်ခဲ့ပါသည်။

စီမံကိန်းအကျိုးရလဒ်နှင့် အကျိုးသက် ရောက်မှုဤစီမံကိန်းသည်  အမှန်တကယ် သိသာထင်ရှားစွာ အကျိုးထိရောက်မှုရှိသော စီမံကိန်းလုပ်ငန်းဖြစ်ပြီး တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား နီးနီးကပ်ကပ် လက်တွဲပူးပေါင်း  ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအကြား မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ပေးစေခဲ့ပါသည်။   စီမံကိန်း အကောင်အထည်ဖော်  ဆောင်ရွက်မှု၏ ရလဒ်ကောင်းများကို  တရုတ်ပြည်သူ့သမ္မတနိုင်ငံ   အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု   ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၊  စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊  အပြည်ပြည်ဆိုင်ရာဆင်းရဲမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှု စင်တာနှင့် မြန်မာနိုင်ငံအစိုးရဘက်မှ အဆင့်ဆင့်သော တာဝန်ရှိသူများက အသိအမှတ်ပြုချီးကျူးခဲ့ကြသလို  စီမံကိန်းကျေးရွာသူ/ကျေးရွာသားများကလည်း စီမံကိန်းအပေါ်   စိတ်ကျေနပ်မှုများ ရရှိခဲ့ကြောင်း သိရှိခဲ့ရပါသည်။  ၂၀၁၉ ခုနှစ်  နိုဝင်ဘာလတွင်  ကျင်းပခဲ့သော (၁၁)ကြိမ်မြောက် အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးတွင် တက်ရောက် လာကြသည့် ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အာဆီယံ(၁၀)နိုင်ငံမှ ကိုယ်စားလှယ် ၉၀ ကျော်က ကွင်းဆင်းလေ့လာနိုင်ရန်အတွက် အေးချမ်းသာကျေးရွာအား  စံနမူနာကျေးရွာအဖြစ် ရွေးချယ်ပြသနိုင်ခဲ့ပါသည်။ အဆိုပါ ကိုယ်စားလှယ်များက    အေးချမ်းသာကျေးရွာတွင် ကွင်းဆင်းလေ့လာခဲ့ပြီးနောက် ကျေးရွာ၏စီမံကိန်းဆောင်ရွက် ထားရှိမှုများအား   နိုင်ငံတကာဆင်းရဲနွမ်းပါးမှုလျှော့ချရေး စံပြစီမံကိန်းတစ်ခုဖြစ်သည်ဟု ကိုယ်စားလှယ်များက   အသိအမှတ်ပြုခဲ့ကြပါသည်။

စီမံကိန်းကျေးရွာနှစ်ရွာတွင် လိုအပ်သော အသက်မွေးဝမ်းကျောင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ သင်တန်းများ ပို့ချခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့်   စီမံကိန်းကျေးရွာနေ ကျေးရွာသူ၊ ကျေးရွာသား များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိလာပြီး  ကျေးရွာတွင် ရေရှည်တည်တံ့ခိုင်မြဲပြီး စဉ်ဆက်မပြတ် ထုတ်ကုန်များရရှိလာစေခြင်းဖြင့် စီးပွားရေး အခြေခံကောင်းများ ရရှိလာစေပါသည်။

ကျေးလက်ဒေသ အခြေခံအဆောက်အဦလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် စီမံကိန်းကျေးရွာ၏ လူနေမှုအဆင့်အတန်းမြင့်မားလာ၍    လူမှုစီးပွားဘဝများ    သိသာစွာဖွံ့ဖြိုးတိုးတက် ကောင်းမွန်လာခဲ့ပြီး စီမံကိန်းကျေးရွာနှစ်ရွာ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာသော အုတ်မြစ်ဖြစ်ခဲ့ပါသည်။ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ကောင်းမွန်လာသဖြင့်  ကျေးရွာသူ၊ ကျေးရွာသားများအတွက် အခွင့်အလမ်းများပေးစွမ်းနိုင်သည့် လူမှုပတ်ဝန်းကျင်ကောင်းများ တိုးတက်ဖြစ်ပေါ်လာခြင်းနှင့်  ပျော်ရွှင်ဖွယ်ဘဝနေထိုင်မှုပုံစံများ ပိုင်ဆိုင်လာစေရန် မြှင့်တင်ပေးနိုင်ခဲ့ပါသည်။ စီမံကိန်းလုပ်ငန်းစဉ်များ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေးကဏ္ဍများတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး   လုပ်ငန်းစဉ်များအား မြန်မာ့ရိုးရာယဉ်ကျေးမှုထုံးတမ်းဓလေ့များ၊ ကျေးရွာသူ၊ ကျေးရွာသားများ၏ ဓလေ့ထုံးတမ်းများနှင့်ပေါင်းစပ်၍ လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ကျေးရွာများတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ဂေဟဗေဒစနစ်နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ  အသိပညာမြှင့်တင်ပေးခြင်းများ  ဆောင်ရွက်ပေးခဲ့ခြင်းအားဖြင့် ကျေးရွာသူ၊ ကျေးရွာ သားများသည် သင်ယူရရှိခဲ့သော အသိအမြင်များကိုကျင့်သုံး၍ စီမံကိန်းလုပ်ငန်းများအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။   စီမံကိန်းကျေးရွာနှစ်ရွာမှ ကျေးရွာသူ၊ ကျေးရွာသား များသာမက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနများမှ ဝန်ထမ်းများ

လည်း နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်သည့် အတွေ့အကြုံကောင်းများရရှိခဲ့ပါသည်။

ခေတ်မီစံပြကျေးရွာစီမံကိန်း(Smart Village)မွေးဖွားခြင်း

ဤစီမံကိန်းမှရရှိလာသော ဖွံ့ဖြိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ ၁၀  နှစ်တာကာလအတွင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သော ကျေးလက်ဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ၏ အတွေ့အကြုံကောင်းများအပေါ်အခြေခံ၍ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိအကြီးအကဲများ၊  ဖွံ့ဖြိုးရေးဆိုင်ရာပညာရှင်များက   ခေတ်မီစံပြကျေးရွာ ထူထောင်ရေး စီမံကိန်းကို ဒီဇိုင်းရေးဆွဲဖော်ထုတ်ပြီး ၂၀၂၁-၂၀၂၂ ခုနှစ်မှစတင်၍ နေပြည်တော် ကောင်စီနယ်မြေ    လယ်ဝေးမြို့နယ်၊ပျဉ်းမနားမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့တွင် ကျေးရွာတစ်ရွာစီ Pilot အဖြစ်ရွေးချယ်၍ စတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ တိုင်းဒေသကြီး/ပြည်နယ် အားလုံးတွင် ကျေးရွာ ၈၈ ရွာအထိ တိုးမြှင့်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်     ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး စံပြစီမံကိန်းမှရရှိသော အကျိုးရလဒ်များကိုအခြေခံ၍ တရုတ်နိုင်ငံအထောက်အပံ့ဖြင့် အရှေ့အာရှဆင်းရဲမှုလျှော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း(အဆင့်-၂) China-Aided East Asia Poverty Reduction Cooperation Project Phase-II (Myanmar)ကို ပံ့ပိုးငွေ  အမေရိကန်ဒေါ်လာ  ၄ ဒသမ ၂၅  သန်းဖြင့်  တိုင်းဒေသကြီးနှစ်ခုရှိ ကျေးရွာနှစ်ရွာစီနှင့်   ရှေ့ပြေးစီမံကိန်းအဖြစ် ဆောင်ရွက်ခဲ့သည့် စီမံကိန်း ကျေးရွာနှစ်ရွာတို့၏   စီမံကိန်းလုပ်ငန်းများအား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအတွက် နှစ်နှစ်ကြာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှုလျှော့ချရေး ဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်သော အရှေ့အာရှဆင်းရဲမှုလျှော့ချရေးဆိုင်ရာ  ပူးပေါင်းဆောင်ရွက်မှု စံပြစီမံကိန်း၏ အစီအစဉ်ဖြင့်    ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော  စီမံကိန်း လုပ်ငန်းများသည် စီမံကိန်းပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်မှုရုံးများမှ ဝန်ထမ်းများ၏ စည်းရုံးဆောင်ရွက်မှု၊ ကျေးရွာသူ၊ ကျေးရွာသားများ၏ ညီညွတ်စွာ  ပူးပေါင်းဆောင်ရွက်မှုများကြောင့် ကျေးရွာရန်ပုံငွေထူထောင်နိုင်သည်အထိ ဝင်ငွေရရှိလာခြင်း၊ ကျေးရွာကော်မတီဝင်များအနေဖြင့်လည်း တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ နည်းပညာများအား သင်ကြား /ဖြန့်ဝေပေးနိုင်ခြင်း၊ ကျေးရွာသူ၊ကျေးရွာသားများအနေဖြင့်လည်း မိသားစုဝင်ငွေတိုးတက်လာစေပြီး ဆင်းရဲမှုလျှော့ချရေးအတွက် အထောက်အကူပြုနိုင်ခဲ့ပြီး စီမံကိန်းကျေးရွာနှစ်ရွာရှိ   လုပ်ငန်းများရေရှည် လည်ပတ်ထိန်းသိမ်းနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ခေတ်မီစံပြကျေးရွာများ   နှစ်စဉ်တိုးချဲ့ဆောင်ရွက်ကာ ကျေးလက်ဒေသဖွံ့ဖြိုးရေးကို    ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း တင်ပြလိုက်ရပါသည်။   ။

ညိုညိုဝင်း-ကျေးလက်