အအေးပတ်ခြင်းကြောင့်ဖြစ်သောအဆုတ်ပွရောဂါ
အဆုတ်ပွရောဂါသည် မိုးရာသီတွင် အဖြစ်များသောရောဂါဖြစ်သည်။ အဆုတ်လေပြွန်များအတွင်း ရေငွေ့များဝင်ရာမှ ပြန်မထွက်နိုင်ဘဲ အဆုတ်အအေးပတ်မှု ဖြစ်ပွားခြင်းဖြစ်သည်။ ထို့နောက် အဆုတ်ပွရောဂါ၊ အဆုတ်ရောင်ရောဂါများ ဆက်၍ဖြစ်လာသည်။
မိုးရေထဲသွားလာနေသူများသည် ရှူသွင်းသောလေတွင် ရေငွေ့များပါသဖြင့် ကြာလာသောအခါ အဆုတ်အတွင်းတွင် ပြန်မထွက်နိုင်သောရေငွေ့အမှုန်လေးများစုမိလာသည်။ နှာချေခြင်းသည် ဖုန်နှင့်အမှုန်များဝင်မှမဟုတ် ရေငွေ့များပြန်ထွက်စေရန် အတွက်လည်း အဆုတ်အတွင်းမှ အမျှင်များက ခါထုတ်သဖြင့်လည်းဖြစ်နိုင်သည်။ အဆက်မပြတ်နှာချေနေခြင်းသည် အဆုတ်အတွင်း ရေငွေ့များရှိနေခြင်း လက္ခဏာဖြစ်သည်။
မိုးရွာထဲမှပြန်လာသောအခါ ပရုတ်ဆီအနည်းငယ်ကို ရေနွေးခွက်အတွင်း ထည့်ဖျော်၍အုပ်ထားပြီး ဖွင့်လိုက်သောအခါ ထွက်လာသည့်ပရုတ်ငွေ့ကိုရှူပေးခြင်းဖြင့် အဆုတ်အအေးပတ်ခြင်းမှ ကာကွယ် နိုင်သည်။ သို့မဟုတ် ချင်းတစ်တက်ကို ထုထောင်းပြီး ရေနွေးခွက်အတွင်းထည့်၍ သောက်သုံးပေးခြင်းဖြင့် အဆုတ်အအေးပတ်ခြင်းမှ ကာကွယ်နိုင်သည်။ အဆုတ်ရေဝိုင်းသည့်ရောဂါ၊ အဆုတ်ရေဝပ်သည့် ရောဂါကြောင့် အဆုတ်အတွင်းတွင် ပိုးများပေါက်ပွားပြီး အဆုတ်ရောင်ရောဂါနာတာရှည် ဖြစ်လာနိုင်သည်။
တငွေ့ငွေ့ကိုယ်ပူ၍ ဖျားခြင်းသည် အဆုတ်ရောင်ခြင်းကြောင့်ဖြစ်နိုင်သည်။ ပိုးကြောင့်ဖြစ်သော အဆုတ်ရောဂါများသည် အဆုတ်တွင် ရေဝပ်ရာမှ စတင်ဖြစ်ပွားလေ့ရှိသည်။
အဆုတ်အတွင်း ရေငွေ့များနေသဖြင့် နှာချေခြင်း၊ ချောင်းဆိုးခြင်း အကြိမ်ရေများလာ၍ ရက်ရှည် လာသောအခါ အဆုတ်နှင့်လေပြွန်အတွင်းမှ သွေးကြောငယ်လေးများပေါက်ပြီး သွေးပါလာသည်။ ချောင်းဆိုးသွေးပါရောဂါဟုခေါ်သည်။ အခန်းအောင်းနေသူများ၊ နေရောင်ခြည်မရသည့်အခန်းတွင် ကြာရှည်အလုပ်လုပ်ရသူများတွင် ဤရောဂါဖြစ်ပွားလေ့ရှိသည်။
နေရောင်ခြည်၏တန်ဖိုး
နေရောင်ခြည်၏တန်ဖိုးကို မိုးရာသီတွင် သိရသည်။ ရက်ရှည်မိုးရွာ၍စိုထိုင်းနေသော အဝတ်များသည် နေရောင်ခြည်နှင့် ထိတွေ့သောအခါ အခြောက်မြန်သည်။ အိမ်တွင်းအရိပ်တွင် အခြောက်ခံသောအဝတ်များ၊ ပန်ကာလေဖြင့် အခြောက်ခံသော အဝတ်များသည် အနံ့အသက်မကောင်းပေ။ နေရောင်ခြည်သည် ရောဂါပိုးများကို သေစေနိုင်သောသတ္တိရှိသည်။ ဖြစ်နိုင်လျှင် ခြောက်သွေ့ပြီး အဝတ်ပင်ဖြစ်စေ နေရောင်ခြည်ခေတ္တ ပြပေးသင့်သည်။ အဝတ်အထည်များတွင် မှိုကပ်သောကြောင့်၊ မှိုစွဲခြင်းကြောင့်လူ၏ အရေပြားတွင် ယားယံခြင်း၊ ညှင်းပေါက်ခြင်း၊ သနပွေးခေါ်ပွေးကွက်ငယ်များပေါက်ခြင်း ဖြစ်ပွားလေ့ရှိသည်။ ရေချိုးသောအခါ ဆပ်ပြာရည်ကို ကုန်စင်အောင်မချိုးသဖြင့် အဝတ်အစားများတွင် ကျန်နေသော ရေငွေ့များကြောင့် တစ်ကိုယ်လုံးအဖုအပိမ့်များထွက်ပြီး ယားယံလာသည်။ ကုတ်ဖဲ့ရာမှ ဝဲ၊ နှင်းခူအနာများ ဖြစ်လာနိုင်သည်။ မိုးများသောအရပ်တွင် နေရောင်ခြည်ထွက်သောအခါ အဝတ်အထည်များသာမက စောင်၊ အိပ်ရာခင်းများကိုပါ နေရောင်ခြည်ပြပေးသင့်သည်။ အိမ်ခန်းအတွင်းသို့ နေရောင်ခြည်ဝင်အောင် ပြတင်းပေါက်များဖွင့်ပေးခြင်းဖြင့် ရေငွေ့ဖြင့်ပေါက်ပွားမည့် ရောဂါများ အန္တရာယ်မှလည်း ကာကွယ် ပေးနိုင်ပေသည်။ နေရောင်ခြည်မဝင်သောအခန်းများ၊ အဲကွန်းအလုံခန်းများတွင် နေထိုင်သူများသည် မိုးရာသီတွင် အဆုတ်ပွရောဂါဖြစ်ပွားနိုင်သဖြင့်သတိပြုသင့်သည်။
မိုးရာသီတွင် စားသုံးသင့်သောဓာတ်စာများ
မိုးရာသီတွင် ကျန်းမာရေးမကောင်းသဖြင့် အခန်းတွင်းအောင်းနေရသည့် သက်ကြီးရွယ်အိုများကို လေကောင်း၊ လေသန့်ရသည့်နေရာ၌ တစ်နာရီခန့် နေပူစာလှုံပေးသင့်သည်။ လူကြီးများသည် အသက်အရွယ်ကြောင့် အဆုတ်ပွလွယ်သည်။ ရေငွေ့များအောင်းပြီး နေရောင်ခြည်မဝင်သည့်အခန်းတွင် အနေကြာလျှင် အဆုတ်ပွ၊အဆုတ်ရောင်၊ ချောင်းဆိုး၊ ရင်ကျပ်၊ တငွေ့ငွေ့ကိုယ်ပူသော အဖျားရောဂါများ ဝင်လာနိုင်သည်။ နေရောင်ခြည်မဝင်သောအခန်းတွင် ရောဂါပိုးပေါက်ပွားလွယ်သည်။ အဆုတ်တွင် ရေငွေ့ဝင်၍ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ အဆုတ်အအေးပတ်ခြင်းမှ ကာကွယ်နိုင်သော မီးဖိုချောင်သုံးအစားအစာမှာ ကြက်သွန်ဖြူဖြစ်သည်။ ကြက်သွန်ဖြူဥတစ်လုံးကိုမီးဖုတ်၍ဖြစ်စေ၊ ဥအမြွှာများကို သီတံဖြင့်တံစို့ထိုးမီးကင်၍ဖြစ်စေ နေ့စဉ် တစ်ဥ သို့မဟုတ် ခုနစ်မြွှာခန့်စားပေးလျှင် အဆုတ်အအေးပတ်ခြင်းမှ ကာကွယ်နိုင်သည်။ ငွေကုန်ကြေးကျမများ၊ပိုးသတ်ဆေးများလည်း မသောက်ရသည့် သဘာဝဓာတ်စာဖြစ်သည်။
အဆုတ်ပွ၍ဖျားလျှင် တငွေ့ငွေ့နှင့်ရက်ရှည်ပြီး အစားအသောက်မစားချင် ခံတွင်းပျက်လာတတ်သည်။ အဆုတ်သည် နှလုံးမှပေးပို့သောသွေးညစ်များကို ပြင်ပမှရှူသွင်းသည့်လေနှင့်ထိတွေ့ပေးပြီး သွေးသစ် ဖြစ်အောင် သန့်စင်ပေးရာဌာနဖြစ်သဖြင့် ကျန်းမာရေးအတွက် အလွန်ပင်အရေးကြီးသည်။ အဆုတ်မကောင်းလျှင် သွေးလည်းမသန့်စင်နိုင်ပေ။ အလွန်အရေးကြီးသည့်ကိုယ်တွင်းအင်္ဂါဖြစ်သည်။ ကြက်သွန်နီသည်လည်း အအေးပတ်ခြင်းမှ ကာကွယ်ပေးသည့်အာနိသင်ရှိသည်။ ဟင်းချက်ရာတွင် ကြက်သွန်နီ ပါသော်လည်း အပူပေးသဖြင့် ဥမှထွက်သော အခိုးအငွေ့အာနိသင်ပျက်သွားသည်။ အစိမ်းစားခြင်းဖြင့်စူးရှသော အခိုးအငွေ့ကိုရနိုင်သည်။
ကြက်သွန်နီတစ်ဥကို ပါးပါးလှီးပြီး ရှောက်ရည်သို့မဟုတ် သံပရာရည်ဆမ်းပြီး ထမင်းစားသည့်အခါတိုင်း စားသုံးပေးခြင်းဖြင့် ရောဂါပိုးများစွာကို ကာကွယ်ပေးနိုင်သည်။ ကြက်သွန်နီဥကိုလှီးပြီးလျှင် ရေအကြိမ်ကြိမ် မဆေးဘဲ တစ်ကြိမ်ခန့်သာဆေးသင့်သည်။
ကြက်သွန်နီသည် ဆီးကောင်းစေသဖြင့် မိုးရာသီတွင် ခြေထောက်ရေစို၍ခြေအေးခြင်း၊ အပူငုပ်၍ဆီးပူခြင်း၊ ဆီးအောင့်ခြင်းများအတွက်ပါ ကာကွယ်ပေးနိုင်သည်။ ဆီးလမ်းကြောင်းနှင့်ကျောက်ကပ်အတွက်ပါ ကောင်းမွန်သည်။
စားသုံးသင့်သောဆေးဖက်ဝင်အစားအစာများ
မိုးရာသီတွင် အဓိကစားသင့်သည့်အရသာမှာ အခါးဟု ရှေးဓာတ်စာဆရာကြီးများကဆိုသည်။ အပြင်တွင်အေးပြီး အအေးပတ်သဖြင့် ကိုယ်တွင်းငုပ်နေသောအပူဓာတ် (ဥဏှတေဇော) နှင့် တွဲလျက်ဖြစ်ပေါ်လာသော (ဥဏှဝါယော) လေပူအထက်သို့ကန်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းပူခြင်း၊ အဆုတ်အပူအောင်းခြင်းတို့ကို အခါးအရသာစားပေးခြင်းဖြင့် သက်သာစေနိုင်သည်ဟုဆိုသည်။ ခွေးတောက်ရွက်၊ ကြောင်လျှာသီး၊ ကြက်ဟင်းခါးသီးတို့ကို သင့်တင့်ရုံစားပေးခြင်းဖြင့် ကျန်းမာရေးအတွက် ကောင်းမွန်စေနိုင်သည်။
အအေးပတ်ဖျားခြင်းအတွက် မြန်မာဆေးတွင် ကွမ်းရွက်ပြုတ်ရည်သည်လည်း အလွန်ထိရောက်သည်။ အခိုးပွင့်ဆေး၊ အဖျားပြတ်ဆေး၊ အကိုက်အခဲပျောက်ဆေး မည်သည့်ဆေးကိုသောက်သည်ဖြစ်စေ ကွမ်းရွက်ပြုတ်ရည်နှင့်သောက်လျှင် ပို၍လျင်မြန်စွာ ဆေးအာနိသင်ထိရောက်သည်ကိုတွေ့ရှိရသည်။ အခိုးငုပ်ခြင်းကို ပြန်လည်ကောင်းမွန်စေနိုင်သည့် အာကာသဓာတ်ကွမ်းရွက်တွင်ရှိသည်ဟု ရှေးဆရာကြီးများ၏ အဆိုရှိသည်။
အအေးပတ်၍ ရောဂါဖြစ်ခြင်းနှင့်အဆုတ်အတွင်း ပိုးဝင်၍ရောဂါဖြစ်ခြင်းဟူ၍နှစ်မျိုးရှိသည်။ ထိုနှစ်မျိုး စလုံးပင် အဆုတ်ဖျားဟူ၍ခေါ်ရမည်ဖြစ်သည်။ အဆုတ်ဖျားဟူသည်မှာ အဆုတ်တွင် အခိုးငုပ်၍ ဖျားခြင်း ဖြစ်သည်။အခိုးပွင့်စေရန်အတွက် သင့်တော်သောဆေးကို ပေးခြင်းဖြင့် အဆုတ်အတွင်းသို့ လေဝင်လေ ထွက်မှန်ကန်စေပြီး ကိုယ်ခံအားရရှိကာ ရက်အနည်းငယ်ကြာသောအခါ ပိုးလည်းသေသွားနိုင်သည်။ အစားအသောက်ကိုပုံမှန်စား၍ ကိုယ်ခံအားပြည့်အောင်သာ ဂရုစိုက်ပေးရန် လိုအပ်သည်။
အအေးပတ်လျှင်
- ချင်းကိုထန်းလျက်နှင့်ရောပြုတ်ပြီး ဆားလှော်အနည်းငယ်ထည့်၍ သောက်ပါ။
- ကွမ်းရွက်သည် အခိုးပွင့်စေသည်။ ကွမ်းရွက်ပြုတ်ရည်ကို ဓာတ်ဘူးတွင်ထည့်ထားပြီး ရေနွေးကြမ်းသောက်သကဲ့သို့ တစ်နေကုန်သောက်ပေးပါက မိုးများသောရာသီတွင် အအေးပတ်ခြင်း၊ အဆုတ်ပွခြင်းမှ ကာကွယ်နိုင်သည်။
- အဆုတ်ပွ၍ ချွဲသလိပ်ထလျှင်၊ ရင်ကျပ်လျှင် ဇော်ဂျီတောင်ဝှေးပင်ကို အရိုးရော အရွက်ပါ ပြုတ်သောက်လျှင် ပျောက်ကင်းနိုင်သည်။ ပန်းနာရင်ကျပ်ရှိလျှင် ဒိုဘာလာသကြားခေါ် မှန်ရောင်သကြားခဲကို (ပရဆေးဆိုင်တွင်ဝယ်ယူနိုင်) အနည်းငယ်ရောထည့်ပြုတ်ပြီး တစ်ရက်လျှင် မတ်ခွက်တစ်ဝက်မှ မတ်ခွက်တစ်လုံးအထိ သောက်ပေးပါ။
- အအေးပတ်ပြီး အသံဝင်လည်ချောင်းနာလျှင် လေးညှင်းပွင့် အနည်းငယ်ကိုငုံထားပါ။ သို့မဟုတ် ဝါးစားပြီး ရေနွေးပူပူသောက်ပေးပါက အသံပျက်ခြင်း၊ အသံဝင်ခြင်း၊ ချွဲပိတ်ဆို့ခြင်းများမှ သက်သာပျောက်ကင်းစေသည်။
- ပရုတ်ဆီကို ကြွေပန်းကန်လုံးတွင်ထည့် ရေနွေးပူပူလောင်းထည့်ပြီး အငွေ့ကို ရှူရှိူက်ပေးပါက အဆုတ်အအေးပတ်ခြင်းမှ ကာကွယ်နိုင်သည်။
- ရေနွေးပူပူတွင် ရှောက်ရွက်အနည်းငယ်ထည့် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်ကောင်း၊ ဆားနှင့် ငံပြာရည် သင့်တော်ရုံထည့်ပြီး ဟင်းချိုပြုလုပ်သောက်ပေးပါက အအေးပတ်ခြင်းမှ ကာကွယ်စေနိုင်ကြောင်း ရေးသားလိုက်ရပါသည်။
ကြည်လွင်မြင့်(မုဒြာ)