မူးယစ်ဆေးဝါးကင်းစင်ရေး
(၈)ကြိမ်မြောက် မူးယစ်ဆေးဝါးဆိုင်ရာအာဆီယံဝန်ကြီးအဆင့်အစည်းအဝေးကို သြဂုတ် ၁၀ ရက်မှ ၁၁ ရက်အထိ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံ မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်ခြောက်ဦးတက်ရောက်ခဲ့သည်။ မြန်မာကိုယ်စား
လှယ်အဖွဲ့ခေါင်းဆောင်က ယခုအစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးလုပ်ငန်းဆောင်ရွက်နေမှုအတွေ့အကြုံကောင်းများ၊ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်ကောင်းများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးနိုင်မည်ဟု ယုံကြည်ကြောင်း၊ အနာဂတ်တွင် မူးယစ် ဆေးဝါးကင်းစင်သော အာဆီယံအသိုက်အဝန်းဖြစ်စေရေး အားလုံးအတူတကွ လက်တွဲကြိုးပမ်းသွားရမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အစည်းအဝေး၌ အာဆီယံကိုယ်စားလှယ်ခေါင်းဆောင်များက(၆၇)ကြိမ်မြောက် ကုလသမဂ္ဂမူးယစ် ဆေးဝါးကော်မရှင် (CND) အစည်းအဝေးတွင်ထုတ်ပြန်ကြေညာမည့် အာဆီယံပူးတွဲကြေညာချက်နှင့် ပတ်သက်၍ဆွေးနွေးမှုများ၊ အာဆီယံ၏ လတ်တလော မူးယစ်ဆေးဝါးအခြေအနေများ၊ (၄၄)ကြိမ်မြောက် အာဆီယံမူးယစ် ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ အစီရင်ခံစာနှင့် နောက်ဆက်တွဲဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ဘေးကင်းလုံခြုံသောလူမှုအဖွဲ့ဖြစ်စေရေး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအာဆီယံလုပ်ငန်းစီမံချက်(၂၀၁၆-၂၀၂၅)နှင့်ပတ်သက်၍ ပြန်လည်သုံးသပ် ခြင်းဆိုင်ရာကိစ္စရပ်များ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများတွင် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
ကမ္ဘာ့နိုင်ငံအများစုတွင်လူလုပ်မူးယစ်ဆေးဝါး (Synthetic Drug) ထုတ်လုပ်သယ်ဆောင်ရောင်း ဝယ်မှုများသည် အဓိကခြိမ်းခြောက်လျက်ရှိသည့် ပြဿနာဖြစ်သည်။ နိုင်ငံဖြတ်ကျော်မှုခင်းကျူးလွန်သူဂိုဏ်း အဖွဲ့များ၏ ကွန်ရက်ကျယ်ပြန့်မှု၊ မှောင်ခိုဈေးကွက်ချဲ့ထွင်လာမှုများကြောင့် မူးယစ်ဆေးဝါးပြဿနာမှာ ပိုမိုရှုပ်ထွေးလာလျက်ရှိသည်။ မူးယစ်ဆေးဝါးမှုခင်းများနှင့်ဆက်နွှယ်နေသည့် ငွေကြေးခဝါချမှု၊ လက်နက် မှောင်ခိုမှု၊ အကြမ်းဖက်မှုစသည့်မှုခင်းများကို အထောက်အပံ့ဖြစ်စေပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်နေသော စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေသည်။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့မှ ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများကို စဉ်ဆက်မပြတ်ဆောင် ရွက်နေခြင်းကြောင့် မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများနှင့်မူးယစ်ဆေးဝါးချက်လုပ်ရာ တွင် အသုံးပြုသည့်ဓာတုပစ္စည်းအမြောက်အမြားကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။
မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ သြဂုတ် ၄ ရက်နေ့က ငွေကျပ် ၁ ဒသမ ၃၈ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water ၁၂ ဒသမ ၆၃ ကီလိုဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူများအား ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် KTV/ CLUB/ BAR နှင့် စားသောက်ဆိုင်များတွင် လူငယ်များကိုအန္တရာယ်ဖြစ်စေသည့် စိတ်ပြောင်းဆေးဝါးများ ဖြန့်ဖြူးရောင်းချနေမှုများကို ထိရောက်စွာ တားဆီးနိုင်ရေးအတွက် စီမံချက်ချ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
အလားတူဖမ်းဆီးရမိဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီးတွင် သြဂုတ် ၁၇ ရက်က ငွေကျပ် ၂ ဒသမ ၉၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်ထိန်းချုပ်ဓာတုပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်းသိရှိရသည်။ အဆိုပါဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူသုံးဦးအား ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား စုံစမ်းဖော်ထုတ်လျက် ရှိကြောင်းနှင့် အမှုတွင်ပါဝင်သူများ၏ ငွေကြေး အကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ဆက်လက်အရေးယူ သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင်နိုင်ငံ တကာအဖွဲ့အစည်းများ၊ ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။အာဆီယံအဖွဲ့ဝင်နိုင်ငံများအချင်းချင်း နိုင်ငံရေးရောယှက်မှုများ ကင်းရှင်းစွာ သတင်းအချက်အလက် ဖလှယ်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ကြရန် လိုအပ်ပေသည်။ မူးယစ်ဆေးဝါး အစဘိန်းစိုက်ပျိုးခြင်းက ဖြစ်သည့်အတွက် ဘိန်းစိုက်ပျိုးမှုပပျောက်ရေးအတွက် ဘိန်းစိုက်ပျိုးရာဒေသများ၌ အစားထိုးဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ မူးယစ်ဆေးဝါး ပပျောက်ရေးကို အမျိုးသားရေးတာဝန်အဖြစ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတိုင်းက ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဘက်ပေါင်းစုံမှကြိုးပမ်းဆောင်ရွက်မှသာ ပိုမိုအောင်မြင်မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။