ဥရောပတစ်နှစ်တာ အကောင်းဆုံးအမျိုးသမီး ကစားသမားဆုအတွက် နောက်ဆုံး ဆန်ခါတင် ကစားသမား သုံးဦးစာရင်း ထုတ်ပြန်
ဥရောပဘောလုံး အဖွဲ့ချုပ်က ပေးအပ်ချီးမြှင့်မည့် ဥရောပတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုများ ပေးအပ်ပွဲ အခမ်းအနားတွင် ပေးအပ်ချီးမြှင့်မည့်ဆုများမှ တစ်ဆုဖြစ်သည့် ဥရောပတစ်နှစ်တာ အကောင်းဆုံး အမျိုးသမီးကစားသမားဆု အတွက် နောက်ဆုံးဆန်ခါတင် ကစားသမားသုံးဦးစာရင်းကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
နောက်ဆုံးဆန်ခါတင် ကစားသမားစာရင်းတွင် စပိန်အမျိုးသမီးအသင်းနှင့် ဘာစီလိုနာ အမျိုးသမီးအသင်း ကြယ်ပွင့်ကစားသမား ပူတဲလက်စ်ပါဝင်လာခြင်း မရှိဘဲ လွဲချော်ခဲ့သည်။
ဥရောပတစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး ကစားသမားဆုအတွက် နောက်ဆုံး ဆန်ခါတင်ကစားသမား သုံးဦးစာရင်းတွင် စပိန်အမျိုးသမီး အသင်းနှင့် ဘာစီလိုနာ အမျိုးသမီးအသင်း ကွင်းလယ်ကစားသမား ဘွန်မာတီ၊ စပိန်အမျိုးသမီး အသင်းနှင့် ရီးယဲလ်မက်ဒရစ် အမျိုးသမီးအသင်း တိုက်စစ်မှူး ကာမိုနာနှင့် သြစတြေးလျ အမျိုးသမီးအသင်းနှင့် ချယ်လ်ဆီးအမျိုးသမီးအသင်း တိုက်စစ်မှူး ဆမ်ခါးလ်တို့ ပါဝင်လာခဲ့ကြသည်။
ယခုနှစ်အတွင်းကျင်းပခဲ့သည့် အဓိကပြိုင်ပွဲကြီး နှစ်ခုဖြစ်သည့် ၂၀၂၃ အမျိုးသမီး ယူရိုပြိုင်ပွဲတွင် ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ခဲ့သည့် အင်္ဂလန်အမျိုးသမီး အသင်းမှ ကစားသမားတစ်ဦးမှ ပါဝင်လာခြင်းမရှိဘဲ ယခုလအတွင်း ကျင်းပခဲ့သည့် ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့် စပိန်အမျိုးသမီး အသင်းက ကစားသမား နှစ်ဦးအထိ ပါဝင်လာခဲ့ခြင်းဖြစ်သည်။
ဆန်ခါတင်စာရင်းတွင် ပါဝင်လာခဲ့သည့် ကစားသမားများမှ ပြီးခဲ့သည့် ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲတွင် စပိန်အမျိုးသမီး အသင်းနှင့်အတူ ချန်ပီယံ ဆုဖလား ဆွတ်ခူးနိုင်ခဲ့သည့် ဘွမ်မာတီက ဆုရရှိရန် ရေပန်းစားလျက် ရှိကြောင်း သိရသည်။