ကိုယ်ဝန်ဆောင်နှင့် ကလေးများအတွက် အရေးပါသော အိုင်အိုဒင်းဓာတ်

ကိုယ်ဝန်ဆောင်နှင့် ကလေးများအတွက် အရေးပါသော အိုင်အိုဒင်းဓာတ်

    နှစ်စဉ် သြဂုတ်လသည် အာဟာရဖွံ့ဖြိုးရေးရက် သတ္တပတ်လှုပ်ရှားမှုများ ဆောင်ရွက်သည့်လဖြစ်သည်။ သြဂုတ်လ၏ ပထမပတ်သည် ကမ္ဘာ့မိခင်နို့တိုက်ကျွေး ရေး ရက်သတ္တပတ်ဖြစ်ပြီး  ဒုတိယပတ်သည်  ငါးနှစ် အောက်ကလေးများနှင့်   ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်ဖြစ်သည်။ တတိယ ပတ်သည်   ကိုယ်ဝန်ဆောင်နှင့်   နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်ဖြစ်ပြီး စတုတ္ထပတ် သည် အိုင်အိုဒင်းချို့တဲ့မှု ပပျောက်ရေး ရက်သတ္တပတ် ဖြစ်သည်။

ကမ္ဘာပေါ်ရှိ အသက်ငါးနှစ်အောက် ကလေးငယ် များတွင် အိုင်အိုဒင်း ဓာတ်ချို့တဲ့မှုကြောင့် ဦးနှောက် ချို့တဲ့မှုပြဿနာများ  တွေ့ကြုံနေကြရသည်။  ထို့ ကြောင့်  မိခင်လောင်းများသည်  ကိုယ်ဝန်ဆောင်ချိန်မှစ၍ အိုင်အိုဒင်းဆားကို သင့်တင့်မျှတစွာ  စားသုံးရန် အထူးလိုအပ်သည်။ အိုင်အိုဒင်းဆား မှီဝဲခြင်းက မိခင်ရော ရင်သွေးအတွက်ပါ အာဟာရ ဖွံ့ဖြိုးစေမည်ဖြစ်သည်။ သို့သော်  ကျန်းမာရေး အသိပညာချို့တဲ့မှုကြောင့်  အိုင်အိုဒင်းဆား စားသုံးမှု  အားနည်းနေကြသည်။

အိုင်အိုဒင်းဆား

    ဆားကို ဓာတုဗေဒနည်းဖြင့် ခွဲခြမ်းစိတ်ဖြာကြည့်ပါက ကလိုရိုက်အိုင်းယွန်းနှင့် ဆိုဒီယမ်အိုင်းယွန်းတို့ ပေါင်းစပ်ထားသော ဆိုဒီယမ်ကလိုရိုက် သတ္တုဓာတ် ပေါင်းဖြစ်သည်။ ဆားကို ယေဘုယျအားဖြင့် ဆားကြမ်း၊ စားပွဲတင်ဆားနှင့် အိုင်အိုဒင်းဆားဟူ၍ သုံးမျိုးခွဲခြားထားသည်။  ပင်လယ်ရေမှရရှိပြီး  သဘာဝအတိုင်း မပြုပြင်ရသေးဘဲ ခပ်ကြမ်းကြမ်း ဆားခဲကြီးကို ဆားကြမ်းဟုခေါ်သည်။ ထိုဆားကြမ်းခဲကြီးများကို အရောင်ချွတ်ဆေးသုံးပြီး  ဖြူဖွေးသန့်စင်စေကာ  နူးညံ့မှုန့် ညက်နေအောင် စက်ဖြင့်ကြိတ်ထားခြင်းကို စားပွဲတင်ဆားဟု ခေါ်သည်။ ဆားငန်ရည် သို့မဟုတ် ဆားကြမ်းကို အိုင်အိုဒင်းဓာတ် ဖြည့်စွက်ကာ အဖြူရောင် ဆားပုံဆောင်ခဲလေးများအဖြစ် ပြုပြင်ထားခြင်းကို အိုင်အိုဒင်းဆားဟုခေါ်ပြီး ယင်းမှာ စားပွဲတင်ဆားလောက် နူးညံ့မှုမရှိပေ။  အိုင်အိုဒင်းဆား ဆိုသည်မှာ မိမိတို့ စားနေကျအိမ်သုံးဆား အပုံတစ်သိန်းလျှင် အိုင်အိုဒင်း အာဟာရသုံးပုံခန့်  (ပါသည်ဆိုရုံ)  ဖြည့်ထားသော ဆားဖြစ်သည်။ စားနေကျ အိမ်သုံးဆားနှင့် အရောင်အဆင်း၊ အနံ့၊ အရသာ ခြားနားမှုမရှိပေ။ တချို့နိုင်ငံ များတွင် အိုင်အိုဒင်းဆားကို ပန်းရောင် သို့မဟုတ်  မီးခိုးရောင်ဖျော့ဖျော့ ပုံဆောင်ခဲလေးများအဖြစ် တွေ့ မြင်နိုင်သည်။

အိုင်အိုဒင်းဆားစားသုံးသင့်သော အကြောင်းရင်း

    အိုင်အိုဒင်းဓာတ်သည်  သက်စောင့်ဓာတ် (သတ္တု ဓာတ်) တစ်မျိုးဖြစ်သည်။ အထူးသဖြင့်  ခန္ဓာကိုယ်အတွက် လိုအပ်သော အိုင်အိုဒင်း ၇၅ ရာခိုင်နှုန်းကို သိုင်းရွိုက်ဂလင်းတွင်     သိုလှောင်ထားလေ့ ရှိသဖြင့် အိုင်အိုဒင်းဓာတ်သည်  သိုင်းရွိုက်ဂလင်း၏ လုပ်ငန်း များနှင့်    သိုင်းရွိုက်ဆဲလ်များ ဖြစ်တည်မှုအတွက် လွန်စွာအသုံးဝင်သည်။   ယနေ့   ကမ္ဘာပေါ်တွင်  အိုင်အိုဒင်း ဓာတ်ချို့တဲ့သူပေါင်း  သန်း ၂၀၀၀ ခန့်ရှိကြောင်း သြစတြေးလျနိုင်ငံရှိ  MNT Knowledge Centre  မှ  ဆိုထားသည်။ နေ့စဉ် အိုင်အိုဒင်းဓာတ် လိုအပ်ချက်ပမာဏမှာ  အရွယ်ရောက်ပြီးသူ တစ်ဦးအတွက် ၁၅၀ မိုက်ခရိုဂရမ်ဖြစ်ပြီး ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက်  နေ့စဉ် ၂၂၀ မှ ၂၉၀ မိုက်ခရိုဂရမ် လိုအပ်သည်။

-        ကလေးငယ်များ ပုံမှန်ကြီးထွားရေး၊ ဉာဏ်ရည် ထက်မြက်ရေးနှင့်  လူကြီး၊  လူငယ်အားလုံး ကျန်းမာရေးအတွက်      အိုင်အိုဒင်းဓာတ် လုံလောက်စွာ ရရှိစေရေး မိသားစုဝင်အားလုံး အိုင်အိုဒင်းဆားကို နေ့စဉ်စားသုံးကြရန် လိုအပ် သည်။

- အိုင်အိုဒင်းဆား နေ့စဉ်စားသုံးရုံဖြင့် အိုင်အိုဒင်း ဓာတ် လွန်ကဲမှုမဖြစ်နိုင်ပေ။

-နိုင်ငံတစ်ဝန်း    မည်သည့်ဒေသတွင်ဖြစ်စေ အစားအစာ တစ်မျိုးတည်းမှ အိုင်အိုဒင်းဓာတ် လုံလောက်စွာ ရရှိရန် မသေချာလှပေ။ ထို့ကြောင့်  အောက်ဖော်ပြပါ  အိုင်အိုဒင်းဓာတ်ကြွယ်ဝသော အစားအစာများကို  ရွေးချယ်စားသုံးသင့်သည်။

-ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အသား၊ ငါး၊ နို့၊ ဥ စသည့်အစားအစာများတွင် အိုင်အိုဒင်းဓာတ် အနည်းငယ်စီ ပါဝင်သည်။

-ပင်လယ်ငါး၊ ပုစွန်၊ ကျောက်ပွင့် စသည့်ပင်လယ် မှထွက်ရှိသော အစားအစာများထဲတွင် အိုင်အို ဒင်းဓာတ် ကြွယ်ဝစွာပါဝင်သည်။

အိုင်အိုဒင်းဓာတ်ချို့တဲ့ရောဂါများ

    အိုင်အိုဒင်းဓာတ် ချို့တဲ့မှုကြောင့်   ကမ္ဘာ့လူသားများတွင်  ဦးနှောက်ပျက်စီးမှု၊  စွမ်းဆောင်ရည်နှေးကွေးမှု ပြဿနာများနှင့် ရင်ဆိုင်နေကြရသည်။

ကိုယ်ဝန်ဆောင်များ အိုင်အိုဒင်းဓာတ်ချို့တဲ့လျှင် ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း၊ လမစေ့၊ ပေါင်မပြည့်သော ကလေးမွေးခြင်း၊ ဆွံ့အနားမကြား ကလေး၊ ခြေလက်မသန်စွမ်းသော ကလေး၊ လေးဖက် လှုပ်မရသော ကလေးမွေးတတ်သည်။ ထို့ပြင် စိတ်ပိုင်းဆိုင်ရာ ချို့တဲ့သော၊ ဉာဏ်ရည်နိမ့်သော ကလေးများ မွေးဖွားတတ်သည်။

ကလေးငယ်များ အိုင်အိုဒင်းဓာတ်ချို့တဲ့လျှင်  ပုံမှန်မကြီးထွားဘဲ အရပ်ပုနေတတ်သည်။ ဉာဏ်ထိုင်းပြီး သွက်လက်ဖျတ်လတ်မှုမရှိဘဲ ထုံထိုင်းနှေးကွေးတတ်သည်။    မွေးရာပါရောဂါများအပြင်   ရင့်ကျက်မှု မပြည့်ဝသည့်ပြဿနာများ ရရှိနိုင်သည်။ လည်ပင်းကြီး ရောဂါဖြစ်နိုင်သည်။

လူကြီးများ အိုင်အိုဒင်းဓာတ် ချို့တဲ့လျှင် သွေးထဲတွင် အိုင်အိုဒင်းဓာတ် လျော့နည်းပါက လည်ပင်းကြီး ရောဂါဖြစ်စေသည်။ ကမ္ဘာတစ်ဝန်း လူဦးရေ သန်း ၂၀၀ မှ  ၃၀၀ ကြား လည်ပင်းကြီးရောဂါ ခံစားနေကြရသည်။   ဒူးခေါင်းအရိုးဆစ်ကြီးတတ်သည်။   သွက်လက်ဖျတ်လတ်မှု မရှိဘဲ ထုံထိုင်းနှေးကွေးတတ်သည်။

အငန်ဓာတ်လွန်ကဲခြင်း၏ ဘေးထွက်ဆိုးကျိုးများ

    ကျန်းမာရေးရှုထောင့်မှကြည့်လျှင်  ဆား(အငန် ဓာတ်)သည် အပူဓာတ်အနေဖြင့်  လူကိုကောင်းကျိုး ပြုနိုင်သည်။    ထို့ကြောင့်     လူတစ်ဦးအနေဖြင့် တစ်နေ့တာ လိုအပ်သောဆား    (ဆိုဒီယမ်ကလိုရိုက်)ပမာဏမှာ အသက်အရွယ်အလိုက် ၁၅၀၀ မှ ၂၃၀၀ မီလီဂရမ်မျှ လိုအပ်လျက်ရှိသည်။ သို့သော် လိုအပ်ချက် ပမာဏထက်ပို၍ အငန်ဓာတ်ကို စားသုံးမိပါက-

- နို့စို့အရွယ် ကလေးငယ်များ၏  ကျောက်ကပ်သည်  ဆိုဒီယမ်ဓာတ် စွန့်ထုတ်သည့်လုပ်ငန်းကို  ထိထိရောက်ရောက်  မလုပ်နိုင်သေးပါ။  ထို့ကြောင့် အသက်ခြောက်လပြည့်ပြီး ကလေးများကို ထမင်းခွံ့ကျွေးသည့်အခါ ဆားအများအပြားထည့်ခြင်း  သို့မဟုတ်  ငန်လွန်းသောအစာကျွေးခြင်း မပြုလုပ်သင့်ပေ။

- ဆိုဒီယမ်စားသုံးမှု များလွန်းပါက အရွယ်သုံးပါး မရွေး  သွေးတိုးရောဂါ  မလွဲမသွေဖြစ်လာနိုင် သည်။

- နှလုံး၊ သွေးတိုး၊ ကျောက်ကပ်ရောဂါ ရှိသူများ အငန်စားသုံးမှုကို အထူးဂရုပြုဆင်ခြင်ရမည်။

- အငန်ဓာတ်လွန်သော အစားအစာများမှာ ဆား (ရိုးရိုးဆား)၊ ငါးပိ၊ ပုစွန်ငါးပိ၊ ငံပြာရည်၊  ငါးပိ ကောင်၊ ငါးဆားနယ်၊ ချဉ်ဖတ်အမျိုးမျိုး၊ ငါး ခြောက်၊  ပုစွန်ခြောက်၊ အမဲခြောက်၊  အသား ခြောက်၊  သစ်သီးခြောက်၊ မြေပဲဆားလှော်၊ ပဲကြီးလှော်၊  နေကြာစေ့လှော်၊  ကွာစေ့လှော်၊ အသင့်စားအစားအစာများ  စသည်တို့ဖြစ်ကြ သည်။

ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ  အမျိုးသား အာဟာရဖွံ့ဖြိုးရေးနှင့်  သုတေသနဌာနခွဲနှင့် ကုလသမဂ္ဂဆိုင်ရာ ကလေးများ အထောက်အပံ့အဖွဲ့တို့က အိုင်အိုဒင်းဆား တစ်မျိုးတည်းကိုသာ  စားသုံးကြရန် အကြံပြုထားသည်။   သို့သော်  အငန်ဓာတ် လွန်ကဲသော အစားအစာများကို  နေ့စဉ် စားသုံးမိပါက အထက်ဖော်ပြပါ    ကျန်းမာရေး ဆိုးကျိုးများစွာကို မလွဲမသွေခံစားရနိုင်သည်။

အချုပ်အားဖြင့်ဆိုရသော် အငန်ဓာတ်လွန်ကဲသော အစားအစာများအပြင်  ငန်သော ဟင်းလျာများကို  စားသုံးမှုလျှော့ချကြရန်၊ အချိုမှုန့်၊  ကြက်သားမှုန့်များ အစား   သကြားနှင့် အိုင်အိုဒင်းဆား  အနည်းငယ် ထည့်၍   ချက်ပြုတ် စားသောက်ကြရန်၊   တာရှည်ခံအောင် ပြုလုပ်ထားသော အစားအစာများထဲတွင် ဆား ပါဝင်မှု များပြားသည့်အတွက် ယင်းအစားအစာများ စားသုံးမှုကို   တတ်နိုင်သမျှဆင်ခြင်ကြရန် လိုအပ်ကြောင်း အကြံပြုရေးသား တင်ပြလိုက်ရပါသည်။

ပေါက်ပေါက်