တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများ လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများ လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

နေပြည်တော်  ဩဂုတ် ၂၇

    တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများ လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ပရိယတ္တိစာသင် တိုက်၌ ကျင်းပသည်။

    အခမ်းအနားသို့ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ပေါက်မြိုင် ပရိယတ္တိစာသင် တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တ ဇနိန္ဒ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊  ကြွရောက်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊  ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊  နေပြည်တော်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ လယ်ဝေး ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။

    ဦးစွာ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ပေါက်မြိုင်ပရိ ယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တ ဇနိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွား သရဇ္ဇျာယ်သည့် မေတ္တာသုတ် ပရိတ်တရားတော်များကို နာကြားကြသည်။

    ဆက်လက်၍ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ထံ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးက လည်းကောင်း၊ မြို့ဦးတိုက်သစ် သံလမ်းကျောင်း ဆရာတော်ထံ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် က လည်းကောင်း၊ သရက်တောကျောင်း ဆရာတော်ထံ စစ်ဦးစီး အရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့် ကလည်းကောင်း လှူဖွယ် ပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။

    ထို့နောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များက လှူဒါန်းသော ဆွမ်းဆန်တော်နှင့် ဆီ၊ ဆား၊ ပဲ၊ ဆေးများအား ပေါက်မြိုင်ပရိယတ္တိ စာသင်တိုက် ဆရာတော်နှင့် ဆရာတော်သံဃာတော်များအား  ဆက်ကပ်လှူဒါန်း ကြသည်။ ယင်းနောက် ဆွမ်းပဒေသာပင် အလှူတော်ငွေများကို တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် အလှူရှင်များက အသီးသီးပေးအပ် လှူဒါန်းကြရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်နှင့် စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်တို့က လက်ခံရယူကြသည်။ ယင်းနောက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်များ လှူဒါန်းရခြင်း ရည်ရွယ်ချက်အား ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ)မှ တပ်မတော်အရာရှိကြီး တစ်ဦးကရှင်းလင်းလျှောက်ထားသည်။

    ထို့နောက် ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် ထံမှ  အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေး ဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းသည်။

    နေပြည်တော်၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ   ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတို့ အတွက် တပ်မတော် (ကြည်း၊ ရေ၊  လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ၂၀၀၆ ခုနှစ်မှစ၍ နှစ်စဉ် လှူဒါန်းလျက်ရှိပြီး ယနေ့ လှူဒါန်းမှု အစုစုမှာ အလှူငွေကျပ် ၁၈၃ သိန်း ၁ သောင်းကျပ်၊ ဆန် ၆၃၃ အိတ် ၁၆ ပြည်၊ ဆီ ၁၉၀ ဒသမ ၁ ပိဿာ၊ ပဲ ၁၉၀၁ ပိဿာ၊ ဆား ၁၉၀၁ ပိဿာ၊ ရှမ်းရိုးမအကြောပြေလိမ်းဆေး(၇၂၀)ဘူး၊ တောရှောက် လိမ်းဆေး ဒါဇင်(၃၀)၊ တမာယားနာဆေး ဒါဇင်(၂၀၀)တို့အား လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။