ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချ

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၂၇

      ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံ ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေး အဆင်ပြေစေရန်နှင့် မိမိတို့ အလိုရှိရာ စားသောက်ကုန် ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက် နိုင်ရေးအတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများနှင့် တာဝန်ရှိသူများက  နေ့စဉ်ရောင်းချပေးလျက်ရှိသည်။

     ယနေ့တွင်လည်း စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံ၌ အခြေခံ စားသောက်ကုန်များ ဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ အသား/ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ၊ ဟင်းသီး ဟင်းရွက်များ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ များကိုလည်းကောင်း၊ တပ်မတော်စက်ရုံ များနှင့် မြန်မာစီးပွားရေး ကော်ပိုရေးရှင်းတို့မှ ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ ဘီစကွတ်နှင့် စည်သွပ်ဘူးများဖြစ်သည့် အမဲသားဘူး၊ မျှစ်စားတော် ပဲဘူး၊ ကြက်သား အာလူးဘူး၊ ငါးတန်အချိုပေါင်းဘူး၊ ငါးသလောက်ဘူး၊ ငပိကြော်ဘူး၊ ပဲထော ပတ်ဘူး၊ ပဲခရမ်းဘူး၊ သရက်သီးသနပ်ဘူး စသည့် စားသောက်ကုန်များကို လည်းကောင်း၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီ လီမိတက် အရောင်းဆိုင်များ၏ စားသောက်ကုန် ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းများကို လည်းကောင်း၊ ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ဆက်လက်ရောင်းချ ပေးရာ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်း မိသားစုများက ဝမ်းသာအားရဝယ်ယူ အားပေးကြကြောင်းနှင့် ယခုကဲ့သို့ စားရေးအခက်အခဲဖြစ်ပေါ်နေချိန်တွင် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးမှုအပေါ် တာဝန်ရှိသူများအား အထူးပင်ကျေးဇူး တင်ရှိကြောင်း သတင်းရရှိသည်။