ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ဆုကြေးငွေ၊ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ဆုကြေးငွေ၊ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၂၇

   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများ အတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေး ငွေများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားရှိပြီးဖြစ်ရာ ယနေ့တွင်လည်း ပြစ်မှုကျူးလွန်ခြင်း မရှိသော PDF အဖွဲ့မှ အလင်းဝင်ရောက်လာသူများအား မိဘ အုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ တမူး မြို့နယ်၊ ကလေးမြို့နယ်၊ မုံရွာမြို့နယ်၊ ခန္တီးမြို့နယ်၊ ဝက်လက်မြို့နယ်နှင့် မကွေး တိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တို့ရှိ တပ်နယ်ခန်းမများ၌ အသီးသီးပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက် လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

  ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သော စစ်ကိုင်း တိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ကလေးမြို့နယ်၊ မုံရွာမြို့နယ်၊ ခန္တီးမြို့နယ်၊ ဝက်လက် မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၁ ဦးတို့သည် ၎င်းတို့နှင့်အတူ ပါလာသည့် M – 416 မောင်းပြန်သေနတ် ၁ လက်၊ M- 16 ကျည်အိမ် ၁ ခု၊ ၅ ဒသမ ၅၆ ကျည် ၂၅ တောင့်နှင့် လက်ပစ်ဗုံး ၁ လုံး တို့အား အပ်နှံကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အသီးသီးလက်ခံ ရယူကြပြီး M – 416 မောင်းပြန်သေနတ်ဖြင့် အလင်းဝင်ရောက်လာသူ ၁ ဦးအား ဆုကြေးငွေ သိန်း ၅၀ ကျပ်၊ လက်ပစ်ဗုံး ၁ လုံးဖြင့် အလင်းဝင်ရောက်လာသူ ၁ ဦးအား ဆုကြေးငွေ ၃ သိန်းကျပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလင်းဝင်ရောက်လာသူ များအား ၁ ဦးလျှင် သိန်း ၂၀ ကျပ်၊  စုစုပေါင်းငွေကျပ် ၂၅၃ သိန်း၊ ထောက်ပံ့ပစ္စည်းနှင့် စားသောက်ဖွယ်ရာများ  ပေးအပ်ရာ အလင်းဝင်ရောက်လာသူများက လက်ခံရယူကြ သည်။ ယင်းနောက် အလင်းဝင်ရောက်လာသူများအား ဝန်ခံကတိ လက်မှတ်ရေးထိုး စေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်သည်။

     ထိုသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာ သူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လက်နက်/ ခဲယမ်းများ ပါရှိမှုအတွက် ဆုကြေး ငွေများ ပေးအပ်လျက်ရှိခြင်းနှင့် လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက် ရှိခြင်းတို့ကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိ နေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများ အနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံ ပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။