မိတ်ပျောက်ကင်းစေမည့်နည်းလမ်းကောင်းများ
ယားနာတစ်မျိုးဖြစ်တဲ့ မိတ်ဖုတွေက ခန္ဓာကိုယ်မှာရာသီမရွေးထွက်ပေါ်တတ်ပါတယ်။ နွေရာသီမှာသာ မိတ်ထွက်တတ်တာမဟုတ်ဘဲ နွေ၊ မိုး၊ ဆောင်း ဥတုရာသီမရွေး မိတ်ဖုလေးတွေ ခန္ဓာကိုယ်အနှံ့ထွက်တတ်တာလည်း ရှိပါတယ်။ ချွေးထွက်ချိန်မှာ ချွေးပေါက်ပိတ်နေလို့ မိတ်တွေဖြစ်လာပြီး ရောင်ရမ်းတာ၊ ယားယံတာမျိုးခံစားရတတ်တယ်။ ခန္ဓာကိုယ်မှာ အရည်ကြည်ဖုငယ်လေးတွေ မြင်တွေ့ရတတ်ပါတယ်။ မိတ်တွေထွက်လာရင် ခန္ဓာကိုယ်မှာ ယားကျိကျိဖြစ်ပြီး နေရခက်စေတာမို့ မိတ်မထွက်စေဖို့နဲ့ မိတ်တွေထွက်လာရင် ဘယ်လိုနည်းလမ်းတွေနဲ့ ပျောက်ကင်းအောင်ပြုလုပ်ရမယ် ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
အုတ်ဂျုံစားသင့်ပါတယ်။ အုတ်ဂျုံက မိတ်ဖုတွေကို သက်သာစေတဲ့ အကောင်းဆုံးအိမ်သုံးဆေးတစ်မျိုးပဲ ဖြစ်ပါတယ်။ အုတ်ဂျုံမှာ ယားယံမှုတွေကို သက်သာစေတဲ့ အင်တီအောက်စီးဒင့်တစ်မျိုးပါဝင်တယ်။ ရေချိုးကန်ထဲကို အုတ်ဂျုံအနည်းငယ်ထည့်မွှေပြီး ၁၅ မိနစ်ကြာ ရေစိမ်ချိုးသင့်ပါတယ်။ အုတ်ဂျုံ (၁-၂) ခွက်ကိုကြက်သီးနွေးရေထဲထည့်ပြီးလည်း ချိုးလို့ရပါတယ်။
ရေပူပူကို မသုံးမိစေဖို့ သတိထားသင့်ပါတယ်။ တစ်ရက်ကို နှစ်ကြိမ်ရေချိုးပေးသင့်ပါတယ်။ နောက်တစ်နည်းက အုတ်ဂျုံမှုန့်ကို ရေအနည်းငယ်နဲ့ရောပြီး မိတ်ပေါက်တဲ့အရေပြားပေါ် လိမ်းပေးနိုင်ပါတယ်။ မိနစ်(၂၀-၃၀)ထားပြီးမှ သန့်စင်ပေးရင် မိတ်ဖုတွေသက်သာပျောက်ကင်းနိုင်ပါတယ်။
ဆော်ဒါမှုန့်ဖျော်ရည်သုံးနိုင်ပါတယ်။ ဘယ်လိုယား ယံမှုမျိုးကိုမဆို သက်သာစေဖို့ ဆော်ဒါမှုန့်ကို အသုံးပြုနိုင်ပါတယ်။ ဆော်ဒါမှုန့်မှာ အသားအရေကိုချောမွေ့စေပြီး ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့အာနိသင် ပါဝင်ပါတယ်။ ဆော်ဒါမှုန့်လက်ဖက်စားဇွန်းတစ်ဇွန်းကို ရေအေးတစ်ခွက်နဲ့ရော၊ ရလာတဲ့ဖျော်ရည်ထဲကို အဝတ်သန့်သန့်တစ်ခုနှစ်ပြီး အရည်ပြန်ညှစ် အဲဒီအဝတ်စနဲ့ မိတ်ပေါက်တဲ့နေရာကို အုပ်ပေးတာမျိုးပြုလုပ်ပေးရင် ရောင်ရမ်းမှုတွေလျော့နည်းစေပြီး ယားယံတာတွေကို သက်သာစေပါတယ်။ တစ်ရက်ကို (၄-၅) ကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။ ဆော်ဒါမှုန့်သုံးဆကို ရေတစ်ဆနဲ့ရောပြီးလည်း လိမ်းနိုင်ပါတယ်။ ဆော်ဒါမှုန့်ကို မပေါက်ပြဲဒဏ်ရာတွေပေါ်မှာ လိမ်းသင့်ပေမယ့် ပေါက်ပြဲဒဏ်ရာ တွေမှာတော့ မလိမ်းသင့်ပါဘူး။
ရေခဲအသုံးပြုနိုင်ပါတယ်။ ရေခဲက ပူအိုက်လွန်းတာနဲ့ စိုစွတ်လွန်းတာကြောင့်ဖြစ်လာတဲ့ မိတ်ပေါက်တာတွေအတွက် ဖြေရှင်းနိုင်ပါတယ်။ ဒါကြောင့် ယားယံနေတဲ့ မိတ်ဖုတွေပေါ်မှာ ရေခဲတုံးနဲ့ပွတ်ပေးတာ၊ ရေခဲအိတ်ကပ်တာ၊ ရေခဲရေထဲစိမ်ထားတဲ့အဝတ်နဲ့ ကပ်ပေးတာတွေက ယားယံမှုကိုသက်သာစေတဲ့အပြင် ရောင်ရမ်းမှုတွေကိုလည်း လျော့နည်းစေပါတယ်။ ရေအေးချိုးပေး တာကလည်း ယားယံမှုကို သက်သာစေပါတယ်။ ရေအေးစေဖို့ ရေထဲကို ပက်ပါးမင့်အဆီ၊ လာဗံဒါအဆီ စတဲ့အဆီအနည်းငယ်ထည့်ပြီး ရေချိုးပေးပါ။
သံပရာရည်သုံးနိုင်ပါတယ်။ သံပရာရည်မှာ အက်စစ်ပါဝင်ပြီး ပိုးသတ်အာနိသင်၊ ရောင်ရမ်းမှုကို လျော့နည်းစေတဲ့အာနိသင်၊ ယားယံတာကို လျော့နည်းစေတဲ့အာနိသင်တွေရှိပါတယ်။ သံပရာသီး လတ်လတ်ဆတ်ဆတ်ကိုအရည်ညှစ်ပြီး မိတ်ဖုတွေပေါ်လိမ်းပေးရင် အရေပြားယားယံမှုကိုဖြစ်စေတဲ့ ပိုးမွှားတွေကိုသေစေပြီး ယားယံမှုကို သက်သာစေပါတယ်။
တစ်ရက်ကို သံပရာရည်(၃-၄)ခွက်သောက်ပေးပါက မိတ်ပေါက်တာတွေကို သိသိသာသာ လျော့နည်းစေပါတယ်။
စန္ဒကူးပေါင်ဒါမှုန့်သုံးနိုင်ပါတယ်။ စန္ဒကူးပေါင်ဒါမှုန့် လက်ဖက်စားဇွန်းနှစ်ဇွန်းနဲ့ နံနံစေ့အမှုန့်အနည်းငယ်ကို နှင်းဆီပွင့်ဖတ်ရည် လက်ဖက်စားဇွန်း(၂-၃)ဇွန်းနဲ့ သမအောင်ရောမွှေပြီး မိတ်ပေါက်တဲ့နေရာအနှံ့ကို လိမ်းပါ။ ခြောက်သွေ့အောင်ထားပြီးမှ ရေအေးနဲ့သန့်စင်ပေးသင့်ပါတယ်။
ပြောင်းဖူးမှုန့်သုံးနိုင်ပါတယ်။ ပြောင်းဖူးမှုန့်အနည်းငယ်ကို ရေနဲ့ရောပြီး မိတ်ပေါက်တဲ့နေရာကို လိမ်းပေးပါ။ နာရီဝက်လောက်အခြောက်ခံထားပြီးမှ ရေအေးနဲ့ ရေချိုးပေးပါ။
ညောင်ခေါက်ကိုအသုံးပြုနိုင်ပါတယ်။ ညောင်ပင်က ခွာယူရရှိတဲ့အခေါက်က မိတ်ပေါက်တာကို ထိထိရောက်ရောက်သက်သာစေပါတယ်။ ညောင်ခေါက်ကို အခြောက်ခံပြီး အမှုန့်ကြိတ်ပါ။ ရရှိလာတဲ့အမှုန့်ကို မိတ်ဖုတွေပေါ်လိမ်းပေးရင် သိသိသာသာသက်သာ ပျောက်ကင်းစေနိုင်ပါတယ်။
ရှာစောင်းလက်ပပ်သုံးနိုင်ပါတယ်။ ရှားစောင်းလက်ပပ်က အသားအရေကိုနူးညံ့စေပြီး ရောင်ရမ်းမှု လျော့နည်းစေတာ၊ ဗက်တီးရီးယားပိုးသတ်ပေးတာ၊ မှိုပိုးသတ်ပေးတာ စတဲ့အာနိသင်တွေရှိပါတယ်။ ရှားစောင်းလက်ပပ်တစ်ခက်ကို အပင်ကနေဖြတ်ယူပြီး အလယ်ပိုင်းအတွင်းသားဂျယ်လီကို မိတ်ပေါက်တဲ့နေရာပေါ် သုတ်လိမ်းပေးပါ။ ခြောက်အောင်ထားပြီးမှ ရေအေးနဲ့ရေချိုးပေးသင့်ပါတယ်။
တမာရွက်ကို အသုံးပြုပေးပါ။ တမာရွက်အနည်းငယ်ကို ရေအနည်းငယ်နဲ့ရောကြိတ်ခြေပြီး မိတ်ပေါက်တဲ့ နေရာပေါ်လိမ်းပေးပါ။ ခြောက်သွေ့အောင်ထားပြီးမှ ရေအေးနဲ့ဆေးကြောသန့်စင်ပေးပါ။ တမာရွက်က ပိုးသတ်အာနိသင်လည်းရှိတာကြောင့် မိတ်ပေါက်တာကို သက်သာစေတဲ့အပြင် အရေပြားပေါ်မှာရှိတဲ့ ပိုးမွှားတွေကို သေစေပါတယ်။
သန့်စင်ထားတဲ့မြေမှုန့်သုံးသင့်ပါတယ်။ သန့်စင်ထားတဲ့ မြေမှုန့်လက်ဖက်စားဇွန်း(၄-၅)ဇွန်းကို နှင်းဆီပွင့် ဖတ်ရည် လက်ဖက်စားဇွန်း(၂-၃)ဇွန်းနဲ့ရောပြီး သမအောင်မွှေပါ။ မိတ်ပေါက်တဲ့ နေရာတွေကို လိမ်းပြီး (၂-၃)နာရီကြာ အခြောက်ခံထားပြီးမှ ရေအေးနဲ့ဆေးကြောသင့်ပါတယ်။
လေးညှင်းဆီသုံးနိုင်ပါတယ်။ လေးညှင်းဆီက ရောင်ရမ်းမှုကိုလျော့နည်းစေပြီး အရေပြား ယားယံ တာကိုလည်း သက်သာစေပါတယ်။ လေးညှင်းဆီမှာ မရှိမဖြစ်အဆီ ယူဂျီနောပါဝင်တာကြောင့် အာရုံကြောအဆုံးတွေကို ထုံနေစေပြီး ယားယံမှုကိုလျှော့ချပေးပါတယ်။ ဆားမပါတဲ့ထောပတ်စစ်စစ် လက်ဖက်စားဇွန်းခြောက်ဇွန်းကိုအပူပေးပါ။ ပျားဖယောင်း လက်ဖက်စားဇွန်းနှစ်ဇွန်းကိုလည်း သီးခြားအပူပေးပါ။ ပြီးမှ အဲဒီနှစ်ခုနဲ့ လေးညှင်းဆီလက်ဖက်စားဇွန်းသုံးဇွန်းတို့ကို ရောမွှေပါ။ ရလာတဲ့အရောကို မိတ်ပေါက်တဲ့ နေရာမှာလိမ်းပေးရင် အေးမြပြီး ယားယံမှုသက်သာစေပါတယ်။
ဆေးဝါးအသုံးပြုနိုင်ပါတယ်။ မိတ်ပေါက်တာအတွက် ဆေးဝါးအသုံးပြုမယ်ဆိုရင် ကယ်လမင်းလိုးရှင်းကို မိတ်ပေါက်တဲ့နေရာတွေပေါ် လိမ်းပေးနိုင်ပါတယ်။ ဟိုက်ဒရိုကော်တီစုန်းပါဝင်တဲ့ခရင်မ် (Hydrocortisone Cream) တွေကိုလည်း ယားယံ တာသက်သာစေဖို့ လိမ်းပေးနိုင်ပါတယ်။
ကလေးတွေမှာ မိတ်ပေါက်ရင် အဝတ်ပွပွဝတ်ပေးပြီး အေးမြတဲ့နေရာမှာထားတာမျိုး ပြုလုပ်ပေးပါ။ အဲယားကွန်းအခန်းထဲနေတာ၊ ပန်ကာဖွင့်တာ၊ ရေအေးအေးနဲ့ရေချိုးတာ၊ လေတိုက်တဲ့ဘက်ကိုလှည့်ပြီး သာမန်လေနဲ့ အရေပြားခြောက်သွေ့စေတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ အရေပြားကို သဘာဝအတိုင်း ခြောက်သွေ့စေတဲ့နည်းလမ်းက မိတ်ပျောက်စေဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
ပေါ့ပါးပြီး ပွရောင်းတဲ့အဝတ်အထည်တွေဝတ်ဆင်တာက မိတ်ပေါက်နေသူကို ယားယံမှု သက်သာစေနိုင်ပါတယ်။ အရေပြားနဲ့အဝတ်အထည်စ မထိတွေ့ဘူးဆိုရင် ခန္ဓာကိုယ်က ဝေဒနာကို သူ့အလိုလိုပြန်လည်ကုစားနိုင်ပါတယ်။
နံ့သာဖြူကလည်း မိတ်ဖုပျောက်ကင်းစေတဲ့အရာတစ်မျိုးဖြစ်တယ်။ နံ့သာဖြူသားအမှုန့် သို့မဟုတ် အနှစ်ကိုသွေးပြီးလိမ်းပေးရင် မိတ်ဖုတွေ သက်သာစေနိုင်ပါတယ်။ နံ့သာဖြူက အရှေ့တိုင်းဒေသမှာတော့ အရေပြားအလှအပနဲ့ပတ်သက်လာရင် အသုံးများသော အရာတစ်မျိုးပဲဖြစ်ပါတယ်။
မိတ်ဖုတွေထွက်လာတာက မသန့်ရှင်းတဲ့အဝတ်အထည်၊ ပူပြင်းတဲ့ရာသီဥတုနဲ့ချွေးပေါက်ပိတ်ဆို့မှု တွေကြောင့် ဖြစ်တယ်။ ဒါကြောင့် အဝတ်အစားသန့်သန့်တွေ၊ အေးမြအောင်ပြင်ဆင်ထားတာတွေ ပြုလုပ်ပေးပါ။ ကလေးငယ်တွေကို တတ်နိုင်သမျှ အဝတ်အစားပါးပါး ဝတ်ဆင်ပေးသင့်ပါတယ်။ ပူပြင်းတဲ့ ရာသီဥတုတွေမှာဆိုရင် ပေါ့ပါးပြီး ချွေးထွက်တာသက်သာစေမယ့် အဝတ်အစားမျိုးသာ ဝတ်ဆင် ပေးသင့်ပါတယ်။
အရေပြားမခြောက်သွေ့စေမယ့် ဆပ်ပြာမျိုးသုံးပြီး ရေချိုးပြီးချိန်မှာ ပဝါနဲ့ရေသုတ်မယ့်အစား သာမန်အတိုင်းပဲ ခြောက်သွေ့စေတာမျိုး ပြုလုပ်သင့်ပါတယ်။ ။
ဒေါက်တာလွင်သန့်