ပို့ဆောင်ရေးယန္တရား အမျိုးအစားများနှင့် ရထားပို့ဆောင်ရေး ကဏ္ဍ
ကမ္ဘာဦးအစ လူမှုအသိုက်အဝန်းများအတွင်း ယဉ်ကျေးမှု ထွန်းကားလာမှုနှင့်အတူ လူနှင့်ကုန်ပစ္စည်းများကို လိုအပ်ချက်အရ တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းသယ်ယူ ပို့ဆောင်လိုခြင်းကြောင့် ပိုမိုလွယ်ကူ အဆင်ပြေချောမွေ့စေရန် အလို့ငှာ ဝန်ဆောင်မှုပြုကြရသည့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတစ်ရပ် ပေါ်ထွန်းလာခဲ့ရပေသည်။ ယင်းသို့သော သယ်ယူပို့ဆောင်ရေး လုပ်ငန်းသည် အလွန်ရှေးကျသော ခေတ်ကပင် စတင်ဖြစ်ထွန်းခဲ့ကြောင်း၊ လူသားများသည် မိမိတို့ဝန်ထုပ်ဝန်ပိုးများကို ကျောထက်၌ သယ်ဆောင်ကာ တစ်နေရာမှ တစ်နေရာသို့ ခြေကျင်ခရီးဖြင့် ရွှေ့ပြောင်းခဲ့ကြသည့်နည်းကား ထိုစဉ်ခေတ်ကာလ၏ သယ်ယူပို့ဆောင်ရေး တစ်မျိုးပင်ဖြစ်ကြောင်း၊ ထို့နောက်တွင် စွတ်ဖား၊ လှည်းများ၊ ဘီးတပ်ယာဉ်ကြမ်းများ ပေါ်လာ၍ နွား၊ မြည်း၊ မြင်း၊ ကုလားအုတ်၊ ဆင် စသည့် တိရစ္ဆာန်တို့ဖြင့် ဆွဲယူခြင်း၊ ကျောထက်တင်၍ သယ်ဆောင်ခြင်းများဖြင့် ရေမြေတောတောင်နေရာဒေသ ဥတုရာသီအလျောက် သင့်လျော်ရာကိုသုံး၍ ရွှေ့ပြောင်းသယ်ယူပို့ဆောင်ခဲ့ကြကြောင်း လေ့လာတွေ့ရှိရပါသည်။ ရေကြောင်းခရီးအတွက် ဝါး၊ သစ်ဖောင်၊ သစ်လုံးထွင်းလှေကြမ်းများ အသုံးပြုခဲ့ကြခြင်းမှ လှေချော၊ ရွက်လှေ၊ စက်လှေ၊သင်္ဘောကြီးများစသည်ဖြင့် အဆင့်ဆင့် တိုးတက်တီထွင်လာကြခြင်းဖြင့် ခေတ်တစ်ခေတ်မှ တစ်ခေတ်သို့ ကူးပြောင်းလာတိုင်း လူတို့၏ကြံစည်တီထွင် အားထုတ်နိုင်မှုများနှင့်အတူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းမှာလည်း ခေတ်၏ လိုအပ်ချက်များနှင့်အညီ အဆင့်ဆင့်တိုးတက် ပြောင်းလဲလာသည်ကို တွေ့ရမည်ဖြစ်ပါသည်။ နောင်အနာဂတ်ခေတ်၌ အဘယ်မျှ တိုးတက်လာဦးမည်ကို ကျွန်ုပ်တို့မခန့်မှန်းနိုင်ပေ။
ခရီးသည်နှင့်ကုန်စည်များအား တစ်နေရာမှ တစ်နေရာသို့ ကုန်ကျစရိတ်သက်သာစွာနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိဘဲ လွယ်ကူသည်ထက် လွယ်ကူစွာ သွားလာပို့ဆောင် ရွှေ့ပြောင်းသယ်ယူနိုင်စေရန် လိုအပ်ချက်ပေါ် မူတည်၍ တီထွင်ဆန်းသစ် တိုးတက်ပြောင်းလဲနေဦးမည်သာဖြစ်ပါသည်။
လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် သယ်ယူပို့ဆောင်ရေး၏ အရေးပါမှု
သယ်ယူပို့ဆောင်ရေး ကဏ္ဍသည် ပြည်သူတစ်ဦးချင်း၏ စားဝတ်နေရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ကဏ္ဍအသီးသီးနှင့် ဆက်စပ်နေသကဲ့သို့ နိုင်ငံအတွင်းမှီတင်း နေထိုင်ကြသော တိုင်းရင်းသားများ အားလုံး၏ စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းသာယာဝပြောမှုများ အပါအဝင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုများနှင့် ဆက်စပ်လျက်ရှိနေသည်ကို လေ့လာတွေ့ရှိရပါသည်။ ထို့ကြောင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍအားနည်းလျှင် အခြားသော ကဏ္ဍများကိုပါ ထိခိုက်စေနိုင်ပြီး နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အားနည်းချည့်နဲ့ သွားစေနိုင်သည်ကို သတိချပ်မိပါသည်။
တစ်နေရာမှတစ်နေရာသို့ သွားနိုင်သောလမ်းများ၊ ပို့ဆောင်ရေး၌ အသုံးပြုရမည့် ယာဉ်၊ ရထားများရှိလာခြင်းကြောင့် ကျွန်ုပ်တို့၏ လူမှုဆက်ဆံရေး၊ စားဝတ်နေရေး၊ ကူးသန်းရောင်းဝယ်ရေးတို့အား အထောက်အကူဖြစ်စေပါသည်။ ကုန်စည်ဖလှယ်၍၊ ယဉ်ကျေးမှု ဖလှယ်၍၊ အတတ်ပညာဖလှယ်၍ များလှစွာသောဖလှယ်မှုမျိုးစုံကို ပြုလုပ်လာနိုင်ကြသည်။ ထိုသို့ဖလှယ်ကြ၍ စီးပွားရေး တိုးတက်လာခဲ့ကြသည်။
လူနေမှုစနစ်လည်း နေ့စဉ်နှင့်အမျှမြင့်မားလာခဲ့ကြသည်။ ခန္ဓာကိုယ်အတွင်း၌ သွေးလွှတ်ကြောတို့သည် သွေးကို ခန္ဓာကိုယ်အစိတ်အပိုင်း အသီးသီးသို့ ရောက်အောင် ပို့ဆောင်ပေးသကဲ့သို့ သယ်ယူပို့ဆောင်မှု လမ်းကြောင်းများပေါ်မှသည် နိုင်ငံတွင်းသာမက တစ်ကမ္ဘာလုံးဒေသ အသီးသီးသို့ လူနှင့်ကုန်ပစ္စည်းမျိုးစုံကို ပို့ဆောင်ပေးလျက်ရှိနေသည်။ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများကြောင့် လူမှုစီးပွားဘဝတို့သည်လည်း ပြေပြစ်ချောမွေ့စွာ ဖွံ့ဖြိုးတိုးတက် ပြောင်းလဲလာကြောင်း သိသာလှပေသည်။
သို့ဖြစ်၍ တိုးတက်လျက်ရှိသော နိုင်ငံတိုင်းသည် မီးရထားလမ်း၊ ကားလမ်း၊ တူးမြောင်းများ၊ ဘူတာရုံများ၊ ဆိပ်ကမ်းများစသည့် ခေတ်မီပြည့်စုံ ကောင်းမွန်သော သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အဦများ ပိုင်ဆိုင်ထားကြသည်ကို မြင်တွေ့ရပါမည်။
စက်မှုတော်လှန်ရေး ကာလတွင် ရေနွေးငွေ့သုံး စက်ကိရိယာများကြောင့် ကုန်ထုတ်လုပ်မှုစွမ်းအား မြင့်မားလာသည့် အကျိုးဆက်အရ ကုန်ထုတ်လုပ်ရာ နေရာများ၌ လုပ်သားများ စုဝေးရောက်ရှိလာခြင်း၊ ကူးသန်းရောင်းဝယ်ရေး ဗဟိုချက်မများ၌ သိုလှောင်စခန်းများ ဖြစ်ပေါ်လာကာ အရောင်းအဝယ် တိုးတက်လာသည့်အလျောက် လူနေထိုင်မှု များပြားလာခြင်း၊ တစ်ဦးချင်းဝင်ငွေ အတော်အသင့်တိုးတက်လာခြင်း၊ ဒေသအလိုက် မတူညီသည့်ထွက်ကုန်များ ရှိနေသဖြင့် အပြန်အလှန်ရောင်းဝယ်မှု တိုးတက်လာခြင်း၊ စက်ရုံ၊ အလုပ်ရုံရှိရာသို့ ကုန်ကြမ်းအမြောက်အမြား သယ်ဆောင်ရန် လိုအပ်လာခြင်းစသည်တို့အပေါ် အခြေခံကာ ရေနွေးငွေ့သုံးရထား၊ ကားနှင့်သင်္ဘောများ တီထွင်ပေါ်ပေါက်လာခဲ့ကြောင်း တွေ့ရှိရပါသည်။
သယ်ယူပို့ဆောင်ရေး လုပ်ငန်းတို့တွင်ကျယ်စေရန် တီထွင်အသုံးပြုလာကြရာ အမျိုးမျိုးသောယာဉ်၊ ရထားများသည် ၁၉၁၀ ပြည့်နှစ်လောက်ကတည်းက အမျိုးအစား စုံလင်နေခဲ့ပြီဖြစ်ပါသည်။ ယခုခေတ် သယ်ယူပို့ဆောင်မှု အမျိုးအစားများဖြစ်ကြသော ရထား၊ သင်္ဘော၊ မော်တော်ကား၊ လေယာဉ်စသည့် ယာဉ်များ အားလုံးသည် ထိုခေတ်ကာလလောက်ကတည်းကပင် အစုံအလင်ရှိနေပေသည်။ ယင်းကာလများ မတိုင်မီက ပင်လယ်ရပ်ခြား ဒေသများသို့ ပိုးထည်များ၊ လက်ဖက်ခြောက်များနှင့် ဟင်းခတ်အမွှေးအကြိုင်များကိုသာ အဓိကတင်ပို့ခဲ့ကြပါသည်။ သို့သော် ယခုအခါ၌ လူတို့လိုအပ်သည့် အသုံးအဆောင်၊ အစားအသောက်၊ ဆေးဝါးများ၊ စက်မှုကုန်ကြမ်း၊ ကုန်ချောပစ္စည်း စသည်တို့ကို မည်သည့်နေရာဒေသမဆို တင်ပို့နိုင်သည့် သယ်ယူပို့ဆောင်မှု လုပ်ငန်းများ ထွန်းကား တိုးတက်နေပြီဖြစ်ပါသည်။
သယ်ယူပို့ဆောင်မှုပုံစံများ (Modes of Transport)
ယနေ့မျက်မှောက်ကာလတွင် နေရာဒေသ အသီးသီးသို့ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ကူးသန်းသွားလာ ဆက်ဆံမှုများ လွန်စွာကြီးမားလာသည့် အလျောက် ကမ္ဘာကြီးမှာလည်း ရွာကြီးသဖွယ်ဖြစ်ပေါ်ခဲ့ပါသည်။
ခေတ်၏ လိုအပ်ချက်နှင့်အညီ သယ်ယူပို့ဆောင်ရေး စွမ်းအားများ အဆင့်မြင့်လာပြီး လူ့ဘောင်အဖွဲ့အစည်းအတွက် အကျိုးကျေးဇူးများ ဖြစ်ပေါ်စေသကဲ့သို့ တစ်ဖက်တွင်လည်း သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များပျက်စီးခြင်း၊ ရာသီဥတုပြောင်းလဲခြင်း၊ ယာဉ်တိုက်ခိုက်
မှုနှင့် မတော်တဆမှုများဖြစ်ကာ သေကျေဒဏ်ရာရခြင်း၊ မြို့ကြီးများ၌ ယာဉ်ကျပ်တည်းမှုနှင့် ဆက်နွှယ်၍ ဆိုးကျိုးများကို ခံစားရခြင်းစသည့် ဆိုးကျိုးများလည်း ဖြစ်ပေါ်လာခဲ့ရပါသည်။
သယ်ယူပို့ဆောင်ရေး လုပ်ငန်းတစ်ခုအတွက် ခရီးသည်နှင့် ကုန်စည်များကို လိုအင်ဆန္ဒနှင့်အညီ လုံခြုံချောမွေ့စွာ အချိန်ကိုက် ပို့ဆောင်နိုင်မှုသည် အထူးအရေးပါလှပါသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် ယင်းတို့၏ ရေမြေတောတောင်နှင့် သဘာဝမြေမျက်နှာသွင်ပြင် အနေအထား၊ ခရီးအနီးအဝေး၊ လိုက်ပါစီးနင်းကြသည့် လူနှင့်ကုန်စည်ပမာဏ၊ ကုန်စည်အမျိုးအစားပေါ် မူတည်၍ သယ်ယူပို့ဆောင်မှု အမျိုးအစား၊ ပို့ဆောင်မှုနည်းလမ်း၊ ယာဉ်ယန္တရားပုံစံတို့ အမျိုးမျိုးရှိကြပါသည်။ အသုံးအများဆုံးသော သယ်ယူပို့ဆောင်မှု ပုံစံ(Modes of Transport) တွင် လေကြောင်း(Airways )၊ ရေကြောင်း(Waterways)၊ ပိုက်လိုင်း (Pipelines)၊ ကား (Roadways)နှင့် ရထား(Railways) ဟူ၍ အဓိကငါးမျိုးတွေ့ရှိရပါသည်။ ပို့ဆောင်ရေး ယာဉ်များအနက် သင်္ဘောသည် ရေကြောကိုချုံ့နိုင်၍ မီးရထား၊ မော်တော်ကားတို့သည် မြေကြောကိုချုံ့နိုင်သည်။ ရေကြော၊ မြေကြော နှစ်ခုစလုံးကိုချုံ့နိုင်သော ယာဉ်ကား လေယာဉ်ဖြစ်ပါသည်။ သို့ရာတွင် ပို့ဆောင်ရေး နည်းလမ်းပေါင်းစုံကို ဟန်ချက်ညီညီ ချိတ်ဆက်နိုင်လေ ပိုအကျိုးရှိလေဖြစ်ကြောင်းလည်း လေ့လာတွေ့ရှိရပါသည်။
လေကြောင်းပို့ဆောင်ရေး
လေယာဉ်၊ ရဟတ်ယာဉ်များသည် ရေမြေတောတောင်တို့ကို အချိန်တိုအတွင်း ကျော်ဖြတ်၍ ခရီးဝေးပျံသန်းနိုင်သဖြင့် သင်္ဘော၊ ရထားတို့ထက်များစွာ စွမ်းဆောင်နိုင်ပြီး ကုန်းလမ်း၊ ရေလမ်းမရှိသေးသော နေရာများ၌ လည်းကောင်း၊ ကုန်းလမ်း၊ရေလမ်းများ ရှိသော်လည်း လမ်းပန်းအဆက်အသွယ် ပြတ်တောက်နေသောအခါ၌ လည်းကောင်း လေကြောင်း ပို့ဆောင်ရေးကို အားထားနိုင်ပေသည်။ ယခုခေတ်တွင် စီးပွားရေးအမြတ်အစွန်း လက်ဦးမှု ရယူလိုခြင်းများအရ လည်းကောင်း၊ တန်ဖိုးကြီးမားသော ဆေးဝါး၊ အီလက်ထရွန်နစ် ပစ္စည်းများ၊ စားသောက်ကုန်များ စသည်တို့အား ပို့ဆောင်ရန်နှင့် အရေးကြီးပုဂ္ဂိုလ်များ၊ ခရီးဝေးသို့အလျင်အမြန် သွားရောက်လိုသူများအား ပို့ဆောင်ရန် လည်းကောင်း လေကြောင်းပို့ဆောင်ရေးမှာ များစွာအရေးပါလှပါသည်။
ရေကြောင်းပို့ဆောင်ရေး
သင်္ဘောများဖြင့် ပို့ဆောင်ရေးသည် ပို့ဆောင်ခ အသက်သာဆုံးဖြစ်ခြင်း၊ ကုန်စည်များအစုလိုက် သယ်ယူပို့ဆောင်နိုင်ခြင်း၊ ပင်လယ်ရေကြောင်းမှ တစ်ဆင့် နိုင်ငံတကာ ကုန်သွယ်မှုကိုမြှင့်တင်နိုင်ခြင်း၊ အခြားသော သယ်ယူပို့ဆောင်ရေးများနှင့် နှိုင်းယှဉ်ပါက အန္တရာယ်ဖြစ်ပေါ်နိုင်မှု လွန်စွာနည်းပါးခြင်း စသည့် အားသာချက်များရှိသော်လည်း ကုန်ပစ္စည်းများ ရွှေ့ပြောင်းပို့ဆောင်ရာတွင် အချိန်ကြန့်ကြာမှုရှိခြင်း၊ ရာသီအလိုက် ပြောင်းလဲမှုများကြောင့် စွမ်းဆောင်ရည်အပေါ် သက်ရောက်မှုရှိခြင်း၊ ပင်လယ်၊ သမုဒ္ဒရာများနှင့် မြစ်ချောင်းများတွင်သာ လည်ပတ်နိုင်သောကြောင့် အကန့်အသတ်ဖြင့်သာ အသုံးပြုနိုင်ခြင်း၊ ကုန်စည်ပမာဏ အနည်းငယ်ကို သီးခြားပို့ဆောင်ပေးနိုင်မှုမရှိခြင်း စသည့် အားနည်းချက်များကို တွေ့ရပါသည်။
ကုန်းလမ်းပို့ဆောင်ရေး
လူတို့၏နေထိုင်မှု အဆင့်အတန်းမြင့်မားလာမှုနှင့် အတူ စက်မှုလုပ်ငန်းများအတွက် စွမ်းအင်ရရှိရေးဆိုင်ရာ ရေနံနှင့်သဘာဝ ဓာတ်ငွေ့လိုအပ်ချက်မြင့်မားလာခြင်းကြောင့် ထုတ်လုပ်မှု တိုးမြှင့်လာမှုနှင့်အတူ ပိုက်လိုင်းသယ်ယူပို့ဆောင်ရေး ကဏ္ဍသည်လည်း ဖွံ့ဖြိုးတိုးတက်လာပါသည်။ သဘာဝဓာတ်ငွေ့၊ ဓာတ်ငွေ့အရည်၊ ရေနံနှင့် ကျောက်မီးသွေး၊ သံ၊ သတ္တုရိုင်းအမှုန့်များကို သံမဏိပိုက်များဖြင့် ဆက်သွယ်ထားသည့် ပိုက်လိုင်းများ အသုံးပြု၍ ကုန်းတွင်းပိုင်းတွင် ပို့ဆောင်မှုများဖြစ်ပါသည်။ ပိုက်လိုင်း ပို့ဆောင်ရေးသည် သဘာဝဘေးနှင့်ရာသီဥတုဒဏ် ခံရမှုအနည်းဆုံးဖြင့် အချိန်ပြည့်တစ်ဆက်တစ်စပ်တည်း ပို့ဆောင်နိုင်စွမ်း ရှိပါသည်။ ပို့ဆောင်လိုသည့်နေရာသို့ အတိုဆုံးလမ်းကြောင်းမှ ဖြတ်သန်းတည်ဆောက် ပို့ဆောင်နိုင်ခြင်း၊ ပို့ဆောင်မှုပမာဏ ကြီးမားခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အသက်သာဆုံးဖြစ်ခြင်း၊ မြေပေါ်သယံဇာတ ထိခိုက်ပြုန်းတီးမှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို ထိခိုက်စေခြင်းမှ ရှောင်ရှားနိုင်ခြင်း၊ စွမ်းအင်သုံးစွဲမှုအနည်းဆုံးဖြစ်ခြင်း စသည့်အားသာချက်များရှိပါသည်။ သို့ရာတွင် ပို့ဆောင်ပေးရမည့် ဓာတ်ငွေ့၊ အရည်နှင့် အမှုန့်အမျိုးအစား ကန့်သတ်မှုရှိခြင်း၊ ပစ္စည်းတစ်မျိုးတည်းကိုသာ ပုံမှန်သယ်ပို့ပေးနိုင်ခြင်း၊ ပိုက်လိုင်းမှယိုစိမ့်မှု၊ဓာတ်ငွေ့ထုတ်လွှတ်မှုများ ရုတ်တရက်ဖြစ်ပေါ်ပါက သဘာဝပတ်ဝန်းကျင်နှင့် လူ၊ တိရစ္ဆာန်တို့အား ဆိုးရွားစွာ ထိခိုက်ပျက်စီးစေနိုင်ခြင်း၊ ပုံသေရင်းနှီးမြှုပ်နှံမှု စရိတ်ကြီးမားခြင်းစသည့် အားနည်းချက်များ ရှိပါသည်။
မော်တော်ယာဉ်ဖြင့် ပို့ဆောင်ရေး လုပ်ငန်းသည် ဝေးလံခေါင်သီသော ဒေသများတွင်ပင် ခရီးသည်ပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စွာ အထောက်အကူပြုနိုင်ခြင်း၊ သုံးဘီး၊ ဘတ်စကား၊ ထရပ်ကားစသည်ဖြင့် ယာဉ်ကြီး၊ ယာဉ်ငယ်ခွဲခြား၍ ရွေးချယ်အသုံးချနိုင်ခြင်း၊ ပုပ်သိုးပျက်စီးလွယ်သော စားသောက်ကုန်များကို တသီးတခြား လွယ်ကူစွာ သယ်ပို့နိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုပမာဏ နည်းနည်းဖြင့် မတည်ဆောင်ရွက်နိုင်ခြင်းနှင့် ခရီးတိုပို့ဆောင်မှုများအတွက် အလွန်သင့်လျော်ခြင်းတို့ကို သုံးသပ်တွေ့ရှိရပါသည်။ သို့ရာတွင် ခရီးဝေးသယ်ယူ ပို့ဆောင်ရေးအတွက် စီးပွားရေးအရ တွက်ခြေကိုက်မှုမရှိခြင်း၊ ခရီးဝေးအား ရထားဖြင့်ပို့ဆောင်ရေးနှင့် နှိုင်းယှဉ်ပါက နှေးကွေးခြင်း၊ ဖုန်မှုန့်များနှင့် လေထုညစ်ညမ်းမှုများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများခြင်း၊ ကုန်စည်များ ပျက်စီးလွယ်ခြင်း၊ မောင်းနှင်မှု အချိန်ပိုမိုကြန့်ကြာခြင်း၊ ယာဉ်မတော်တဆမှုဖြစ်ရန် အခွင့်အလမ်း အလွန်မြင့်မားပြီး အန္တရာယ်များခြင်း၊ လူနှင့်ယာဉ် ထိခိုက်ပျက်စီးမှုများခြင်း၊ ကားလမ်းများ၏ ကြံ့ခိုင်ရေးအတွက် နှစ်စဉ်ကုန်ကျစရိတ် များခြင်း၊ ယာဉ်၏ကြံ့ခိုင်ရေးနှင့် ပြင်ဆင်စရိတ်စသည့် ပုံမှန်ကုန်ကျစရိတ်များ အသုံးပြုရခြင်း၊ ယာဉ်မောင်း၊ အကူ၊ ယာဉ်ပြင်စသည့် လုပ်သားစွမ်းအားအရ များစွာအသုံးပြုရခြင်း စသည့်ထိခိုက်မှုများ၊ ဆိုးကျိုးများ ဖြစ်ပေါ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။
လူတစ်ဦးချင်း၊ မိသားစုတစ်စု၊ အဖွဲ့အစည်းတစ်ခုအနေဖြင့် ကူးသန်းသွားလာရေးနှင့် ပို့ဆောင်ရေး လိုအပ်ချက်များကို အကြောင်းပြု၍ လွယ်ကူစွာ အသုံးချနိုင်သော မော်တော်ယာဉ်များကို ဝယ်ယူအသုံးပြုမှု များပြားလာပါသည်။ တစ်ဦးချင်းအနေဖြင့် မော်တော်ယာဉ်များကို ကိုယ်ပိုင်သုံးရန် ဝယ်ယူနိုင်သည့် အခြေအနေဖြစ်လာခြင်း၊ ရထား၊ သင်္ဘောပို့ဆောင်ရေး အမျိုးအစားနှင့်နှိုင်းယှဉ်လျှင် မော်တော်ယာဉ်သည် ခရီးသည်များကို မိမိတို့နေထိုင်ရာရပ်ကွက် သို့မဟုတ် နေအိမ်မှ မိမိတို့သွားလိုရာနေရာ (ကျောင်း၊ ဈေး၊ ဆေးရုံ စသည်) သို့ လမ်းရှိလျှင်အရောက် ပို့ဆောင်နိုင်ခြင်း၊ ကုန်ကြမ်း၊ ကုန်ချောများကိုလည်း ဂိုဒေါင်မှစက်ရုံ၊ စက်ရုံမှဈေးကွက်နှင့် ဝယ်ယူလိုသူထံ အနီးဆုံးနေရာအထိ တိုက်ရိုက်ပို့ဆောင်ပေးနိုင်ခြင်း စသည့် အားသာချက်များကြောင့် မော်တော်ယာဉ် ပို့ဆောင်ရေးလုပ်ငန်းမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာပြီး အဓိကပို့ဆောင်ရေး လုပ်ငန်းတစ်ခုအဖြစ်သို့ ရောက်ရှိလာခဲ့ပါသည်။
ယခုအခါ မိမိတို့နိုင်ငံရှိမြို့ကြီးများနှင့် ကမ္ဘာ့မြို့ကြီးအများစု၌ ယာဉ်ကြော ကျပ်တည်းမှုကို လက်ငင်းကြုံတွေ့နေကြရာ ယင်း၏အကျိုးဆက်များသည် နိုင်ငံနှင့် လူ့အဖွဲ့အစည်းတို့အတွက် နစ်နာဆုံးရှုံးမှု ကြီးမားသည့်အလျောက် ပို့ဆောင်ရေး ပညာရှင်နှင့်ပို့ဆောင်ရေး လုပ်ငန်းမှ တာဝန်ရှိသူများက ယင်းပြဿနာကို အလေးထားအဖြေရှာ၍ နည်းလမ်းအမျိုးမျိုးဖြင့် ဖြေရှင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိနေကြပါသည်။ ယာဉ်ကြော ကျပ်တည်းမှုကြောင့် ကြန့်ကြာနေသော မော်တော်ယာဉ်များပေါ်ရှိ ယာဉ်မောင်းနှင့် ခရီးသည်တို့၏ ထုတ်လုပ်မှုစွမ်းအားများ အလဟဿ လေလွင့်မှုဖြစ်ပေါ်စေခြင်း၊ အချိန်ကြန့်ကြာသည်နှင့်အမျှ စက်သုံးဆီစရိတ်၊ မော်တော်ယာဉ်ပြုပြင်စရိတ်များ တက်လာခြင်း၊ အထူးအားဖြင့် မိမိတို့နိုင်ငံသည် စက်သုံးဆီများကို ပြည်ပမှ တင်သွင်းနေရသည်ဖြစ်ရာ စက်သုံးဆီကုန်ကျစရိတ် တက်လာသည်နှင့်အမျှ ကုန်သွယ်မှု ရှင်းတမ်းတွင် အနုတ်ပြကာ စီးပွားရေး၊ ဘဏ္ဍာရေးအရ ထိခိုက်ခြင်း၊ ပို့ဆောင်ရေးစရိတ် မြင့်တက်လာသဖြင့် ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏမြင့်တက်ခြင်းကြောင့် ဖန်လုံအိမ်အာနိသင် အကျိုးသက်ရောက်မှု (Greenhouse Effect)ဖြစ်ပေါ်ကာ ကမ္ဘာ့လေထု ပူနွေးလာသဖြင့် ရာသီဥတု ဖောက်ပြန်ခြင်း၊ အက်စစ်မိုးများ ရွာသွန်းကာ သစ်တောများ၊ စိုက်ပျိုးသီးနှံများ အက်စစ်လောင်ကျွမ်း ပျက်စီးခြင်း၊ ရေတွင်း၊ ရေကန်ပျက်စီးကာ သောက်ရေ၊ သုံးရေရှားပါးမှုကြုံတွေ့ရခြင်း စသည့်ဆိုးကျိုးများ ပေါ်ပေါက်လာစေပါသည်။
ယာဉ်ကြောကျပ်တည်းမှုကို သက်သာစေရန် လမ်းဆုံလမ်းခွ၌ တံတားများ၊ မြေအောက်လိုဏ်ခေါင်းများ တည်ဆောက်ရခြင်း၊ အသွားလမ်းကြော၊ အပြန်လမ်းကြော အရေအတွက်ကို အချိန်ကာလသတ်မှတ်ချက်ဖြင့် ပြောင်းလဲသတ်မှတ် ပြေးဆွဲရန်စီမံရခြင်း၊ ဘတ်စကားအတွက် ဦးစားပေးလမ်းကြောင်း သတ်မှတ်ပေးခြင်း၊ ကိုယ်ပိုင်ယာဉ်များကို အခွန်အခကြီးမားစွာ သတ်မှတ်ကောက်ခံ၍ မြို့တွင်းကိုဝင်ရောက်စေခြင်း၊ မြို့တွင်း၌ ကားရပ်နားရန်နေရာ၊ အဆောက်အအုံများ စနစ်တကျစီမံပေးရခြင်း၊ မြို့ကြီးများပတ်လည်တွင် ဆင်ခြေဖုံးမြို့များ၌ ဈေး၊ ဆေးရုံ၊ ကျောင်း၊ ဘဏ်၊ အလုပ်ရုံ၊ စက်ရုံ၊ လူနေရပ်ကွက်စသည်တို့ဖြင့် ပြည့်စုံစွာစီမံ တည်ဆောက်ပေးရခြင်း၊ ကျောင်းသားများကို စုပေါင်းကြိုပို့သည့်စနစ် အသုံးပြုခြင်းဖြင့် ကျောင်းသို့ လာရောက်သည့် ယာဉ်လျော့နည်းသွားစေရန် စီမံရခြင်း၊ မြေနေရာအသုံးပြုမှု နည်းပါးပြီး ခရီးသည်အမြောက်အမြားကို ပို့ဆောင်နိုင်သည့် မြေအောက်သို့မဟုတ် မြေပြင်အထက်မှ ပို့ဆောင်နိုင်သည့် မြို့တွင်းသွား ရထားများပြေးဆွဲလျက် ဘတ်စကားနှင့် ကိုယ်ပိုင်ယာဉ်၊ အငှားယာဉ်များ အသုံးပြုမှုကို လျှော့ချနိုင်မည့် အစီအမံများ ချမှတ်ဆောင်ရွက်ရခြင်း၊ ယာဉ်ကျပ်တည်းမှုဖြစ်ပေါ်စေသည့် လူစုဝေးရောက်ရှိလာမည့် ရုံးများ၊ ဈေးများ၊ ရုပ်ရှင်ရုံ၊ ကဇာတ်ရုံများ၊ အပန်းဖြေရန်နေရာများ၊ စက်ရုံ၊ အလုပ်ရုံ၊ ကုန်လှောင်ရုံများ စသည်တို့ကို စိစစ်ဖော်ထုတ်၍ မြို့ပြင်တွင် ပြောင်းရွှေ့နေရာချထားရခြင်း၊ ကားလမ်းမကြီး တစ်လျှောက် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရေး စောင့်ကြပ်ကြည့်ရှုဖြေရှင်းနိုင်မည့် နည်းပညာများ အသုံးချဆောင်ရွက်ပြီး ယာဉ်မောင်းနှင်သူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များ ပေးပို့ခြင်း၊ စည်းကမ်းမဲ့ ယာဉ်ရပ်တန့်မှုများအား တင်းကျပ်စွာ အရေးယူထိန်းသိမ်းခြင်း၊ မော်တော်ယာဉ် တင်သွင်းမှုကို ကန့်သတ်ခြင်း၊ အခွန်တိုးမြှင့်ကောက်ခံခြင်း စသည်ဖြင့်နည်းလမ်းမျိုးစုံကြံဆလျက် နှစ်စဉ်ဘဏ္ဍာငွေ အမြောက်အမြား ကျခံသုံးစွဲကာ ကြိုးပမ်းဆောင်ရွက်နေကြရပါသည်။
ရထားပို့ဆောင်ရေးကဏ္ဍ
ရထားပို့ဆောင်ရေးလုပ်ငန်းသည် ကုန်စည်ပမာဏ များစွာကို တစ်ချိန်တည်း တစ်ပြိုင်တည်းတွင် တစ်နေရာမှ တစ်နေရာသို့ လွှဲပြောင်းပေးခြင်းနှင့် ခရီးသည်များစွာကိုလည်း အစုအပြုံလိုက် တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်ပေးရန် စွမ်းရည်ရှိသော သယ်ယူပို့ဆောင်ရေး နည်းလမ်းဖြစ်ပါသည်။ ရထားသည် ပုံသေသတ်မှတ်လမ်းကြောင်းပေါ်တွင် ပြေးဆွဲရသည့် ပို့ဆောင်ရေးစနစ် တစ်ခုဖြစ်ပါသည်။ ရထားပို့ဆောင်ရေး လုပ်ငန်းသည် နိုင်ငံအတွင်း ဒေသအသီးသီးကို လွှမ်းခြုံဆောင်ရွက်နိုင်ခြင်း၊ ခရီးဝေးပို့ဆောင်မှုများအတွက် ဈေးသက်သာခြင်း၊ မော်တော်ယာဉ် ပို့ဆောင်ရေးထက် အချိန်ပိုမြန်ခြင်း၊ အလွန်များပြားသော ကုန်စည်များကို ပို့ဆောင်ရန် အသင့်လျော်ဆုံးသော လုပ်ငန်းဖြစ်ခြင်း၊ ကာဗွန်ထုတ်လွှတ်မှု လျော့နည်းပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုသက်သာခြင်း၊ နေရောင်ခြည်နှင့် ဖုန်မှုန့်များ ထိတွေ့မှုမှသင့်လျော်သော အကာအကွယ်ကိုပေးနိုင်ခြင်း၊ ရထားမတော်တဆမှုဖြစ်ရန် အခွင့်အလမ်း အလွန်နည်းပါးပြီး အခြားသောပို့ဆောင်မှု နည်းလမ်းများထက် ပိုမိုလုံခြုံမှုရှိသော သယ်ယူပို့ဆောင်ရေး နည်းလမ်းဖြစ်ခြင်း၊ ကျွမ်းကျင်မှု ပညာရှင်များနှင့် ကျွမ်းကျင်မှုမရှိသေးသော လုပ်သားများကိုပါ အလုပ်အကိုင်အခွင့်အလမ်းများ များစွာပံ့ပိုးပေးနိုင်ခြင်း စသည့်အားသာချက် များစွာရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။
ရထားပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်ရန် တည်ဆောက်ခြင်း၊ လည်ပတ် လုပ်ကိုင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း အဆင့်တိုင်းအတွက်မူ ကြီးမားသော အရင်းအနှီးလိုအပ်ခြင်း၊ တောင်ပေါ်ဒေသများတွင် တည်ဆောက် စရိတ်မြင့်မားခြင်း၊ ပုံသေလမ်းကြောင်း တစ်ခုတည်းပေါ်တွင်သာ ပြေးဆွဲပို့ဆောင်နေရခြင်း၊ အိမ်တိုင်ရာရောက် ပို့ဆောင်နိုင်မှု (Door to Door Service) မပြုလုပ်နိုင်ခြင်းနှင့် မော်တော်ယာဉ်ပို့ဆောင်ရေးနှင့် ပေါင်းစပ်၍ ခရီးသည်နှင့် ကုန်စည်များကို ထပ်ဆင့်ပို့ဆောင်နိုင်ရေး စီမံဆောင်ရွက်ရခြင်းများသည် စဉ်ဆက်မပြတ် ရထားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိန်ခေါ်မှုဖြစ်စေပါသည်။ ကနဦးရင်းနှီးမြှုပ်နှံမှု စရိတ်ကြီးမားသဖြင့် လည်းကောင်း၊ ကုန်စည်နှင့် ခရီးသည်များကို ခရီးဝေးဝေးသို့ ပို့ဆောင်နိုင်မှသာ စီးပွားရေးအရ တွက်ခြေကိုက်သည့် သဘာဝကြောင့် လည်းကောင်း၊ မော်တော်ယာဉ်ပို့ဆောင်ရေး လုပ်ငန်းများက ခရီးသည်နှင့်ကုန်စည် ပို့ဆောင်ရေးလုပ်ငန်း ပမာဏအများစုကို ရယူပို့ဆောင်နေကြသည့် အတွက်ကြောင့် လည်းကောင်း ကမ္ဘာအနှံ့ ရထားလုပ်ငန်းအများစုသည် ဝင်ငွေနှင့်ထွက်ငွေမမျှဘဲ အရှုံးပေါ်လျက်ရှိကြကြောင်း လေ့လာတွေ့ရှိရပါသည်။
သို့သော်လည်း ရထားလုပ်ငန်းသည် နိုင်ငံအတွက် မဟာဗျူဟာအရ အရေးကြီးသော လုပ်ငန်းဖြစ်ခြင်း၊ ရထားသည် ကားနှင့်နှိုင်းယှဉ်လျှင် တူညီသော ကုန်စည်ပမာဏနှင့် အကွာအဝေးအတွက် လောင်စာဆီသုံးစွဲနှုန်း လေးပုံတစ်ပုံမှ ခြောက်ပုံတစ်ပုံသာရှိသဖြင့် လေထုညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကိုလျော့ပါးစေခြင်း၊ ခရီးသည်အမြောက်အမြား သယ်ယူပို့ဆောင်နိုင်သဖြင့် ယာဉ်ကြောကျပ်တည်းမှု ဖြစ်ပေါ်နေသော မြို့ကြီးများအတွက် မဖြစ်မနေ သုံးသင့်သော ပို့ဆောင်ရေးစနစ်တစ်ခု ဖြစ်နေခြင်းစသည်တို့ကြောင့် နိုင်ငံအသီးသီးတွင် ရထားလုပ်ငန်း ဆက်လက်ရှင်သန်စေရန်အတွက် အစိုးရအသီးသီးက နည်းအမျိုးမျိုးဖြင့် အထောက်အပံ့ ပြုထားကြပါကြောင်းကိုလည်း လေ့လာတွေ့ရှိရပါသည်။ ရထားလုပ်ငန်းသည် ထိရောက်သောသယ်ယူပို့ဆောင်ရေး စွမ်းရည်ပေးနိုင်ခြင်း၊ လေးလံ၍ ကြီးမားသော ကုန်စည်များ၊ ပမာဏများပြားသော ကုန်စည်များပို့ဆောင်ရာတွင် ကုန်ကျစရိတ် သက်သာမှုများစွာ ပေးနိုင်စွမ်းရှိခြင်း၊ မော်တော်ယာဉ်နှင့် လေကြောင်းပို့ဆောင်ရေးတို့နှင့် နှိုင်းယှဉ်ပါက ဓာတ်ငွေ့ထုတ်လုပ်မှုနှင့် လောင်စာဆီအသုံးပြုရမှု နည်းပါးပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အသက်သာဆုံးဖြစ်ခြင်း၊ မတော်တဆမှုဖြစ်နိုင်ခြေနည်းပါးပြီး ယုံကြည်စိတ်ချရသော ပို့ဆောင်မှုပုံစံ တစ်ခုဖြစ်ခြင်း၊ မြို့ပြများတွင် ယာဉ်ကြောပိတ်ဆို့မှုများကို လျှော့ချဖြေရှင်းပေးနိုင်သည့် အကောင်းဆုံးသော ပို့ဆောင်ရေးလုပ်ငန်း တစ်ခုဖြစ်ခြင်းတို့ကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ခေတ်မီနည်းပညာများကို အခြေခံကာ ရင်းနှီးမြှုပ်နှံမှုများ အထပ်ထပ်ပြုလုပ်၍ တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရပြီဖြစ်ပါကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။ ။
ညီညီ(ရထား)