အဝေးမှလာ၍ဖူးမြော်ခဲ့သည် မာရဝိဇယမြတ်ဘုရားဆီ
မြဝတီသတင်းစာကို ဖတ်ရှုနေကြတဲ့ စာချစ်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေရှင့်။
ယခုမာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို သွားရောက်ဖူးမြော်ခဲ့မှုနဲ့ပတ်သက်ပြီး မိမိကိုယ်တိုင်လည်းကြည်ညို သဒ္ဓါပွားမိသလို စာချစ်သူအပေါင်းလည်း မိမိနဲ့ထပ်တူ ကုသိုလ်အဖို့ရရှိစေရန် ရည်မျှော်ကာ ဤဆောင်းပါးလေးကို ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။
နေပြည်တော်မှာ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး စတင်တည်ထားတော့မယ် ဆိုကတည်းက မိမိတို့ ဗုဒ္ဓဘာသာဝင်များက လက်ကမ်း ကြိုဆိုခဲ့ကြတာပါ။
ကျွန်မတို့မြန်မာနိုင်ငံမှာ စကျင်ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ် အများအပြားရှိသလို နေရာဒေသ အသီးသီးမှာလည်း ကိန်းဝပ်စံပယ်တော် မူနေကြပါတယ်။
ဒါပေမဲ့ နေပြည်တော်မှာ အခုတည်ထားတဲ့ ရုပ်ပွားတော်မြတ်ကြီးကတော့ မြန်မာမှာ သာမက ကမ္ဘာပေါ်မှာပါ ဉာဏ်တော် အမြင့်ဆုံး ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ဖြစ်နေတာကိုက ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဂုဏ်ယူဖွယ်ရာ ပြယုဂ်တစ်ခုလိုဖြစ်လာတာပါ။
ကျွန်မက တောင်ငူမြို့မှာနေတာပါ။ တောင်ငူကနေ နေပြည်တော်အထိ တက်လာပြီး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်တယ် ဆိုတာကလည်း တို့မြန်မာနိုင်ငံမှာ ကမ္ဘာ့အကြီးဆုံး ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရှိနေတာကို ဂုဏ်ယူဝင့်ကြွားလိုတဲ့စိတ်၊ ခမ်းနားထည်ဝါပါတယ်ဆိုတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကိုလည်း မျက်မြင်တွေ့ချင်လိုတဲ့ စိတ်များကြောင့်သာ လာခဲ့ရတာဖြစ်ပါတယ်။
ကျွန်မတို့တောင်ငူကနေ ထွက်လာတော့ နံနက်စောစောပေါ့။ နေပြည်တော်အဝင် ရောက်တော့ မိုးလေးကအုံ့နေတာနဲ့ အေးချမ်းခြင်းနိမိတ်ကို စတင်ခံစား လိုက်ရပါတယ်။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဆီသို့သွားရာ အဝင်မုခ်ဦးကိုရောက်တဲ့ အချိန်မှာတော့ ကြက်ပျံမကျလို့တောင်ပြောလို့ရတဲ့ လူအုပ်ကြီးကိုတွေ့လိုက်ရပါပြီ။
လာရောက်ဖူးမြော်သူအားလုံးက ကျွန်မ လိုပဲစိတ်သဘောထားနဲ့ လာရောက်ဖူးမြော် ကြတယ်လို့လည်း ယုံကြည်မိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကလေး၊ လူငယ်၊ လူရွယ်၊ လူကြီး အားလုံးက စနစ်တကျနဲ့ တန်းစီပြီး ဝင်ရောက်နေတာကို တွေ့လိုက်ရလို့ပါ။
မုခ်ဦးကိုကျော်လွန်ပြီး ဗုဒ္ဓဥယျာဉ်တော်ထဲ ရောက်သွားချိန်မှာတော့ ကျမ်းဂန်ပါ တရားတော်များနဲ့အညီ တည်ထားကိုးကွယ်ထားတဲ့ နဂါးရုံဘုရား၊ ရတနာပုံခေတ် လက်ရာဖြစ်တဲ့ သုဓမ္မာဇရပ်များ၊ ကျောက်စာရုံစေတီတော်များ၊ ရေပန်းအဝိုင်းကြီး၊ မန္တလေးကျုံးမှာတွေ့ရတဲ့ ရတနာပုံခေတ် ဟန်တံတား၊ ကြာမျိုးစုံစွာ ဖူးပွင့်နေတဲ့ ရေကန်တို့ကို ပနံရစွာ တင့်တယ်နေတာကို တွေ့ရပါတယ်။
အဲဒီကမှတစ်ဆင့် အပေါ်ကိုမော့ကြည့်လိုက်တော့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးကိုဖူးတွေ့လိုက်ရချိန်မှာ ကားစီးလာရလို့ ပင်ပန်းနေသမျှ အမောတွေ ပြေပျောက်သွားရပါတယ်။
ကျွန်မရဲ့အမေကတော့ အသက်ကြီး နေပြီဖြစ်တဲ့အတွက် လှေကားကနေ မတက်နိုင်ပါဘူး။ ဒါပေမဲ့ လှေကားဘေးမှာ တည်ဆောက်ထားတဲ့ ရွေ့လျားစက်လှေကားကြောင့် ဘုရားရင်ပြင်တော်ပေါ်ကို အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ရောက်သွားပါတယ်။ အမေ့ရဲ့ မျက်နှာကိုကြည့်လိုက်တော့လည်း ကြည်နူးဖွယ်အတိဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
ဘုရားရင်ပြင်တော်ပေါ်ကို ရောက်တဲ့ အခါမှာတော့ ဘုရားရိပ်၊ တရားရိပ်က အေးမြတယ်ဆိုတာ ဒီလိုပါလားဆိုတာ ကိုလည်း မျက်မြင်ဒိဋ္ဌ ခံစားလိုက်ရပါတယ်။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ကြည်ညိုရတာဟာ တကယ့်ကို သက်ရှိထင်ရှား မြတ်စွာဘုရားကို ဖူးမြော် လိုက်ရသလိုပါပဲ။
ဒါ့အပြင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက ရောက်လာသမျှသော ဧည့် ပရိသတ်အပေါင်းကို တရားရေအေး အမြိုက်ဆေး တိုက်ကျွေးနေသလိုပါပဲ။
တကယ့်ကို စိတ်ဘဝင်ဝယ်ကြည်နူးမိရ ပါတယ်။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ရတာဟာ တကယ်ကိုဖူးလို့မ၀ နိုင်အောင်ပါပဲ။ ရောက်လာသမျှ ဘုရားဖူးလာဧည့်ပရိသတ် အပေါင်းတို့ကလည်း ကျွန်မနဲ့ထပ်တူ ခံစားမိမယ်လို့ ထင်ပါတယ်။
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ဖူးမြော်ပြီးချိန်မှာတော့ ရင်ပြင်တော် ပတ်ပတ်လည်မှာရှိတဲ့ ဂန္ဓကုဋိတိုက်များဆီ သွားရောက်ပြီး လေ့လာမိပါသေးတယ်။
ဟေတုပစ္စယောမှသည် အဝိဂတပစ္စယောအထိရှိတဲ့ ပဋ္ဌာန်း ၂၄ ပစ္စည်းကို ဂန္ဓကုဋိတိုက် ၂၄ ဆောင်မှာ အဓိပ္ပာယ်နဲ့ တကွရှင်းပြထားပြီး အဲဒီအဓိပ္ပာယ်နဲ့ ဆက်စပ်တဲ့ ပုံပန်းချီတွေကိုလည်း ရေးဆွဲဖော်ပြထားတာကို တွေ့ရပါတယ်။
အမှန်အတိုင်း ဝန်ခံရမယ်ဆိုရင် ကျွန်မတို့အနေနဲ့ ဒီအသက်အရွယ်ကိုသာ ရောက်လာတာ ပဋ္ဌာန်း ၂၄ ပစ္စည်းရဲ့အဓိပ္ပာယ်တွေကို သေသေချာချာမသိခဲ့ပါဘူး။ ကိုယ်ကိုယ်တိုင်က မလေ့လာမိတာလည်း ပါမှာပေါ့လေ။
အခုတော့ ပဋ္ဌာန်းတရားတော်ရဲ့ အနှစ်ချုပ်ကို တစ်နေရာတည်းမှာ မြင်တွေ့လိုက် ရတဲ့အပြင် အသက်ဝင်လှစွာခြယ်မှုန်းထားတဲ့ နိပါတ်တော်လာ ပုံဝတ္ထုပန်းချီများကြောင့် ပဋ္ဌာန်း ၂၄ ပစ္စည်းရဲ့အဓိပ္ပာယ် အပြည့်အစုံကို တစ်နေရာတည်းမှာ လေ့လာနိုင်ပါတယ်။ ဒီလိုတည်ထားမှုဟာ တကယ့်ကို အမြော်အမြင်ကြီးတဲ့ လုပ်ရပ်လို့ ကျွန်မ တော့ သတ်မှတ်ပါတယ်။
ဂန္ဓကုဋိတိုက်တွေကို အကုန်စုံအောင် ကြည့်ရှုကာ ပဋ္ဌာန်း ၂၄ ပစ္စည်းအကြောင်း များကို လေ့လာပြီးတဲ့နောက် ရင်ပြင်တော်ပေါ်က ပြန်မဆင်းမီ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ထပ်မံကန်တော့ ကြပါသေးတယ်။
ရင်ပြင်တော်ပေါ်ကနေ ပြန်ဆင်းလာပြီးတော့ ကျွန်မနဲ့ ကလေးတစ်သိုက်က ကျောက်စာရုံစေတီတော်များဘက်ကို ခြေဦး လှည့်လိုက်ပါတယ်။ အမေကတော့ လမ်းသိပ်မလျှောက်နိုင်တော့လို့ သုဓမ္မာ ဇရပ်တစ်ဆောင်မှာပဲ အနားယူတရား မှတ်ရင်း ကျန်နေခဲ့ပါတယ်။
ကျောက်စာရုံစေတီတော်များဆီ ရောက်သွားချိန်မှာ တို့မြန်မာနိုင်ငံမှာ ကမ္ဘာ့ အကြီးဆုံးစာအုပ်ကြီး နောက်ထပ်တစ်အုပ် ထွက်ပေါ်လာပြီလို့ သတ်မှတ်ပြီး ပီတိဖြစ်သွား ပါသေးတယ်။
ရေးထိုးထားတဲ့ စာတွေကတော့ မြတ်စွာ ဘုရားရဲ့တရားတော်များဖြစ်တဲ့ ပိဋက သုံးပုံကို ကျောက်ထက်အက္ခရာ တင်ထားတာပါ။
အခုလိုမျိုး ပိဋကသုံးပုံကို ကျောက်ထက် အက္ခရာတင်ထားတာ ကောင်းပါတယ်။
ဘာဖြစ်လို့လဲဆိုရင် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူပြီး နောက်ပိုင်းမှာ သံဃာတော်များက ပိဋကသုံးပုံကို အာဂုံဆောင်ပြီး လက်ဆင့်ကမ်းခဲ့ကြတာပါ။
နောက်ပိုင်းမှာတော့ ပေထက်အက္ခရာတင်တယ်။ အဲဒီနောက် စာအုပ်များမှာ ရေးသားပူဇော်တယ်။ အခုဆိုရင် ဒစ်ဂျစ်တယ်စနစ်နဲ့ ထိန်းသိမ်းတဲ့ အဆင့်အထိ ရောက်လာကြပါပြီ။
ဒါပေမဲ့ ဒါတွေက အချိန်ဘယ်လောက်ကြာတဲ့အထိ တည်မြဲမယ်လို့ထင်ပါသလဲ။ ဒါကြောင့်လည်း ဗုဒ္ဓရဲ့တရားတော်တွေ ရှိနေသမျှကာလပတ်လုံး မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး သက်တော်ထင်ရှား ရှိနေသေးတယ်ဆိုတဲ့ ယုံကြည်မှုအတိုင်း ကမ္ဘာတည်သရွေ့သာသနာ တည်ရှိအောင် တရားတော်များကို ကျောက်ထက်အက္ခရာတင်ထားတာဟာ အင်မတန်မှန်ကန် ကောင်းမွန်တဲ့ လုပ်ရပ်လို့ ကျွန်မကတော့မြင်ပါတယ်။
ကျွန်မတို့လည်း ကျောက်စာရုံစေတီတော်များကို ဖူးမြော်ပြီးတဲ့နောက် သုဓမ္မာ ဇရပ်မှာ အနားယူတရားမှတ်နေတဲ့ အမေ့ကို ပြန်ခေါ်ပြီး အပြင်ကိုပြန်ထွက်လာခဲ့ကြပါတယ်။
အမေ့ရဲ့မျက်နှာပေါ်မှာတော့ အပြုံးရိပ်များစွာအပြင် ပီတိဖြစ်ပေါ်နေမှုတို့ကို အတိုင်းသား တွေ့လိုက်ရပါတယ်။ ဒါဟာ သားသမီးတစ်ယောက်က ကိုယ့်မိဘကို ဘုရားဖူး လိုက်ပို့ပေးလို့ ဖြစ်ပေါ်လာတဲ့ အပြုံးရိပ်အပြင် သက်တော်ထင်ရှားမြတ်စွာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ကိုယ်တိုင်ကိုယ်ကျ ဖူးတွေ့ခွင့်ရခဲ့တဲ့ အပြုံးမျိုးကို မြင်လိုက်ရတာပါ။
ဒီလိုအပြုံးမျိုး မြင်တွေ့ခွင့်ရအောင်၊ ဒီလိုကုသိုလ်ထူးတွေ ရရှိနိုင်အောင် သာယာလှတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးနဲ့တကွ ကမ္ဘာမှာ မြန်မာနိုင်ငံက ထေရဝါဒ အထွန်းကားဆုံး နိုင်ငံဖြစ်တယ်ဆိုတာကို သက်သေပြနိုင်စေဖို့ သက်တော်ထင်ရှား မြတ်စွာဘုရား အလား ထင်မှတ်ရတဲ့ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို တည်ထားကြသူ ဘုရားဒါယကာ၊ ဒါယိကာမအပေါင်းတို့နှင့်တကွ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းကာ သာဓုအကြိမ်ကြိမ် ခေါ်ဆိုနေမိပါတော့တယ်။ ။
သီရိချို