အွန်လိုင်းဂိမ်း အွန်လိုင်းကံစမ်းမဲ အွန်လိုင်း ချေးငွေလောင်းကစား လုပ်ငန်းများနဲ့ အွန်လိုင်းမှ လိမ်လည် လှည့်ဖြားမှုများ

အွန်လိုင်းဂိမ်း အွန်လိုင်းကံစမ်းမဲ အွန်လိုင်း ချေးငွေလောင်းကစား လုပ်ငန်းများနဲ့ အွန်လိုင်းမှ လိမ်လည် လှည့်ဖြားမှုများ

    ဒီကနေ့ခေတ်မှာ   ခေတ်နဲ့အညီဖြစ်ပေါ်နေတဲ့ အကြောင်းအရာမျိုးစုံကို အွန်လိုင်းကနေတစ်ဆင့် အလွယ်တကူ သိရှိနေကြပြီဖြစ်ပါတယ်။ သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေး ဆိုတဲ့အတိုင်း   ဆိုရှယ်မီဒီယာ ပလက်ဖောင်းမျိုးစုံကို  အကျိုးရှိရှိ အသုံးပြုတတ်သူနဲ့ လမ်းမှားလိုက်မိသူတို့မှာ များစွာကွဲပြား ခြားနားမှုတွေ ဖြစ်ပေါ်လာပါတယ်။ အွန်လိုင်းကို ကောင်းစွာအသုံးချတတ်သူတွေ အနေနဲ့ အွန်လိုင်းကနေ အိမ်တွင်းမှု အတတ်ပညာတွေ၊ အနုပညာပိုင်း ဆိုင်ရာတွေနဲ့ အခြားသော လုပ်ငန်းအမျိုးမျိုးအတွက် ပညာဒါနပြုထားတဲ့  Video  တွေကို လေ့လာသင်ယူ နိုင်ပါတယ်။ အွန်လိုင်းမှ အခကြေးငွေပေးပြီးတက်ရတဲ့ ဘဝတိုးတက်မြင့်မားစေရေး  သင်တန်းတွေကိုလည်း အချိန်ကုန် လူပင်ပန်းမှု  သက်သာစွာနဲ့  သင်ယူနိုင်ပါတယ်။   တတ်မြောက်ထားတဲ့ ပညာကိုပြန်လည်အသုံးချကာ   မိမိတို့ဘဝ အသက်မွေးဝမ်းကျောင်း ပြုနိုင်ကြပါတယ်။ ဒါကတော့ သုံးတတ်ရင်ဆေးဆိုတဲ့ အတိုင်း အကျိုးရှိစေပါတယ်။

နောက်တစ်ခုကတော့  မသုံးတတ်ရင် ဘေးဆိုတဲ့အတိုင်းပါပဲ။ အွန်လိုင်းလောကမှာ လိမ်နည်းမျိုးစုံ တို့ကြောင့် ရိုးသားအေးဆေးကြတဲ့သူ တချို့မှာ ငွေကြေးပိုင်းဆိုင်ရာ အလိမ်ခံရမှုတွေလည်း ရှိပါတယ်။ လိမ်လည် နည်းတွေထဲက တချို့ကိုပြောပြရရင် KBZ Pay Ser-vice   ကဟု အယောင်ဆောင်ပြီး KBZ Pay အဆင့်မြှင့်တင်ခြင်း လုပ်ဆောင်ပေးမယ်ဆိုကာ မှတ်ပုံတင် တောင်းခံခြင်း၊  OTP  Codeတောင်းခံခြင်းတွေပြုလာကြပါတယ်။ မသိနားမလည်သူတွေက အမှန်ထင်ပြီး OTP  Code ပေးလိုက်တဲ့အခါ မိမိတို့ဆီမှငွေသားများ လိမ်လည်သူထံ ပေးလိုက်ရတာမျိုးဖြစ်ပါတယ်။ 

နောက်တစ်မျိုးက အလိမ်ခံရမယ့်သူရဲ့ဖုန်းထဲကို ငွေလွှဲသိန်းနှင့်ချီပြီး ပို့ပေးထားပါတယ်။မဲပေါက်တာဖြစ်ကြောင်း၊ အဲဒီငွေကိုထုတ်ချင်ရင်   ယခုဆက်သွယ်တဲ့ ဖုန်းနံပါတ်အား   ငွေမည်၍ မည်မျှလွှဲပါက OTP  Code  ပို့ပေးမည်ဆိုကာ လိမ်ညာကြပြန်ပါတယ်။ 

ကိုယ်ထုတ်ယူရမယ့် ငွေကြေးပမာဏက သိန်းနဲ့ချီရမှာဖြစ်လို့ သောင်းဂဏန်းလောက်သာ မိမိဘက်ကပေးရတာပဲလေဆိုတဲ့ စိတ်နဲ့ ငွေလွှဲပေးလိုက်ပါတယ်။ ငွေလွှဲပြီးတဲ့ အခါမှာတော့ OTP  Code မပေးတော့ဘဲ ဆက်သွယ်မရ ခြေရာဖျောက် သွားကြပါတော့တယ်။ 

သက်ဆိုင်ရာအွန်လိုင်းငွေကြေး ဝန်ဆောင်မှု လုပ်ငန်းတွေကို    တရားဝင် လုပ်ဆောင်သူများကလည်း မိမိတို့ရဲ့ OTP  Code ကို မည်သူ့ကိုမျှ မပေးရန် Message တိုတွေနဲ့ သတိပေး အကြောင်းကြား ပေးပို့ကြပေမယ့်လည်း အချို့မှာ အလိမ်ခံနေရဆဲဖြစ်ပါတယ်။ အချို့တရားမဝင်  အွန်လိုင်းငွေချေး လုပ်ငန်းတွေကြောင့်  ဒုက္ခရောက်သူတွေ ရှိနေကြပါတယ်။

အွန်လိုင်းနဲ့ပတ်သက်လို့ အကျိုးရှိစွာ မသုံးတတ်သူတွေ၊   ဘဝပျက်ကြသူတွေလည်း  ရှိနေဆဲပါပဲ။ အွန်လိုင်းပေါ်မှ လောင်းကစားနည်းတွေကို လိုက်ပါဆော့ကစားခြင်းကြောင့်  အကြွေးများစွာတင်ခြင်း၊ အကြွေးတင်နေတဲ့အတွက်  စားဝတ်နေရေး ထိခိုက်ခြင်း၊ ပေါင်းသင်းဆက်ဆံရေး ထိခိုက်ခြင်း၊   စီးပွားရေး ကျပ်တည်းလာခြင်း၊ မိမိကိုမှီခိုနေရတဲ့ မိသားစုတွေပါ ဒုက္ခရောက်ရခြင်း၊ မိမိရဲ့လုပ်ငန်း တာဝန်ကို ထိခိုက်ခြင်း၊ မိမိရဲ့ ဝင်ငွေနဲ့ထွက်ငွေ မညီမျှတော့တဲ့အခါ ကြံရာမရတဲ့အဆုံး လုယက်၊ ခိုးဝှက်ခြင်းတွေ ကိုပါဆောင်ရွက်သည်အထိ မိမိဘဝကို မိမိကိုယ်တိုင် ဖျက်ဆီးကြသူတွေလည်း ရှိနေပါတယ်။

ဒီလိုမျိုးအဖြစ်အပျက်တွေ၊ အလိမ်ခံနေရသူတွေ အတွက် အွန်လိုင်းပေါ်မှာ အသိပညာပေး Video  တွေ များစွာလည်း ရှိကြပါတယ်။ အွန်လိုင်းပေါ်မှာ နည်းမျိုးစုံဖြင့်လိမ်နေတဲ့သူများနဲ့ ကိုယ်တွေ့ကြုံလိုက်ရသူတွေ၊  အွန်လိုင်း လောင်းကစားကြောင့် ဘဝပျက်သူတွေ၊  တရားမဝင်အွန်လိုင်း ငွေချေးလုပ်ငန်းကြောင့် ဒုက္ခရောက်သူတွေကလည်း  သူတို့ကြုံတွေ့ခဲ့ရတဲ့  ဖြစ်စဉ်များနည်းတူ နောက်လူများ ထပ်မံမကြုံတွေ့စေဖို့ မျှဝေပေးထားတဲ့ အဖြစ်အပျက်တွေလည်း ရှိပါတယ်။

ဒါတွေကိုဖတ်ရှုထားပြီး အသိတရားရှိရှိ မှန်ကန်စွာ စဉ်းစားဆင်ခြင်နိုင်ရင် မိမိတို့ကိုယ်တိုင်လည်း အထက်ပါ ဖြစ်စဉ်များနည်းတူ လိမ်လည်ခံရမှုမရှိစေဖို့၊ ဘဝမပျက်စေဖို့သင်ခန်းစာယူပြီး ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ အွန်လိုင်းအခြေပြု လောင်းကစားလုပ်ငန်းတွေ၊    ကံစမ်းမဲဖောက် လောင်းကစားလုပ်ငန်းတွေနဲ့   တရားမဝင် အွန်လိုင်းချေးငွေလုပ်ငန်း လုပ်ကိုင်နေသူတွေကို ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးဆိုင်ရာ အထောက်အကူပြုမှတ်တမ်းတွေနဲ့ နည်းပညာဆိုင်ရာ အချက်အလက်တွေကို အခြေပြုပြီးစောင့်ကြည့်ကာ စုံစမ်းစစ်ဆေး ဖော်ထုတ်နေပါတယ်။ စုံစမ်းဖော်ထုတ်မှုတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ကွင်းဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်နေပါတယ်။

အဲ့လိုဆောင်ရွက်နေတဲ့အတွက် ဒီနှစ်  ဇန်နဝါရီ၂၉ ရက် ည ၇ နာရီမှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်   FMI CITY ငွေနှင်းဖြူသစ်ခွလမ်း အမှတ် (Q-178) နေအိမ်မှာ TTbet Online Gameလောင်းကစား လုပ်ငန်းများလုပ်ကိုင်နေကြောင်းသတင်းအရ  ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ တရားခံ  ကိုးဦးကို  လောင်းကစားရာမှာ အသုံးပြုတဲ့ လက်ကိုင်ဖုန်း အလုံး ၅၀၊ လက်တော့ ၂၂ လုံး၊ မော်နီတာလေးလုံး၊ ဆင်းကတ် ၇၄၁ ကတ်၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိသူတွေရဲ့ ထွက်ဆိုချက်အရ ချင်းတွင်းလမ်း အိမ်အမှတ် (FG-98) မှာ Golden Gift (Online ကံစမ်းမဲဖောက် လောင်းကစားလုပ်ငန်း) စီမံခန့်ခွဲလုပ်ကိုင်သူ အောင်ဖုန်းကျော်နဲ့တရားခံ ၁၉ ဦးကို လက်ကိုင်ဖုန်း ၃၇ လုံး၊ လက်တော့ ၂၅ လုံး၊ မော်နီတာသုံးလုံး၊  System Box တစ်လုံး၊UPS  တစ်လုံး၊ ကာလာပရင်တာတစ်လုံး၊ ဆက်စပ်ပစ္စည်းတွေနဲ့ အတူဖမ်းဆီးရမိခဲ့ပါတယ်။

သတင်းဆက်ဖော်ထုတ်ချက်အရ ချင်းတွင်းလမ်းမှာရှိတဲ့ အိမ်အမှတ် (FG- 95) ကိုရှာဖွေရာမှာတော့  TTbet Online Game လောင်းကစားလုပ်ငန်းမှာ အေးငြိမ်းသူ၊ စိုင်းသီဟဇော်ပါ တရားခံ ၁၉ ဦးကို လက်တော့ ၁၁ လုံး၊ လက်ကိုင်ဖုန်း ၂၂ လုံး  ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိပါတယ်။ ဖမ်းဆီးရမိသူတွေရဲ့ ထွက်ဆိုချက်တွေအရ TTbet Online Game လောင်းကစား လုပ်ငန်းနဲ့ Golden Gift (Online ကံစမ်းမဲဖောက် လောင်းကစားလုပ်ငန်း) တွေကို ဦးစီးလုပ်ကိုင်တဲ့ ရန်နိုင်ကျော် ခေါ် အားဖုကို ဇန်နဝါရီ ၃၀ ရက် နံနက် ၂ နာရီခွဲမှာ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် ပန်းလှိုင်အိမ်ရာ ပန်းလှိုင်ကွန်ဒို  (D) အခန်းအမှတ် (၁၀၂)မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီကနေပြီး ဆက်စပ် ဖော်ထုတ်လိုက်တာ လှိုင်သာယာ မြို့နယ်မှာသာမက   အခြားမြို့နယ်တွေမှာလည်း အများကြီး ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့သတင်းကိုတော့ မတ်လ ၁ ရက်နေ့ နိုင်ငံပိုင်သတင်းစာတွေမှာ  ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။ဒါ့ကြောင့်စာရေးသူက အကျယ်တဝင့် မရေးတော့ပါဘူး။ ဖြစ်စဉ်များမှာ  အွန်လိုင်းဂိမ်းလောင်း ကစားလုပ်ငန်း၊ အွန်လိုင်းကံစမ်း မဲဖောက်လောင်းကစားလုပ်ငန်းနဲ့ တရားမဝင် အွန်လိုင်းချေးငွေလုပ်ငန်း လုပ်ကိုင်တဲ့အမှုပေါင်း ၅ မှုမှာ တရားခံအမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၄၇ ဦး စုစုပေါင်း ၇၁ ဦးဖမ်းဆီး ခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေက လက်တော့ ၁၆၄ လုံး၊ လက်ကိုင်ဖုန်း အလုံး ၁၄၀၊ မော်နီတာ ခုနစ်လုံး၊ ပရင်တာနှစ်လုံး၊ System Box တစ်လုံး၊ UPS တစ်လုံး၊ Desktop တစ်လုံး၊ ဆင်းကတ် ၇၄၁ ကတ်၊ မော်တော်ယာဉ် ၂ စီး သိမ်းဆည်းရမိပါတယ်။ ဒါ့အပြင် ပြစ်မှုကျူးလွန်ရာမှာ တရားခံတွေ အသုံးပြုခဲ့တဲ့ ဘဏ်အကောင့်တွေနဲ့ KBZ Pay ? Wave Pay တို့မှာရှိနေတဲ့ ငွေကျပ် ၄၈၀၅ သိန်းနဲ့ KBZ Pay အကောင့် ၁၄ ခုတို့ကို တားဆီး ထိန်းသိမ်းထားပါတယ်။ ဒါဟာတကယ့်ကိုကြီးမား များပြားတဲ့ရာဇဝတ်မှုဂိုဏ်းတွေကို ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ မိမိတို့မိသားစုနဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းတစ်ခု  ကောင်းစား ဖို့အတွက်  အခြားသူတွေကို လိမ်လည်လှည့်ဖြားပြီး ငွေကြေးရယူနေတာဖြစ်ပါတယ်။ ဖမ်းဆီးရမိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သူတွေကို ချီးကျူးမိပါတယ်။ ဒါကမတ်လ ၁ ရက်နေ့က သတင်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၃၁  ရက်နေ့ညက  ရုပ်မြင်သံကြား သတင်းတစ်ခုမှာ တွေ့လိုက်ရတာလေးကို ပြန်လည် မျှဝေပေးချင်ပါတယ်။ ဒီသတင်းကတော့ ဖိလစ်ပိုင်နိုင်ငံ အင်တာနက်မှ ငွေကြေးလိမ်လည်မှုများတွင် ဝင်ရောက်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားကို ကယ်တင်၍ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ခဲ့တဲ့ သတင်း ဖြစ်ပါတယ်။ အဲဒီသတင်းမှာ ကြားမြင်လိုက်ရတာကတော့ အလိမ်အညာခံလိုက်ရတဲ့ လူငယ်တွေဟာ အင်္ဂလိပ်စာနဲ့ ကွန်ပျူတာကျွမ်းကျင်စွာ တတ်မြောက်သူတွေ ဖြစ်နေပါတယ်။ အသက်အရွယ်အားဖြင့် ၂၂ နှစ်နဲ့ ၃၃ နှစ်အကြားမှာ ရှိပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ဖိလစ်ပိုင် ရဲတပ်ဖွဲ့က လူကုန်ကူးမှု စစ်ဆင်ရေးပြုလုပ် တဲ့နေရာမှာ    နိုင်ငံပေါင်းစုံက နိုင်ငံသား ၁၀၉၀ ဦးခန့်တွေ့ရှိခဲ့ပါတယ်။ အဲဒီထဲမှာမြန်မာနိုင်ငံသား လူငယ် ၃၉ ဦး  ပါဝင်နေပါတယ်။

မြန်မာနိုင်ငံသားတွေ ပါဝင်နေတာနဲ့ ပတ်သက်လို့ ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးက တာဝန်ရှိသူတွေက သွားရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံသား ၃၉ ဦးကို ခေါ်ဆောင်ကာ မြန်မာနိုင်ငံသို့ပြန်နိုင်ရေး ကူညီပေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့  သူတို့တွေအားလုံးဟာ သူတို့ရဲ့   မိဘဆွေမျိုး၊     မိသားစုတွေနဲ့ ဘေးအန္တရာယ် ကင်းရှင်းစွာ တွေ့ဆုံနိုင်ခဲ့ကြပါတယ်။

ဒီနေရာမှာသူတို့ကို ဘယ်လိုလိမ်ညာ ခေါ်သွားခဲ့တယ်။ ဟိုရောက်တော့ ဘာတွေလုပ်ရတယ်ဆိုတာ စာဖတ်သူကို အသိပေးချင်တာပါ။

Facebook မှာ Leap Group Co.,Ltd. နှင့် Colorful Group Co.,Ltd. တွေရဲ့Website ကနေ တစ်လကိုလစာ ပီဆို ၃၀၀၀၀ မှ ၇၀၀၀၀အထိ လည်းကောင်း၊ တရုတ်ယွမ်ငွေ ၄၀၀၀ မှ ၈၀၀၀ အထိလည်းကောင်း အရည်အချင်းပေါ် မူတည်ပြီးရရှိမယ်လို့ အလုပ်ခေါ်ထားပါတယ်။ အဲဒီကြော်ငြာတွေ တွေ့ပြီး Online ကနေ အလုပ်လျှောက်ထားခဲ့ပါတယ်။ Online Interview အနေနဲ့ အင်္ဂလိပ်စာနဲ့ ကွန်ပျူတာ ကျွမ်းကျင်မှုတွေ စစ်ဆေးခံရပါတယ်။ နောက်ဆုံးမှာတော့ စာမေးပွဲအောင်တယ် ဆိုပြီးအလုပ် ခေါ်စာနဲ့ လေယာဉ်လက်မှတ်ကို Online  ကနေပေးပို့ခဲ့ပါတယ်။ ဒီအထိတော့ အမှန်အကန်ပါပဲ။

သူတို့ရရှိထားတဲ့ လေယာဉ်လက်မှတ်နဲ့ ဖိလစ်ပိုင်နိုင်ငံကို သွားရောက်ပါတယ်။ လေဆိပ်မှာလာကြိုပါတယ်။ သူတို့နဲ့ သိကျွမ်းသူတွေ မဟုတ်ပါဘူး။ အဲဒီကနေ သူတို့တွေကို ကုမ္ပဏီရုံးဝင်းထဲကို ပို့ဆောင်ပေး ပါတယ်။အဲဒီမှာစားသောက်ဖို့နဲ့ နေထိုင်ဖို့နေရာပေးပါတယ်။ အဲဒီမှာ ၃ ရက်ခန့် စမတ်ဖုန်းနဲ့ ကွန်ပျူတာကနေ Online  အသုံးပြုလိမ်လည်တဲ့ နည်းလမ်းတွေကို သင်ကြားပေးပါတယ်။    အဲ့ဒီနောက် သူတို့ကို လုပ်ငန်းခွင်မှာ အသုံးချပါတော့တယ်။  အင်တာနက်ကနေ ချိတ်ဆက်ပြီး သူတို့လို အလုပ်လုပ်ချင်တဲ့သူတွေကို ဆွဲဆောင် စည်းရုံးရပါတယ်။ လောင်းကစား ပြုလုပ်ဖို့နဲ့ ငွေကြေးလိမ်လည်တဲ့ နည်းစနစ်တွေအတိုင်း အလုပ်လုပ်ကြရပါတယ်။  

   သူတို့အလုပ်လုပ်ရတဲ့  အချိန်ကိုလည်း ကြည့်လိုက်ပါဦး။ နေ့စဉ် နံနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိ အလုပ်လုပ်ကြရပါတယ်။ သူတို့တွေရဲ့ အလုပ်ချိန်တွေမှာ အလိမ်အညာခံရမယ့်သူ မရခဲ့ရင် အချိန်ပို ၂ နာရီကနေ ၄ နာရီအထိ    နေ့စဉ်ထပ်မ ံအလုပ်ဆင်းရပါတယ်။

တကယ်တော့ အလုပ်သမားတစ်ဦး ဒါမှမဟုတ် ရုံးဝန်ထမ်းတစ်ဦးဟာ တစ်နေ့ကို ၈  နာရီပဲ အလုပ်လုပ်ကြရပါတယ်။ သူတို့မှာ တစ်နေ့ ၁၀ နာရီ၊ အချိန်ပိုနဲ့ဆိုရင် ၁၄ နာရီလုပ်ကြရပါတယ်။  ကဲ-လစာကျတော့ကော ဘယ်လိုများ သူတို့ရရှိပါသလဲ။  ပထမဆုံးတစ်လကတော့ သတ်မှတ်ထားတဲ့အတိုင်း ရှင်းပေးပါတယ်တဲ့။ နောက်လတွေမှာတော့   သတ်မှတ်ထားတဲ့ စည်းကမ်းတွေ မလိုက်နာခြင်း၊ အလုပ်တာဝန် ပျက်ကွက်ခြင်း၊ Online လိမ်လည်တဲ့အလုပ်မှ လူမရခြင်း စတဲ့အကြောင်းပြချက်တွေနဲ့ လစာငွေထဲက   ဖြတ်တောက်ပါတယ်။ အချို့မှာ လစာလုံးဝမရရှိပါဘူး။ သူများနိုင်ငံ၊ သူများပိုင်နက်ထဲမှာ လူငယ်လူရွယ်တွေ အနိုင်ကျင့်ခံနေရတာပါ။

သူတို့အလုပ်လုပ်နေတဲ့ ကုမ္ပဏီမှာ လူပေါင်း ၁၀၀၀ ကျော်ရှိပါတယ်။    တစ်ပတ်မှာ တစ်ရက်ပဲ အနားရပါတယ်။  အပြင်ထွက်ချင်ရင် ကြိုတင်တင်ပြပြီး ခွင့်ပြုမှ သွားလို့ရပါတယ်။    သူတို့တတ်ထားတဲ့ ပညာနဲ့ လူတွေအပေါ်မှာ ပြန်လည်လိမ်ညာနေရတာပါပဲ။ နေ့တိုင်း နိုင်ငံတကာကနေ ဆက်သွယ်လာတဲ့ အလုပ်အကိုင် ရှာဖွေသူတွေ၊  ဘဏ်ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ အခြားစီးပွားရေး ကိစ္စတွေမှာ ဆွဲဆောင်စည်းရုံး လိမ်ညာပြီး ငွေကြေးရယူတာတွေ၊  ဘဏ်အကောင့်တွေကနေ လိမ်လည်လွှဲပြောင်း ရယူတာတွေကို သူတို့လုပ်ဆောင်ရပါတယ်။

စာရေးသူတွေးမိတာကတော့ ဒီလူငယ်လူရွယ်တွေဟာ တိုင်းတစ်ပါးကို အထင်ကြီးတဲ့ စိတ်ဝင်နေတယ်။ ငါတတ်ထားတဲ့ပညာ (အင်္ဂလိပ်စာ၊ ကွန်ပျူတာ)နဲ့ဆိုရင် နိုင်ငံခြားမှာ ငွေကြေးတွေ အများကြီးရမယ်လို့  မျှော်လင့်နေကြတယ်။ အကယ်၍ ကိုယ့််နိုင်ငံတွင်းမှာ နိုင်ငံ့ဝန်ထမ်းအဖြစ် ထမ်းဆောင်မယ်ဆိုရင်တောင်မှ အိုးမကွာအိမ်မကွာစိတ်ချမ်းသာကိုယ်ကျန်းမာ နေထိုင်နိုင်ကြမှာပါ။ အခုတော့ တတ်ထားတဲ့ပညာနဲ့ လူလိမ်လူကောက်အဖြစ် ဇာတ်သွင်းခြင်း ခံရပြီး ထားရာနေ၊ စေရာသွားနေကြရပါတယ်။ ရင်နာဖွယ်ကောင်းလွန်းလှပါတယ်။

လိမ်ညာတဲ့ကုမ္ပဏီတွေက သူတို့ဟာ တကယ့်ကိုကြီးမားတဲ့ ကုမ္ပဏီ  တည်ထောင်ထားသယောင်ယောင်  ဟန်ဆောင်ကောင်းကြပါတယ်။ ခုလိုမျိုး Online ကနေငွေကြေး လိမ်လည်ရယူမှုတွေကို အာရှဒေသမှာရှိတဲ့ နိုင်ငံအများစုမှာ ကျူးလွန်နေတာဖြစ်ပါတယ်။ လစာကောင်းကောင်း ပေးမယ်ဆိုပြီး တကယ့်တကယ်မှာတော့ သတ်မှတ်လစာနှုန်း မပေးပါဘူး။ တစ်ရက်မှာ ၁၄ နာရီအလုပ်ခိုင်းပြီး အကျပ်ကိုင် ခြိမ်းခြောက်မှုတွေပြုလုပ်ပါတယ်။ အခုသတင်းမှာပါတဲ့ ဖိလစ်ပိုင်နိုင်ငံက လူကုန်ကူးမှု စစ်ဆင်ရေးပြုလုပ်ပြီး ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသားလူငယ် ၃၉ ဦးကို မြန်မာနိုင်ငံသံရုံးနဲ့    တာဝန်ရှိသူတွေရဲ့ အချိန်မီသိရှိဆက်သွယ်  ဆောင်ရွက်ပေးနိုင်မှုကြောင့် အရေးယူခြင်း မခံရဘဲ လုံခြုံစိတ်ချစွာ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင် ပေးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလိုမျိုး   အလိမ်အညာခံရသူတွေ၊  ဒုက္ခရောက်နေသူတွေ တခြားတခြားသော နေရာဒေသတွေမှာ ဘယ်လောက်များရှိနေသလဲ     မသိနိုင်ပါဘူး။

ဒီဆောင်းပါးကို ရေးနေစဉ်မှာပဲ သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။ အဲဒီသတင်းကတော့ အွန်လိုင်းလိမ်လည်သူများ ဖော်ထုတ်ရာ၌ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုရလဒ်အဖြစ် သံသယရှိသူများအား ဖမ်းဆီးရမိကာ တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ခဲ့တဲ့ သတင်းဖြစ်ပါတယ်။   မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ထုတ်ပြန်ချက်အရ အခုချိန်ထိ ဆက်သွယ်ရေး လိမ်လည်မှုနဲ့ သံသယရှိသူ တရုတ်နိုင်ငံသား ၂၄ ဦးတို့ကို မြန်မာနိုင်ငံမှ လေးရက်အတွင်း တရုတ်နိုင်ငံကို ပြန်လည်ခေါ်ဆောင်သွားခဲ့ကြောင်း   သိရပါတယ်။  သြဂုတ် ၁၅ ရက်နဲ့ ၁၆   ရက်မှာ တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊  ထိုင်းရဲတပ်ဖွဲ့၊ လာအိုပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနတို့က     ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ လောင်းကစား လိမ်လည်မှုအပြင် လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှု၊ တရားမဝင် ဖမ်းဆီးချုပ်နှောင်မှု အစရှိတဲ့ ရာဇဝတ်ပြစ်မှုတွေကို လက်တွဲတိုက်ဖျက်ရေး အစည်းအဝေးကို ပူးတွဲကျင်းပ ခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးမှာ    လောင်းကစား လိမ်လည်မှုပျံ့နှံ့နေတဲ့ဒေသများမှာ ပူးပေါင်းဆောင်ရွက်ရေး နေရာများ တည်ထောင်ခြင်းဖြင့် ပိုမိုနီးကပ်စွာ ပူးပေါင်းပြီး တယ်လီကွန်းနှင့် အင်တာနက် လိမ်လည်မှု၊  လောင်းကစား ရာဇဝတ်မှုတွေကို    ပြင်းထန်စွာ တိုက်ဖျက်သွားရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ ဆုံးဖြတ်ချက်အတိုင်းလည်း ဆောင်ရွက်နေပါတယ်။

များသောအားဖြင့် ဘယ်လိုလူတွေ အလိမ်အညာခံနေရသလဲဆိုရင် သတင်းစာမဖတ်၊ သတင်းနားမထောင်တဲ့သူတွေ အများဆုံး အလိမ်ခံနေရပါတယ်။    စာဖတ်ဖို့အချိန် မရရင်တောင်မှ နေ့စဉ်ထုတ်လွှင့်နေတဲ့ သတင်း တွေကို နားထောင်သင့်ပါတယ်။ စာလည်းမဖတ်၊ သတင်းလည်းနားမထောင်ဆိုရင်တော့ အလိမ်အညာခံရဖို့  သေချာနေပါပြီလို့ပဲ ပြောချင်ပါတယ်။    နည်းပညာ တိုးတက်လာမှုတွေနဲ့အတူ လိမ်လည်မှုတွေ၊    လိမ်လည်နည်းတွေကလည်း စုံလင်လှပါတယ်။ ဒီကနေ့ အချိန်အခါမှာ နိုင်ငံဖြတ်ကျော် မှုခင်းတွေဖြစ်လာတဲ့အထဲ   အလိမ်အညာခံရတဲ့ မှုခင်းတွေကလည်း   အများဆုံးဖြစ်နေပါတယ်။  

စီးပွားရေးအရ လိမ်ညာတယ်။  လူမှုရေးအရ လိမ်ညာတယ်။ ပညာရေးအရ လိမ်ညာတယ်။ ကျွန်တော်တို့မြန်မာတွေ  နေ့စဉ်မေတ္တာပို့တဲ့အထဲမှာ လူအချင်းချင်း လှည့်ပတ်ခြင်းကင်းရှင်းကြပါစေလို့ ပါပါတယ်။ မိမိကလည်း သူများကို မလိမ်ညာသင့်သလို သူများကမိမိအပေါ်  လိမ်ညာခြင်း မခံရအောင်လည်း သတိပြုသင့်ပါတယ်။ ပြည်ပနိုင်ငံတွေမှာ Online ကနေ  အလုပ်လျှောက်ထားမယ့် လူငယ်တွေ၊  မိဘတွေအနေဖြင့်  ကုမ္ပဏီ အတုအယောင်တွေ၊    ဥပဒေနဲ့မညီတဲ့ လိမ်ညာမှုလုပ်ငန်းတွေမှာ    သွားရောက် လုပ်ကိုင်ခြင်း မရှိကြဖို့ စေတနာရှေ့ထားပြီး   အသိပေး၊ သတိပေး ရေးသားလိုက်ပါတယ် ခင်ဗျာ။   ။

အာကာမောင်မောင်