ပွင့်လင်းရာသီ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး

ပွင့်လင်းရာသီ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး

စီးပွားရေးရာကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သြဂုတ် ၂၅ ရက်ကကျင်းပခဲ့သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ်(၇/၂၀၂၃)တွင် အမှာစကားပြောကြားရာ၌ မကြာမီကာလအတွင်း ပွင့်လင်းရာသီသို့ရောက်ရှိလာတော့မည်ဖြစ်သဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွား ကဏ္ဍမြှင့်တင် ရေးအတွက်လည်း သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထား ရန်လိုကြောင်း၊ ဒေသထွက်စားသောက်ကုန်များ သန့်ရှင်းကောင်းမွန်မှုများ ရှိစေရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍  တည်းခိုရေးနှင့် သက်ဆိုင်သည့် ဟိုတယ်များနှင့်တည်းခိုခန်းများ၊ စားသောက်ရေးနှင့် အသုံးအဆောင်ပစ္စည်းများ အဆင့်အတန်းရှိရှိ ဖြစ်စေရေးအတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် လိုကြောင်း၊ ခရီးသွားလုပ်ငန်းများနှင့် ပတ်သက်၍  စနစ်တကျဖြစ်စေရေး သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ကြပ်မတ်ဆောင်ရွက်သွားရန် လိုကြောင်း အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။

          နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးမောင်းနှင်အားသည် အဓိကအားတစ်ခုဖြစ်ပေရာ မြန်မာနိုင်ငံအနေ ဖြင့်လည်း နိုင်ငံ့စီးပွားမြင့်မားရေးကို အထူးအလေးထားဆောင်ရွက်လျက်ရှိသည်။ နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းများတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများသာမက ဝန်ဆောင်မှုလုပ်ငန်းများလည်းပါဝင်သည်။ ဝန်ဆောင်မှု လုပ်ငန်းများတွင် ဘဏ်စနစ်များ၊ သယ်ယူပို့ဆောင်ရေးစနစ်များကောင်းမွန်နေရန်လိုအပ်သည်။ ၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် စတင်ဖြစ်ပေါ်ခဲ့သည့် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် စီးပွားရေးလုပ်ငန်းများတွင် ခရီးသွားလုပ်ငန်းများက ထိပ်ဆုံးကပါဝင်ခဲ့သည်။

          ကမ္ဘာတွင် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်လာနိုင်ပြီးသည့်နောက် နိုင်ငံအသီးသီးတို့က ယင်းတို့၏စီးပွားရေးကဏ္ဍ မြင့်မားရေးကို  ပြန်လည်ကြိုးပမ်းလာကြသည်။ ခရီးသွားလုပ်ငန်းသည် အလျင်မြန်ဆုံး ပြန်လည်နိုးထလာနိုင်သည့် စီးပွားရေးလုပ်ငန်းဖြစ်သည်။ နိုင်ငံအတွက်ပြည်ပဝင်ငွေကို မြန်မြန်ဆန်ဆန်နှင့်အများအပြား ရှာဖွေပေးနိုင်သည့်   စီးပွားရေးလုပ်ငန်းလည်း ဖြစ်သည်။ ခရီးသွားခြင်းသည်  ကိုယ်ရော စိတ်ပါအပန်းပြေမှု၊ ကျေနပ်ပျော်ရွှင်မှု၊ ကြည်နူးဖွယ်ခံစားမှုတို့နှင့် အတွေ့အကြုံသစ်များကို ရရှိလိုသည့်အတွက် ဒေသတစ်ခုခုဆီသို့ သွားရောက်ကြခြင်း ဖြစ်ကြသည်။

          မြန်မာနိုင်ငံသည် ကမ္ဘာ့ခရီးသွားဧည့်သည်များအတွက် စိတ်ဝင်စားဖွယ်နေရာ၊ ဒေသများပေါကြွယ် သည့်နိုင်ငံဖြစ်သည်။ သဘာဝတောတောင်လျှိုမြောင်များ၊ ရေတံခွန်များ၊ တောင်ပေါ်အပန်းဖြေစခန်းများ၊ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများ ပေါများလှသည်။ ထို့ပြင်ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ သရေခေတ္တရာယဉ်ကျေးမှုအမွေအနှစ်များမှာလည်းထင်သာ မြင်သာရှုဖွယ်ရာဖြစ်သည်။ ရှမ်းပြည်နယ်အင်းလေးဒေသ၊ ကချင်ပြည်နယ်အင်းတော်ကြီးဒေသတို့မှာလည်း ခရီးသွားများကို ဆွဲဆောင်နိုင်သည့်နေရာများ ဖြစ်သည်။  နိုင်ငံအတွင်းရှိ သန့်ရှင်းလှပသော ကမ်းခြေများသည် ပြည်တွင်း၊ ပြည်ပခရီးသွားများကို လာရောက်ရန် ဆွဲဆောင်လျက်ရှိသည်။

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို တိုင်းဒေသကြီး(၇)ခု၊ ပြည်နယ်(၇)ခုနှင့် ပြည်ထောင်စု နယ်မြေများဖြင့်ပိုင်းခြားသတ်မှတ်ထားသည်။ နိုင်ငံတော်၏မြို့တော်ဖြစ်သည့် နေပြည်တော်ကို ပြည်ထောင်စု နယ်မြေအဖြစ် သတ်မှတ်ထားသည်။ ထို့ပြင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ အဖြစ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ဝ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း တို့ကိုလည်း ပိုင်းခြားသတ်မှတ်ပေးထားသည်။ ထို့ကြောင့်မိမိတို့ဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်ရာတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုတင်ပြင်ဆင်ထားကြရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ခြင်း ဖြစ်သည်။

          တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌  ခရီးသွားဒေသများ၊ ဆွဲဆောင်ရာနေရာများ ကိုယ်စီပိုင်ဆိုင် ထားကြသည်။ ဒေသအလိုက် ကွဲပြားခြားနားမှုများ၊ ထူးခြားမှုများလည်းရှိနေကြသည်။ ဒေသအလိုက် ပိုင်ဆိုင်ထားသည့် ခရီးသွားဒေသများသန့်ရှင်းသပ်ရပ်ထင်ရှားပေါ်လွင်နေစေရေး၊ ဒေသများ၏ကိုယ်ပိုင် ဝိသေသများ၊ စိတ်ဝင်စားဖွယ် အကြောင်းအရာများကိုပါ ဖော်ထုတ်ပြသနိုင်ရေး စီစဉ်ထားကြရမည် ဖြစ်သည်။  

သက်ဆိုင်ရာဒေသမှ တာဝန်ရှိသူများက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ကာ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကို ဆောင်ရွက်ကြရမည် ဖြစ်သည်။ သတင်းအချက်အလက်နည်းပညာတိုးတက် လာသည့် ယနေ့အချိန်အခါတွင် ဒေသဆိုင်ရာအချက်အလက်များ  အလွယ်တကူရရှိအောင်  ဆောင်ရွက် ထားခြင်းမှာလည်း ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက်  အရေးပါသည့်အချက်များဖြစ်သည်။ အနှစ်ချုပ် ဆိုရသော် နိုင်ငံ့စီးပွားမြင့်မားရေးအတွက် ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။