(၄)ကြိမ်မြောက် အာရှမသန်စွမ်း အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တွေ့ဆုံအားပေးစကား ပြောကြား
ရန်ကုန် သြဂုတ် ၂၉
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ တာဝန်ရှိသူများနှင့် အတူ ယနေ့မွန်းလွဲပိုင်းတွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ မြန်မာနိုင်ငံမသန်စွမ်း အားကစားအဖွဲ့ချုပ်၌ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ် အတွင်းရေးမှူး ဦးထွန်းနိုင်ဦး၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
ဦးစွာ မြန်မာနိုင်ငံ မသန်စွမ်းအားကစား အဖွဲ့ချုပ် အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ က (၄)ကြိမ်မြောက် အာရှမသန်စွမ်း အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုတင် ပြင်ဆင်နေမှုများ၊ သွားရောက်ယှဉ်ပြိုင်မည့် ပြေးခုန်ပစ်၊ ရေကူး၊ ထိုင်လျက်ဘော်လီဘော အားကစားနည်းတို့မှ အုပ်ချုပ်/ နည်းပြများ၊ အားကစားသမားများ၏ လေ့ကျင့်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်မှ အားကစားကဏ္ဍကို အထူးအရေးပေးပြီး ဆုတံဆိပ်ရရှိခဲ့သည့် အားကစားသမားများကို ဘဝအာမခံချက်ရှိစေရန် ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးလျက် ရှိကြောင်း၊ အားကစားသမားများ အနေဖြင့် စိတ်ဓာတ်၊ ခံယူချက်အပြည့်ဖြင့် ကြိုးစားလေ့ကျင့်ပြီး ယှဉ်ပြိုင်ရာတွင် နောက်ဆုံးအချိန်အထိ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ကြရန်၊ မိမိနိုင်ငံ၊ မိမိလူမျိုးအတွက် အောင်မြင်မှုရရှိအောင် အစွမ်းကုန်ကြိုးစားကြရန်၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၏ဆောင်ပုဒ်ဖြစ်သည့် ကျန်းမာရေးသည် ပထမ၊ စည်းကမ်းသည် ဒုတိယ၊ စံချိန်စံညွှန်းသည် တတိယဆိုသည့်အတိုင်း ကျန်းမာရေးကို အထူးဂရုပြုကြရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာနိုင်ငံ မသန်စွမ်းအားကစား အဖွဲ့ချုပ်အတွင်းရှိ Synthetics ပြေးလမ်းပျက်စီး ချို့ယွင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။