၂၀၂၃ အေအက်ဖ်စီဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်း သြစတြေးလျကလပ် Macarthur FC အသင်းနှင့် ယှဉ်ပြိုင်မည်

၂၀၂၃ အေအက်ဖ်စီဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်း သြစတြေးလျကလပ် Macarthur FC အသင်းနှင့် ယှဉ်ပြိုင်မည်

ရန်ကုန်  သြဂုတ်  ၂၉

ရှမ်းယူနိုက်တက်အသင်းသည် အာရှဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် ၂၀၂၃ အေအက်ဖ်စီ ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်ကို စက်တင်ဘာ ၂၁ ရက်တွင် သြစေတြးလျကလပ် Macarthur FC အသင်းနှင့် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ရှမ်းယူနိုက်တက်အသင်းသည် ပြီးခဲ့သည့်ဘောလုံးရာသီက မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် အမှတ်ပေး ချန်ပီယံဆုရရှိခဲ့သည့်အတွက် အေအက်ဖ်စီဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်မှ တိုက်ရိုက်ဝင်ခွင့်ရရှိခဲ့ပြီး အုပ်စု  (F) တွင်  သြစတြေးလျကလပ်   Macarthur FC အသင်း၊  ဖိလစ်ပိုင်ကလပ်   Dynamic Herb အသင်း၊  ကမ္ဘောဒီးယားကလပ်   Phnom Penh Crown FC အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက် လျက်ရှိသည်။

အေအက်ဖ်စီဖလားပြိုင်ပွဲ အုပ်စုအဆင့်တွင် အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ကစားသည့်စနစ်ဖြင့် ကျင်းပမည်ဖြစ်သည့်အတွက် ရှမ်းယူနိုက်တက်အသင်းအနေဖြင့် အုပ်စုပွဲစဉ်သုံးပွဲကို အိမ်ကွင်းတွင် ကစားရမည်ဖြစ်ပြီး  ကျန်သုံးပွဲကို   အဝေးကွင်းတွင် သွားရောက်ကစားရမည် ဖြစ်သည်။

အေအက်ဖ်စီဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းသည် အိမ်ကွင်းတွင် စတင် ကစားရမည်ဖြစ်ပြီး စက်တင်ဘာ ၂၁ ရက်တွင် Macarthur FC အသင်းနှင့်ကစားပြီးလျှင် အုပ်စု ပွဲစဉ်(၂)အဖြစ် အောက်တိုဘာ ၅ ရက်တွင် Phnom Penh Crown FC အသင်းနှင့် အဝေးကွင်း၊ အုပ်စုပွဲစဉ်(၃)အဖြစ် အောက်တိုဘာ ၂၆ ရက်တွင် Dynamic Herb အသင်းနှင့် အဝေးကွင်း၊ အုပ်စု ပွဲစဉ်(၄)အဖြစ် နိုဝင်ဘာ ၉ ရက်တွင် Dynamic Herb အသင်းနှင့်အိမ်ကွင်း၊ အုပ်စုပွဲစဉ်(၅)အဖြစ် နိုဝင်ဘာ ၃၀ ရက်တွင် Macarthur FC အသင်းနှင့်အဝေးကွင်း၊ အုပ်စုပွဲစဉ်(၆) အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် Phnom Penh Crown FC အသင်းနှင့်အိမ်ကွင်း၌  အသီးသီး ယှဉ်ပြိုင်ကစား မည်ဖြစ်ပြီး အိမ်ကွင်းတွင် လက်ခံကစားမည့်ပွဲစဉ်များကို ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်း၌ ကစားမည်ဖြစ် သည်။

အေအက်ဖ်စီဖလားပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းအပြင် ပြီးခဲ့သည့် ဘောလုံးရာသီက မြန်မာ နေရှင်နယ်လိဂ်ပြိုင်ပွဲတွင် အဆင့်(၂)နေရာ၌ ရပ်တည်ခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းက ခြေစစ်ပွဲ အဆင့်မှ ဝင်ရောက်ခွင့်ရရှိခဲ့သော်လည်း ခြေစစ်ပွဲနောက်ဆုံးအဆင့်တွင် အင်ဒိုနီးရှားကလပ် PSM Makassar အသင်းကို ရှုံးနိမ့်ခဲ့သည့်အတွက် ဝင်ခွင့်နှင့်လွဲချော်ခဲ့ရသောကြောင့် ရှမ်းယူနိုက်တက် အသင်း တစ်သင်းတည်းသာ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်း  သိရသည်။

စည်သူအောင်