မိုးညှင်းမြို့နယ်၌ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
မိုးညှင်း သြဂုတ် ၂၉
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းပေါင်းစုံ မိုးရာသီ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို သြဂုတ် ၂၉ ရက်တွင် မိုးညှင်းတက္ကသိုလ် အားကစားကွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် မိုးညှင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက အဖွင့် အမှာစကား ပြောကြားပြီး ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က ယခုပြိုင်ပွဲ များမှ မြို့နယ်လက်ရွေးစင် အသင်းကို ရွေးချယ်ပြီး ပြည်နယ်အဆင့် အသက်အပိုင်း အခြားအလိုက် ပြိုင်ပွဲများကို ယှဉ်ပြိုင်ကြရမည် ဖြစ်သည့်အတွက် ရွေးချယ်ခံရသော အားကစားသမားများအနေဖြင့် တစ်မြို့နယ်လုံးတွင်ရှိသော ကျောင်းသား၊ ကျောင်းသူများ၏ စံနမူနာယူဖွယ် ကျောင်းသားများအဖြစ် ပြုမူနေထိုင်သွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ဗိုလ်လုပွဲသို့ တက်ရောက် လာကြသည့် အသက် ၁၈ နှစ်အောက် အခြေခံပညာ ကျောင်းပေါင်းစုံအမျိုးသား ဘောလုံးအသင်းများမှ ကစားသမားများကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိုးညှင်းတက္ကသိုလ်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။
ထို့နောက် ရွာသစ်ကြီးအသင်းနှင့် အင်းတော်ကြီးအသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားကြရာ အင်းတော်ကြီး အသင်းက ၇ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက် ကျင်းပရာ အမျိုးသားဘောလုံးပြိုင်ပွဲများတွင် အကောင်းဆုံး ကစားသမားဆုများ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဂိုးသမား ဆုနှင့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြ သည့် အသင်းများကို သက်ဆိုင်ရာတာဝန် ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
ရွှေမိုးညှင်း(ပြန်/ဆက်)