ကလေးငယ်နှင့် သွားခံတွင်းရောဂါ
သွားနဲ့ခံတွင်းကျန်းမာရေးကို ကလေးငယ်စဉ်အချိန်ကတည်းက စတင်လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ကလေးငယ်တွေမှာ ခံတွင်းကျန်းမာရေးမကောင်းတာကြောင့် သွားပိုးစားတာ၊ သွားကိုက်တာ၊ သွားတွေ မညီမညာနဲ့ မလှမပဖြစ်တာတွေကြောင့် နှုတ်ခမ်းပုံ သဏ္ဌာန်ပျက်တာ စတာတွေဖြစ်နိုင်ပါတယ်။ ကလေး ငယ်တွေ သွားနဲ့ခံတွင်းဝေဒနာကင်းစင်စေဖို့ ငယ်စဉ် ကတည်းက စတင်လုပ်ဆောင်သင့်တယ်လို့ အမေရိကန်သွားနဲ့ခံတွင်းကျန်းမာရေးအကယ်ဒမီက ပြော ကြားထားပါတယ်။ ကြိုတင်ကာကွယ်တာက ရေ ရှည်မှာ ငွေကြေးကုန်ကျမှု သက်သာစေတယ်လို့လည်း တွေ့ရှိခဲ့ပါတယ်။ လေ့လာမှုအရ အသက်အရွယ်တစ် နှစ်ကတည်းက သွားနဲ့ခံတွင်းကျန်းမာရေးကို ဂရုစိုက်ခဲ့ရင် ကလေးအသက်ငါးနှစ်အရွယ်မှာ သွားနဲ့ခံတွင်း အတွက် ကုန်ကျငွေရဲ့ ၄၀ ရာခိုင်နှုန်း လျော့နည်းသွား စေနိုင်ပါတယ်။
အချိုရည်တွေလျှော့သောက်ခိုင်းသင့်ပါတယ်။ အချိုရည်သောက်တဲ့အခါ သောက်နေကျပုံမှန်ခွက်ကိုပဲ အသုံးပြုဖို့သင်ကြားပေးသင့်ပါတယ်။ ပိုက်ပါတဲ့ခွက် ကို ကြာရှည်အသုံးပြုပါက သွားရဲ့အတွင်းပိုင်းမျက်နှာ ပြင်ကို ထိခိုက်စေပါတယ်။ ဒါ့ပြင် အချိုရည်တွေ သောက်သုံးတာက ကလေးငယ်တွေ အဝလွန်ဖြစ်တာ နဲ့ဆက်စပ်နေပြီး သွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ သစ်သီးကိုဖျော်ရည်ပြုလုပ်ပြီးတိုက်ရင် တစ် ရက်ကို ၄ အောင်စထက် ပိုမတိုက်သင့်ပါဘူး။
သွားတိုက်ပေးသင့်ပါတယ်။ အများစုက ကလေးငယ် လေးတွေ သွားတိုက်ဖို့မလိုဘူးလို့ ထင်မြင်တတ်ကြ တယ်။ ကလေးငယ်က သွားတစ်ချောင်းပဲစထွက်နေပြီဆိုရင်တောင် သွားတိုက်ပေးဖို့လိုပါတယ်။ သွားထွက်ရှိ ခါစကလေးငယ်ရဲ့သွားကို သန့်စင်ဖို့ ပိတ်ပါးစနဲ့ညင်သာစွာ ပွတ်တိုက်ပေးသင့်ပါတယ်။ သွားတိုက်မရသေးတဲ့ ကလေးငယ်ကိုတော့ သွားဖုံးလေးတွေကို ပွတ်တိုက် ပေးလို့ရပါတယ်။ သွားအားလုံးထွက်ပြီးတဲ့ကလေးငယ် တွေအတွက် သွားတိုက်ဖို့ဆိုရင် ကလေးတိုက်သွား ပွတ်တံကို သီးသန့်ဝယ်ယူသုံးစွဲဖို့လိုပါတယ်။ စတီး ရွိုက်ပါဝင်တဲ့သွားတိုက်ဆေးနဲ့ တစ်နေ့နှစ်ကြိမ်သွား တိုက်ပေးသင့်ပါတယ်။
ရော်ဘာကွင်းပျော့တွေကို ကြာရှည်မသုံးသင့်ပါဘူး။ ကလေးငယ်တွေ သွားပေါက်လာမယ့်အချိန်မှာ သွားဖုံးယားပြီး တွေ့ရာပစ္စည်းတွေကို ကိုက်တတ်ကြ ပါတယ်။ မိဘတွေက ရော်ဘာကွင်းပျော့ပျော့လေး တွေကို ကလေးငယ်ကိုက်ဖို့အတွက် သီးသန့်ဝယ်ပေး တတ်ကြတယ်။ ကလေးငယ်အိပ်ပျော်နေတဲ့အချိန်မှာ ပါးစပ်မှာတပ်ထားပြီး အိပ်ပျော်သွားတာ၊ ကြာရှည် အသုံးပြုတာတွေက ကလေးငယ်ရဲ့သွားပေါက်ပုံကို ထိခိုက်ပြီး ရုပ်ဆိုးစေပါတယ်။ ကလေးငယ်ရဲ့ရှေ့သွား ပေါက်ပုံတွေ ဖရိုဖရဲဖြစ်စေပြီး နှုတ်ခမ်းပုံစံပါ ပြောင်းလဲ နိုင်ပါတယ်။
သွားကြားပွတ်ကြိုးအသုံးပြုနည်းကို ကလေးကို သင်ကြားပေးထားသင့်ပါတယ်။ သွားနှစ်ချောင်းစထွက်ပြီ ဆိုတာနဲ့ အဲဒီသွားနှစ်ချောင်းကြားမှာ သွားပွတ်ကြိုးအသုံးပြုနည်းကို သင်ကြားပေးသင့်ပါတယ်။ ဒါ့ပြင် ကလေးတွေကို ခံတွင်းသန့်စင်ဆေးရည်အသုံးပြုခိုင်း တဲ့အခါ သတိထားဖို့လိုတာက မျိုချဖို့မဟုတ်ဘဲ ထွေး ထုတ်ရမှာဖြစ်ကြောင်း ပြောပြထားဖို့ လိုအပ်ပါတယ်။
ဆေးဝါးတွေကြာရှည်သုံးစွဲမှုရှိနေရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ သကြား ဒါမှမဟုတ် အနံ့အရသာ အုပ်ထားတဲ့ဆေးအများစုက ကလေးငယ်ကို သွားပိုး စားစေပါတယ်။ ပန်းနာရင်ကျပ်ရောဂါ၊ နှလုံးရောဂါ စတဲ့ နာတာရှည်ဝေဒနာခံစားပြီး ဆေးဝါးကုသမှုခံယူ နေရတဲ့ ကလေးငယ်တွေမှာ ဒီလိုပြဿနာကို ပိုတွေ့ရပါ တယ်။ ပဋိဇီဝပိုးသတ်ဆေးနဲ့ ပန်းနာရင်ကျပ်ရောဂါ ကုသဆေးတွေက မှိုပိုးတွေပွားစေပြီး ခံတွင်းမှာမှိုပိုးစွဲ စေပါတယ်။ ခံတွင်းမှာ ဒါမှမဟုတ် လျှာပေါ်မှာ ခရင်မ် ရောင်၊ ဒိန်ချဉ်လိုမျိုး အဖြူဖတ်တွေဖြစ်တတ်ပါတယ်။ ကိုယ့်ကလေးက ဆေးဝါးတွေကြာရှည်သောက်သုံးနေ ရရင် သွားနဲ့ခံတွင်းဆရာဝန်ထံ ပုံမှန်ပြသပြီး စစ်ဆေး မှုတွေ လုပ်ဆောင်သင့်ပါတယ်။
ရေသောက်ခိုင်းသင့်ပါတယ်။ ကလေးငယ်တွေ နေ့ခင်းတစ်ရေးအိပ်တဲ့အခါ နို့ဘူးစို့ပြီး၊ အအေးပုလင်း တွေသောက်ပြီး၊ သကြားလုံးငုံပြီးအိပ်တာတွေက သွား တွေထိခိုက်ပျက်စီးစေနိုင်လို့ မလုပ်ကြဖို့ ကလေးဆရာ ဝန်နဲ့ သွားဆရာဝန်တွေက အကြံပြုထားပါတယ်။ သကြားပါဝင်တဲ့အချိုရည်တွေက သွားမှာကပ်ကျန် နေပြီး ခံတွင်းမှာ ဗက်တီးရီးယားပိုးတွေပေါက်ပွားမှု ကို အားပေးပါတယ်။ ဗက်တီးရီးယားတွေက အက်စစ် ဓာတ်ထုတ်ပေးလို့ သွားတွေပျက်စီးစေပါတယ်။ တစ် နည်းဆိုရင် ဒါကို သွားပိုးစားတယ်လို့ ပြောလေ့ရှိ တယ်။ ဒါကြောင့် ကလေးငယ်တွေ အိပ်ရာဝင်ခိုင်းချိန် အချိုရည်မသောက်ဘဲ ရေသောက်ခိုင်းပါလို့ အမေ ရိကန်ကလေးဆေးပညာအကယ်ဒမီက ညွှန်ကြားထား ပါတယ်။
ဆွဲဆောင်စည်းရုံးသင့်ပါတယ်။ တချို့ ကလေး ငယ်တွေက နံနက်အိပ်ရာထမှာ မျက်နှာသစ်၊ သွား တိုက်ရမှာကို ပျင်းတတ်ကြပါတယ်။ ကလေးငယ်သွား တိုက်ရတာ မပျင်းရအောင် ရေချိုးခန်းထဲမှာ သွား တိုက်တာနဲ့ပတ်သက်တဲ့ ပညာပေးရုပ်ပုံကားချပ်လေး တွေ၊ ကာတွန်းလေးတွေ ကပ်ထားပေးသင့်တယ်။ ကလေးငယ်စိတ်ပါပြီး လုပ်ချင်ကိုင်ချင်စိတ်ရှိအောင် မိဘတွေက ဆွဲဆောင်စည်းရုံးသင့်ပါတယ်။
အချိန်တိတိကျကျသတ်မှတ်ပေးသင့်ပါတယ်။ သွား တိုက်ချိန်၊ သွားကြားပွတ်ကြိုး အသုံးပြုသင့်ချိန်တွေ ကို ဘယ်အချိန်မှာ လုပ်ဆောင်သင့်တယ်ဆိုတာ မိဘတွေက သတ်သတ်မှတ်မှတ်ပြုလုပ်ထားသင့်ပါတယ်။ နံနက်တစ်ကြိမ်၊ ညအိပ်ရာဝင်ခါနီးတစ်ကြိမ်သွားတိုက် ဖို့၊ အစာစားပြီးတိုင်း ပလုတ်ကျင်းဖို့၊ သွားကြားပွတ် ကြိုး တစ်နေ့တစ်ကြိမ်အသုံးပြုဖို့ ကလေးငယ်ကို သင် ကြားပေးသင့်ပါတယ်။ သွားကြားပွတ်ကြိုး တစ်နေ့ တစ်ကြိမ်အသုံးပြုတာက ငယ်ရွယ်တဲ့အရွယ်မှာ အသုံးမပြုတတ်ပါဘူး။ အသုံးပြုခိုင်းဖို့လည်း မသင့်ပါဘူး။
သွားတိုက်ဆေးကို ကလေးကိုယ်တိုင်ရွေးချယ်ခိုင်း သင့်ပါတယ်။ ကလေးက သွားမတိုက်ချင်ဘဲ ငြင်းဆန် ရတဲ့အကြောင်းတွေထဲမှာ သူတို့နှစ်သက်တဲ့သွားတိုက် ဆေးကို အသုံးမပြုတာလည်း တစ်ချက်ပါဝင်ပါတယ်။ ကလေးငယ်လိုချင်တဲ့၊ သူနှစ်သက်တဲ့သွားတိုက်ဆေး ကို ကိုယ်တိုင်ရွေးချယ်ခိုင်းပြီး ဝယ်ယူထားသင့်ပါတယ်။
သွားတွေရဲ့အလုပ်တာဝန်မှာ ရှေ့သွားတွေက ကတ်ကြေးသဖွယ် အစာကိုကိုက်ဖြတ်ပေးပါတယ်။ အစွယ်သွားက အစာကို လက်နဲ့ဆွဲဖြဲသလိုလုပ်ပေး တယ်။ အံသွားငယ်က အသားစကို ကိုက်ဖြဲခြင်း၊ အစာကို ကွမ်းညှပ်သဖွယ်ကိုက်ခြေခြင်း ပြုလုပ်ပေးပါတယ်။ အံသွားတွေက အစာကိုကြိတ်စက်သဖွယ်ခြေ ပေးပါတယ်။
သွားရဲ့အရေးကြီးဆုံးလှုပ်ရှားမှုမှာ အစာကိုကြိတ်ခွဲဖို့ဖြစ်ပြီး အစာကြေညက်စေဖို့လုပ်ငန်းကိုလည်း ပြေပြစ် ဖို့ဖြစ်ပါတယ်။ သွားရဲ့ပုံသဏ္ဌာန်ကို လေ့လာကြည့်ရင် သူတို့ပုံသဏ္ဌာန်နဲ့ သူတို့ရဲ့လုပ်ငန်းတာဝန်များ ဥပမာ-ကိုက်ဖြတ်ခြင်း၊ ဆုတ်ဖြဲခြင်း၊ ခြေခြင်းနဲ့ ထုခြေခြင်းများ ဆက်စပ်နေပုံကို တွေ့ရပါတယ်။ သွားရဲ့နောက်ဆက် တွဲလှုပ်ရှားမှုတွေက စကားပြောရာမှာ ကူညီခြင်း၊ မျက်နှာအမူအရာပြောင်းရာမှာ ကူညီခြင်းနဲ့ ပါး၊ နှုတ် ခမ်းတို့ကို ပုံမှန်နေရာတွေမှာရှိစေခြင်းက မျက်နှာအမူ အရာကို ထိန်းသိမ်းရာရောက်ပါတယ်။
ကြီးသွားတွေမပေါက်မီ ငယ်သွားတွေကို တတ်နိုင် သလောက် ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။ အချိန်မတိုင်ခင် ငယ်သွားတွေဆုံးရှုံးခဲ့ရင် သွားတွေ ရဲ့ ဝါးနိုင်တဲ့အားလျော့သွားပြီး ကလေးအတွက် များစွာ အရေးကြီးတဲ့အာဟာရဓာတ် ချို့တဲ့စေနိုင်ပါတယ်။ နာနေတဲ့သွားကြောင့် ကလေးက မာတဲ့အစာတွေ စားနိုင်မှာမဟုတ်ပါဘူး။ ဒါ့ပြင် အစာကိုလည်း ပါးစပ် တစ်ဖက်ရှိ မနာတဲ့သွားနဲ့သာ ဝါးဖို့ကြိုးစားလိမ့်မယ်။ ရောဂါပိုးရှိတဲ့ကလေးငယ်ရဲ့သွားတွေက ကျန်းမာရေး ကို ထိခိုက်စေနိုင်ရုံမျှသာမက ကလေးရဲ့ရောဂါခံနိုင် ရည်အင်အားလည်း လျော့နည်းသွားမှာဖြစ်တယ်။ ငယ်သွားတွေ ဆောလျင်စွာကျိုးခြင်းကြောင့် အနီး အနားရှိနေရာလွတ်ကို သွားများရွေ့လျားစေနိုင်ပါ တယ်။ (၆-၈) နှစ်အရွယ်မှာ ကြီးသွားတွေ စတင်လဲ တတ်ပါတယ်။ ကြီးသွားပေါက်ရင် သေချာစနစ်တကျ ဂရုစိုက်သင့်ပါကြောင်း ကလေးငယ်များ သွားနဲ့ခံတွင်း ရောဂါကင်းစင်စေဖို့ အကြံပြုရေးသားလိုက်ရပါတယ်။ ။
ဒေါက်တာလွင်သန့်