သဒ္ဓါစိတ်ထူး ကြည်နူးဖွယ်ကုသိုလ်

သဒ္ဓါစိတ်ထူး ကြည်နူးဖွယ်ကုသိုလ်

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ကမ္ဘာပေါ်ရှိထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည်။ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်နှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ဆောက်ရာတွင် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးမှ ကျခံသုံးစွဲခြင်းမရှိဘဲ ရဟန်းရှင်လူပြည်သူများ၏ စုပေါင်းထည့်ဝင်လှူဒါန်းမှုဖြင့် တည်ဆောက်ပူဇော်ခြင်းဖြစ်သည်။ အဓိကမှာ ဦးဆောင်ဘုရားဒါယကာကြီး၏ မတည်မှု၊ တပ်မတော်တပ်ရင်း/တပ်ဖွဲ့များ၏လှူဒါန်းမှု၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်၊ ပုဂ္ဂလိကအလှူရှင်များ၏ စုပေါင်းအလှူငွေများဖြင့် တည်ဆောက်ခြင်းဖြစ်သည်။ ကျောက်တုံးတော်ကြီးကို သယ်ယူစဉ်မှ တည်ဆောက်သည့်အချိန်အထိ ကုန်ကျစရိတ်ကြီးမားခဲ့သည်။

ကျောက်တုံးတော်ကြီးသယ်ဆောင်ခြင်းသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးရေကြောင်းရွှေ့ပြောင်းမှုနှင့် ကမ္ဘာပေါ်တွင် အကြီးမားဆုံးမြေပြင်ရွှေ့ပြောင်းမှုဖြစ်သည်။  ဆင်းတုတော်ကြီးပင့်ဆောင်ခြင်းအစကပင် ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။ ဆင်းတုတော်ကြီးတည်ဆောက်မှု၊ ဘုရားပရိဝုဏ်တစ်ခုလုံး တည်ဆောက်မှုအားလုံးမှာ စကျင်ကျောက်သားများဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ သာသနာ့ဗိမာန်တော်ကြီးနှင့် သုဓမ္မာဇရပ်များ သစ်သားလုပ်ငန်းများမှအပ ကျန်သည့်လုပ်ငန်းများမှာ စကျင်ကျောက် လုပ်ငန်းများဖြင့် တည်ဆောက်ခြင်းဖြစ်သည်။ ကျောက်စာရုံစေတီတော်များမှာလည်း အလယ်ရှိ စေတီတော်မြတ် အပါအဝင် ၇၂၁ ဆူရှိသည်။ စကျင်ကျောက်သားစစ်စစ်များဖြင့်သာ အားလုံး တည်ဆောက်ထားခြင်း ဖြစ်သည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ကဲ့သို့ တည်ဆောက်ထားခြင်းမျိုးမှာ ကမ္ဘာပေါ်တွင် မည်သည့်နေရာမျှရှိနိုင်မည် မဟုတ်ပေ။ နောင်တွင်လည်းပေါ်ထွန်းရန်နှင့် ထိုအရွယ်အစား ပမာဏအတိုင်း လုပ်ဆောင်ရန် ခဲယဉ်းပေလိမ့်မည်။ ထူးဆန်းအံ့သြဖွယ်အတိဖြစ်နေပြီး  ဘုရားကြီးမှာ ဉာဏ်တော်အလွန်ကြီးမား၍ သပ္ပာယ်လွန်းသည့်အတွက်  အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ နေ့စဉ်လာရောက်ဖူးမြော်လျက်ရှိသည်။ တနင်္ဂနွေနေ့တွင် ဘုရားဖူးပြည်သူတစ်သိန်းနီးပါးလာရောက်ပြီး ညအချိန်အထိ တိုး၍မပေါက်အောင် များပြားလှသည်။

စကျင်ကျောက်ဆိုသည်မှာ ရတနာတန်းဝင်ကျောက်များဖြစ်သည်။ စကျင်ကျောက်တွင် အေကလပ်၊ ဘီကလပ်၊ စီကလပ်ရှိသည့်အနက် အေကလပ်ရှိသည့် အဆင့်အမြင့်ဆုံး၊ အဆင့်အမီဆုံး စကျင်ကျောက်ဖြစ်သည်။

ထိုသို့အဆင့်အမီဆုံး စကျင်ကျောက်ဖြစ်သကဲ့သို့ စကျင်ကျောက်သား၏အဓိပ္ပာယ်အရ အစွန်းအထင်းဖြစ်ရန်လည်း လွယ်ကူသည်။ ထို့ကြောင့် ဘုရားဖူးလာသူများအနေဖြင့် ဘောပင်များ၊ စွန်းထင်းစေသည့်ပစ္စည်းများ မယူလာရန် သတ်မှတ်ထားခြင်းဖြစ်သည်။ ကျောက်စာရုံစေတီတော်များတွင် လူအများက လက်ညှိုးဖြင့်ထောက်၍ ဖတ်ကြသဖြင့် လူပေါင်းများစွာဖတ်ပါက လက်မှတစ်ဆင့် ပေကျန်နိုင်သည့်အတွက် သန့်ရှင်းသည့်ထောက်တံများ ထားပေးသင့်ကြောင်း အကြံပြုသူများရှိသည်။

မာရဝိဇယဗုဒ္ဓဥယျာဉ်တော်နှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတစ်ဝန်းလုံးက အလေးအနက်ထားကာ လာရောက်ဖူးမြော်လျက်ရှိသည်မှာ ဝမ်းမြောက်ဝမ်းသာကြည်နူးဖွယ် ကောင်းလှသည်။

ဘုရားကြီးပရိဝုဏ်မှာ၂၅၅ ဧကခန့်ရှိပေရာ နောင်တွင်လည်းတည်ဆောက်ရန်မလွယ်ကူတော့ပါ။ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာတစ်ခုလည်းဖြစ်သည်။ ထို့ကြောင့် ထိန်းသိမ်းရမည့်တာဝန်မှာ အများပြည်သူ ရဟန်းရှင် လူမှန်သမျှတို့၏ တာဝန်ဖြစ်သည်။ ဘုရားကြီးတွင် လျှပ်စစ်မီတာခ တစ်လကို သိန်း ၁၅၀၀ နှင့် ၂၀၀၀ ကြားခန့်ကျသင့်ပါသည်။

သန့်ရှင်းရေး၊ ရေ၊ မီး စသည့်ဝန်ထမ်းများ အနည်းဆုံးလူဦးရေ ၆၀၀ နှင့် ၇၀၀ ကြား ခန့်အပ်ရမည့် အနေအထားဖြစ်သည်။ ထို့ကြောင့်  ဖူးမြော်ကုသိုလ်ယူသူများအား  ကုသိုလ်ပြုခွင့်တစ်ထောင် ကျပ်ကောက်ခံရန် စီစဉ်ထားခြင်းဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများနှင့် ရဟန်းသံဃာတော်များအခမဲ့ဝင်ခွင့်ပြုမည်ဖြစ်ပြီး ဝန်ထမ်းများအနေဖြင့်ဝန်ထမ်းကတ်ဖြင့် ၅၀ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်သည်။ ယခုနှုန်းထားမှာ ကုသိုလ်ပါဝင်ခွင့်ရခြင်းသာ ဖြစ်၍ဗုဒ္ဓဘာသာဝင်သူတော်စင်များအတွက် စိတ်အနှောင့်အယှက်ရှိမည် မဟုတ်ပါ။ ပြည်ပနိုင်ငံများတွင်လည်း နိုင်ငံအလိုက်တည်ထားသော  အဆောက်အအုံများ၊  ဘုရားစေတီများသို့ ဝင်ရောက်ပါက  နှုန်းထား သတ်မှတ်ကောက်ခံနေခြင်းမှာလည်း ရေရှည်တည်တံ့ထိန်းသိမ်းနိုင်ရေးအတွက် ဖြစ်သည်။ ထိုင်းနိုင်ငံမှ မြဘုရားတွင် နိုင်ငံခြားသား ၁၅ ဒေါ်လာကောက်ခံသည်။ ၁၅ ဒေါ်လာကို ယခုဈေးနှုန်းဖြင့်တွက် ကြည့်ပါက သောင်းကျော်နေပြီဖြစ်သည်။ သီရိလင်္ကာရှိ ကန္ဒီစွယ်တော်တိုက်တွင် ၅ ဒေါ်လာ၊ တရုတ်ဗုဒ္ဓစွယ်တော်မြတ်တွင် ၁၀ ယွမ်ကောက်ခံသည်။ ဂျပန်တွင်ရှိသည့် ကမာကုရရုပ်ပွားတော်မြတ်တွင် ၂ ဒေါ်လာ ကောက်ခံသည်။

ထို့ကြောင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး၊ ထာဝစဉ်သန့်ရှင်း သာယာလှပရေးတို့အတွက် ကြာမီတွင်ကောက်ခံမည့်ငွေကြေးမှာ ကုသိုလ်အဖြစ်ပါဝင်ခွင့်ရသည့် အလှူငွေသာဖြစ်သည်။ မိမိတို့နိုင်ငံ၊ မိမိတို့ဘာသာ၊ သာသနာအတွက် ဂုဏ်ဖြစ်ပြီး ဘုရားကြီးသို့ လာရောက်ဖူးမြော်သူတိုင်းသည် သဒ္ဓါစိတ်ထက်သန်စွာဖြင့် လာရောက် ဖူးမြော်ကြသူများသာ ဖြစ်ကြသည်။

အနှစ်ချုပ်ဆိုရသော် ဘုရားကြီးရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ကုသိုလ်အဖြစ် ပါဝင်လှူဒါန်းခွင့်ရရှိခြင်းမှာ သဒ္ဓါစိတ်ထူးကြည်နူးဖွယ်ပင် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။