တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်တက္ကသိုလ်၌ ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်တက္ကသိုလ်၌ ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး ကရင် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ကြီးမှူးကျင်းပသည့် ကရင်ရိုးရာ  ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့၊ မြိတ် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦးနှင့် အဖွဲ့ဝင် များ၊ ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့သော သဝဏ်လွှာကို တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးက ဖတ်ကြားသည်။

ယင်းနောက် မြိတ်ခရိုင် ကရင်စာပေယဉ်ကျေးမှုအဖွဲ့ဝင် ဦးစောအော်ဂတ်စတင်က ကရင်ရိုးရာဝါခေါင်လ ချည်ဖြူမင်္ဂလာဖြစ်ပေါ်လာပုံအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ၂၀၂၂-၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ ကြသည့် ကရင်တိုင်းရင်းသား ကျောင်းသား/ကျောင်းသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ကျောင်းသား/ကျောင်းသူများ၏ ကရင်ရိုးရာ တေးသီချင်းများ၊ အကအလှများဖြင့် ပျော်ရွှင်စွာ တီးမှုတ်ကပြဖျော်ဖြေ  မှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။