ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့)တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ အနယ်နယ် အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညို ကြသည့် ရဟန်း၊ ရှင်လူဘုရားဖူး ပြည်သူများဖြင့် စည်ကားလျက်ရှိ

ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့)တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ အနယ်နယ် အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညို ကြသည့် ရဟန်း၊ ရှင်လူဘုရားဖူး ပြည်သူများဖြင့် စည်ကားလျက်ရှိ

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၃၁

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္တုကံ တော်တွင် တည်ထားပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွား တော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ် ကြီးသို့ ယနေ့ ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့)တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော် ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများဖြင့် စည်ကား လျက်ရှိသည်။

ထိုသို့ အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူး ရဟန်း၊ ရှင်လူပြည်သူများနှင့် ဘိုးဘွားများသည် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒကန်နှင့် နဂါးရုံ ဘုရား၊ ရေပန်းရင်ပြင်၊ မာရဝိဇယ ကျောင်းတော်၊ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီး၊ သဒ္ဓါဓိပတိ ခေါင်းလောင်းတော်နှင့် ကျောက်စာရုံစေတီတော်များအပါအဝင် အခြား ဘာသာရေးဆိုင်ရာ အဆောက်အဦများနှင့် ဥယျာဉ်များကို စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညိုလေ့လာခြင်း၊ တရားဘာဝနာပွားများခြင်းများ ဆောင်ရွက်၍ ကြည်ညို သဒ္ဓါပွားများလျက် စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် အလှူငွေများကို ပေးအပ် လှူဒါန်းကြသည်။

   မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်းသံဃာများ၊ သာသနနွယ်ဝင်သီလရှင်များနှင့် သက်ကြီးဘိုးဘွားများအား ကျန်းမာ ရွှင်လန်းစွာဖြင့် ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာ နိုင်ငံကြက်ခြေနီအဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များကလည်း လမ်းလျှောက်ရန် အခက်အခဲဖြစ် သည့် သက်ကြီးဘိုးဘွားများအား  အဆင်ပြေစွာဖြင့် ဘုရားဖူးမြော်ကြည်ညိုနိုင်ရန် Wheel Chair များဖြင့် လိုက်လံပို့ဆောင်ပေးကာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြသည်။

အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်းရှင်လူအများပြည်သူများ အခမဲ့ လာရောက်ဖူးမြော်ကြည်ညိုနိုင်ရန် စက်တင်ဘာ ၃ ရက် အထိ  နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း ဖွင့်လှစ်ထားရှိကြောင်း သတင်းရရှိသည်။