နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အ.ထ.က (၆)၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေး ဟောပြောပွဲ ကျင်းပ

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အ.ထ.က (၆)၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေး ဟောပြောပွဲ ကျင်းပ

နေပြည်တော်  သြဂုတ် ၃၁

    ပြန်ကြားရေးဝန်ကြီးဌာန၊  ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ် ကျင်းပသည့်  ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း၌    ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။

 ပြည်ထောင်စုဝန်ကြီး   ကိုယ်စား ဒုတိယဝန်ကြီး ဦးရဲတင့်က နှုတ်ခွန်းဆက် စကားပြောကြားရာတွင်   လူငယ်များသည် နိုင်ငံ၏ အနာဂတ်ဖြစ်သည့်အတွက် အသိပညာ၊ အတတ်ပညာများ ပြည့်စုံနေရန် လိုကြောင်း၊ ထို့ကြောင့် အသိပညာ၊ အတတ်ပညာအပါအဝင် ဗလငါးတန်ဖွံ့ဖြိုးစေမည့် ပညာရေးစနစ် တစ်နည်းအားဖြင့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်နေကြောင်း၊   ဘက်စုံပညာရေးသည် ကျယ်ပြန့်ကြောင်း၊  ဘက်စုံပညာရေးတွင် ထူးချွန်ရမည့်၊ ရှိရမည့် အရည်အသွေးများ များစွာပါဝင်ကြောင်း။

လူငယ်များ စာပေအတတ်ပညာသာမက ဘဝအတွက်လိုအပ်သည့် အသိပညာများပါ တိုးတက်အောင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ ဟောပြောပွဲ၊ ဆွေးနွေးပွဲများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းသားလူငယ်များ အနေဖြင့်လည်း ဘက်စုံထူးချွန်သည့် ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ ဆရာ၊ ဆရာမများကလည်း တပည့်သားသမီးများကို ဘက်စုံထူးချွန်သည့် နိုင်ငံတော်က အားထားရမည့် လူငယ်များဖြစ်အောင် ပြုစုပျိုးထောင် ပေးကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ဆရာမကြီးဒေါ်မေကျော့ရှင်းက အသိပညာနှင့် ကိုယ်ကျင့်တရား ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားရာတွင် မင်္ဂလာပါဆိုသည်မှာ အင်မတန်တန်ဖိုးရှိသည့် မြန်မာ့ယဉ်ကျေးမှု နှုတ်ခွန်းဆက်စကားဖြစ်ကြောင်း၊ ကလေးများအနေဖြင့် မသိတာကို မေးမြန်းစေလိုကြောင်း၊ ဆရာ၊ ဆရာမများကို ရိုသေလေးစားပြီး မေးမြန်းချင်သည့် ဆန္ဒရှိပါက မေးမြန်းစေလိုကြောင်း၊   လောကတွင် ကောင်းခြင်းနှင့်   ဆိုးခြင်းနှစ်မျိုးတည်းသာ ရှိကြောင်း၊ ထို့ကြောင့် မိမိ၏ ပတ်ဝန်းကျင်ကို ကြည့်ရှုလေ့လာပြီး ကောင်းခြင်းဆိုးခြင်းကို သိအောင်စဉ်းစား ရမည်ဖြစ်ကြောင်း။

 ပညာတွင် အသိပညာနှင့် အတတ်ပညာဟူ၍ နှစ်မျိုးရှိကြောင်း၊ ကလေးတို့အနေဖြင့် အသိပညာရရန်အတွက် စာများများ ဖတ်ရန် လိုအပ်ကြောင်း၊    စာဖတ်ခြင်းအားဖြင့်  ကောင်းခြင်း ဆိုးခြင်းကိုလည်း     ခွဲခြားနိုင်ကြောင်း၊ လောကတွင် စိတ်သည်လည်း အဓိကအရေးကြီးကြောင်း၊စိတ်ကို ဖြူစင်အောင် ထားရမည်ဖြစ်ကြောင်း၊ ကိုယ်ကျင့် တရားဟုဆိုရာတွင် ဗုဒ္ဓဘာသာတွင် ငါးပါးသီလရှိကြောင်း၊    ကိုယ်ကျင့်တရားအပြင် ကိုယ်ပိုင်အကျင့်တရားလည်း ရှိကြောင်း၊ ကိုယ်ပိုင်အကျင့်တရား ဆိုသည်မှာ ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်ပြုမူပြုပြင်ရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား အကျယ်တဝင့်ဆွေးနွေး ပြောကြားသည်။

ထို့နောက် ခန်းမအပြင်ဘက်၌   မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင်ရှိသည့် အထင်ကရ နေရာများကို   ကျောင်းသားလူငယ်များ ဗဟုသုတရရှိစေရန် “လှပသာယာပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြပွဲ ခင်းကျင်းပြသခြင်း၊ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် စာအုပ်စာစောင်များ လေ့လာဖတ်ရှုနိုင်ရန် လူထုအခြေပြု ဗဟိုဌာန(ပျဉ်းမနား)မှ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် ထားရှိပေးထားခြင်း၊ စကားပုံဆက်၊ ရုပ်ပုံဆက်၊ ခွက်နင်းလမ်းလျှောက် ပြိုင်ပွဲများ စီစဉ်ပေးထားကြောင်း   သိရသည်။