PFA ၏နေရာလိုက် တစ်နှစ်တာ အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းတွင် မန်စီးတီးအသင်းမှ ကစားသမားငါးဦးအထိပါဝင်
လန်ဒန်၊ ဘောလုံး
ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ် (PFA) ၏ နေရာလိုက် တစ်နှစ်တာအကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းတွင် ပြီးခဲ့သည့်ဘောလုံးရာသီက ပရီးမီးယားလိဂ်ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့် မန်စီးတီး အသင်းမှ ကစားသမား ငါးဦးအထိပါဝင်လာပြီး အဆင့်(၂)နေရာ၌ ရပ်တည်နိုင်ခဲ့သည့် အာဆင်နယ် အသင်းမှလည်း သုံးဦးအထိ ဒုတိယအများဆုံး ပါဝင်လာခဲ့ကြောင်း သိရသည်။
PFA ၏ နေရာလိုက် တစ်နှစ်တာအကောင်းဆုံး ကစားသမား ၁၁ ဦးစာရင်းတွင် ဂိုးသမားနေရာ၌ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ရွှေလက်အိတ်ဆုဆွတ်ခူး နိုင်သည့် မန်ယူအသင်းဂိုးသမားဟောင်း ဒီဂီယာ
နှင့် ချန်ပီယံဆု ဆွတ်ခူးနိုင်သည့် မန်စီးတီးအသင်း ဂိုးသမား အီဒါဆန်တို့ကို ကျော်ဖြတ်ပြီး အာဆင်နယ် အသင်းဂိုးသမား ရမ်ဒဲလ်ပါဝင်လာခဲ့သည်။
အလားတူ ခံစစ်ကစားသမား လေးဦးနေရာ၌ အာဆင်နယ်အသင်းမှ ဆလီဘာ၊ မန်စီးတီးအသင်းမှ ဒီယက်စ်နှင့် ဂျွန်စတုန်း၊ နယူးကာဆယ်အသင်းမှ ထရစ်ပီးယား၊ ကွင်းလယ်ကစားသမား သုံးဦးနေရာ၌ အာဆင်နယ်အသင်းမှ အိုဒီဂက်စ်၊ မန်စီးတီးအသင်းမှ ရိုဒရီနှင့် ဒီဘရိုင်းတို့ပါဝင်ခဲ့သည်။
တိုက်စစ်ကစားသမားသုံးဦးနေရာ၌ စပါးအသင်းကစားသမားဟောင်း ဟယ်ရီကိန်း၊ မန်စီးတီးအသင်းမှ ဟာလန်းနှင့် အာဆင်နယ်အသင်းမှ ဆာကာတို့ ပါဝင်လာခဲ့ကြသည်။
PFA ၏ နေရာလိုက် တစ်နှစ်တာအကောင်းဆုံးဆုပေးပွဲတွင် တခြားဆုများအဖြစ် PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို မန်စီးတီးအသင်းမှ ဟာလန်းကလည်းကောင်း၊ PFA တစ်နှစ်တာ လူငယ်အကောင်းဆုံး ကစားသမားဆုကို အာဆင်နယ်အသင်းမှ ဆာကာကလည်းကောင်း၊ PFA တစ်နှစ်တာ အမျိုးသမီး အကောင်းဆုံးကစားသမားဆုကို ချယ်လ်ဆီးအသင်းမှ လော်ရန်ဂျိမ်းတို့က လည်းကောင်း ရရှိခဲ့ကြောင်း သိရသည်။
Ref;B/R Football