ဝါခေါင်လပြည့်ကျော်တစ်ရက်နေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညို ကြသည့် ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ

ဝါခေါင်လပြည့်ကျော်တစ်ရက်နေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညို ကြသည့် ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ ၁

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္တုကံ တော်တွင် တည်ထားပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွား တော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ် ကြီးသို့ ယနေ့ ဝါခေါင်လပြည့်ကျော်တစ်ရက်နေ့တွင် အနယ်နယ်အရပ်ရပ်မှ လာရောက် ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက် ရှိသည်။

ထိုသို့ အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူးရဟန်း၊ ရှင်လူ ပြည်သူ များနှင့် ဘိုးဘွားများသည် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒကန်နှင့် နဂါးရုံဘုရား၊ ရေပန်း ရင်ပြင်၊ မာရဝိဇယ ကျောင်းတော်၊ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီး၊ သဒ္ဓါဓိပတိ ခေါင်းလောင်းတော်နှင့် ကျောက်စာရုံစေတီတော်များအပါအဝင် အခြား ဘာသာရေး ဆိုင်ရာ အဆောက်အဦများနှင့် ဥယျာဉ်များကို စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညို လေ့လာခြင်း၊ တရားဘာဝနာပွားများခြင်းများ ဆောင်ရွက်ကြသည်။ ထို့ပြင် နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့အကျိုးတော်ဆောင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက်၊ ပဓာန နာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသ ဆရာတော်ကြီး အမှူးပြုသည့် အလှူရှင်များက ငွေကျပ်သိန်း ၂၄၀၀ လှူဒါန်းမှုအပါအဝင် အခြားသော ဘုရားဖူးလာ သူများက ကြည်ညိုသဒ္ဓါပွားများလျက် စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် အလှူငွေ များကို ပေးအပ် လှူဒါန်းကြသည်။

   မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်းသံဃာများ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် သက်ကြီးဘိုးဘွားများအား ကျန်းမာ ရွှင်လန်းစွာဖြင့် ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံကြက်ခြေနီ အဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များကလည်း လမ်းလျှောက်ရန် အခက်အခဲဖြစ်သည့် သက်ကြီး ဘိုးဘွားများအား  အဆင်ပြေစွာဖြင့် ဘုရားဖူးမြော်ကြည်ညိုနိုင်ရန် Wheel Chair များဖြင့် လိုက်လံပို့ဆောင်ပေးကာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြသည်။

အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော် ကြည်ညို ကြသည့် ရဟန်းရှင်လူပြည်သူများ အသက်သာဆုံး ဖြစ်စေရေးအတွက် ဝင်ရောက်သူ အားလုံးကို အခမဲ့ဝင်ရောက်ခွင့်ပေးသွားမည်ဖြစ်ကြောင်း၊ စက်တင်ဘာ ၄ ရက်မှစတင်၍ ဘုရားကြီးဝင်းအတွင်း ဝင်ရောက်ချိန်တွင် ကင်မရာပါသည့် ဖုန်း၊ အခြားဗီဒီယိုမှတ်တမ်း များရိုက်ကူးခြင်းနှင့် အပျော်တမ်းကင်မရာရိုက်ကူးခြင်းများကိုသာ ထိုက်သင့်သည့်နှုန်း ထားများဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း၊  ဘုရားကြီးဝင်းအတွင်း ဝင်ရောက် ရပ်နား သည့် ကိုယ်ပိုင်ယဉ်ငယ်များ၏ ယာဉ်ရပ်နားခကိုလည်း ထိုက်သင့်သည့် ရပ်နားခနှုန်း ထားများအတိုင်း ကောက်ခံသွားမည်ဖြစ်ကြောင်းနှင့် နေ့စဉ် နံနက် ၆ နာရီမှ ည ၈ နာရီ အတွင်း ဖွင့်လှစ်ထားရှိကြောင်း သတင်းရရှိသည်။