ကာကွယ်ရေးဦးစီးချုပ်(ရေ) တံခွန်စိုက်ဒိုင်း ရေကူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

ကာကွယ်ရေးဦးစီးချုပ်(ရေ) တံခွန်စိုက်ဒိုင်း ရေကူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ- ၁ ရက်

            ၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) တံခွန်စိုက်ဒိုင်း ရေကူးပြိုင်ပွဲ ဗိုလ်လု ပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ် ရေကူးကန်၌ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် တပ်မတော်(ရေ)မှ အရာရှိကြီး များ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်မှ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

            ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(ရေ)က တက်ရောက်လာကြသူများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများ၏ မီတာ(၅၀)ရင်ဘောင်တန်းကူးပြိုင်ပွဲ၊ မီတာ(၁၀၀) အလွတ်ကူး ပြိုင်ပွဲ၊ မီတာ(၅၀) ပက်လက်ကူးပြိုင်ပွဲနှင့် မီတာ(၅၀x၄) လက်ဆင့်ကမ်းအလွတ်ကူး ပြိုင်ပွဲများ၏ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲအမျိုးအစား အလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသည့် ပြိုင်ပွဲဝင်အားကစားသမားများ အား ကာကွယ်ရေးဦးစီးချုပ်(ရေ)မှ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် တစ်ဦးချင်းဆုရရှိသူများ၊ အသင်းလိုက်ဆုရရှိသူများနှင့် တံခွန်စိုက် ဒိုင်းဆုရရှိသော ရေတပ်လေ့ကျင့်ရေးဌာနချုပ်အသင်းတို့အား ကာကွယ်ရေးဦးစီးချုပ် (ရေ)မှ တံခွန်စိုက် ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

            အဆိုပါ ရေကူးပြိုင်ပွဲ၌ မီတာ(၁၀၀) အလွတ်ကူးပြိုင်ပွဲတွင် ယခင်နှစ် တပ်မ တော်(ရေ)၏ စံချိန်အားချိုး၍ အမှတ်(၄)​ဗျူဟာစစ်ရေယာဉ်စုအသင်းမှ တပ်သား ဇွဲကျော်ထူးသည် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။

            ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ)က ပြိုင်ပွဲဝင်အားကစားသမား များနှင့် တာဝန်ရှိသူများအား တွေ့ဆုံအားပေးစကားပြောကြားရာတွင် တပ်မတော် (ရေ) ရေကူးအသင်းအနေဖြင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရေး အတွက် ခေတ်မီနည်းစနစ်များဖြင့် စနစ်တကျစုဖွဲ့လေ့ကျင့်သွားကြရန်၊ လက်ရွေးစင် အသင်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အောင်မြင်မှုများ ရရှိစေရန်နှင့် နိုင်ငံ့ဂုဏ် ဆောင် ရေကူးအားကစားသမားများအဖြစ် ပေါ်ထွန်းလာစေရေး စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်သွားကြရန် မှာကြားခဲ့သည်။

            အဆိုပါရေကူးပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကွပ်ကဲမှုအောက်ရှိ ရေတပ်စခန်းဌာနချုပ်များမှ ပြိုင်ပွဲဝင်အသင်း(၁၂)သင်းဖြင့် သြဂုတ်(၃၀)ရက်မှ စတင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။