လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး
အယ်ဒီတာ့အာဘော်
(၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် သြဂုတ်လ ၃၀ ရက်ကကျင်းပခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၃) တွင်အမှာစကား ပြောကြားစဉ် “အစိုးရတစ်ရပ်၏ တာဝန်မှာ နိုင်ငံတည်ငြိမ် အေးချမ်းစေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် နိုင်ငံတိုးတက်အောင်နှင့် နိုင်ငံ ကောင်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတိုးတက်အောင် ဆောင်ရွက်ရာတွင် နိုင်ငံသားများ၏
အခြေခံလူမှုစီးပွားဘဝများ တိုးတက်စေရန်အတွက် လူတိုင်းကျန်းမာရေး ကောင်းမွန်ရန်၊ ပညာရေးကောင်းမွန်ရန်နှင့် အလုပ်အကိုင်များ ရရှိပြီး လူတိုင်းဝင်ငွေ ရရှိအောင်၊ ဆင်းရဲမွဲတေမှု လျှော့ချနိုင်အောင် ဆောင်ရွက်ပေးရန် ိုအပ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးဟုဆိုရာ၌ လူမှုရေးတွင် ပညာရေးနှင့် ကျန်းမာရေးတို့ ပါဝင်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ ပညာရည်တိုးတက်ရေး အတွက် မဖြစ်မနေ ဆောင်ရွက်ပေးနေသကဲ့သို့ ပြည်သူအားလုံးကျန်းမာရေး ကောင်းမွန်စေရေး အတွက်လည်း ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် ဦးတည်ချက် (၉) ရပ်ပါ လူမှုရေးကဏ္ဍတွင် တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာမြင့်မား တိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေး အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး၊ တစ်မျိုးသားလုံးသက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်ရေး တို့ကိုချမှတ်ဆောင်ရွက်နေခြင်းဖြစ်သည်။
ပညာရည်ပြည့်ဝပြီး ကျန်းမာရေး ကောင်းမွန်မှသာ ကုန်ထုတ်လုပ်မှု စီးပွားရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ဝင်ငွေရသည့်စီးပွားရေး လုပ်ငန်းအောင်မြင်မှသာ စားသောက်နေထိုင်ရေး အတွက် သုံးစွဲနိုင်ပြီး ကျန်းမာရေးအတွက် ကိုယ်ခံစွမ်းအားများ ကောင်းမွန်စေ မည်ဖြစ်သည်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့သည် စက်ဝိုင်းတစ်ခု လည်ပတ်နေသကဲ့သို့ပင်ဖြစ်သည်။ စီးပွားရေးကို ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်ကြခြင်းဖြစ်သဖြင့် နိုင်ငံအတွက် လက်တွေ့ကျသည့် စိုက်ပျိုးမွေးမြူရေး အခြေခံပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်း များကိုဆောင်ရွက်နေခြင်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အားပေးဆောင်ရွက်နေခြင်း ဖြစ်သည်။ လုပ်ငန်းများ တိုးတက်စေရေး နှစ်အလိုက်အဆင့်ဆင့် ဆောင်ရွက်ကြမည်ဆိုပါက စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အခြေခံပြီး ခေတ်နှင့်လျော်ညီသည့် စီးပွားရေး လုပ်ငန်းများကို ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။
စီးပွားရေးလုပ်ငန်းများတွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အခြေခံသည့် စက်မှုကုန်ထုတ် လုပ်ငန်းများ တိုးတက်ရေးအတွက် ဆောင်ရွက်ရမည်ဖြစ်သည်။ ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အခြေခံ အကျဆုံးဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ကိုမဖြစ်မနေ ဆောင်ရွက်ကြရမည်ဖြစ်သည်။ အဆိုပါလုပ်ငန်းများကို နည်းပညာများနှင့် ပေါင်းစပ်ထုတ်လုပ် သွားမည်ဆိုပါက တန်ဖိုးမြင့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်မည် ဖြစ်ပေသည်။ MSME လုပ်ငန်းများသည် နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများတွင် အခြေခံအကျဆုံး လုပ်ငန်းများဖြစ်သဖြင့် ကုန်ကြမ်းသေချာသည့်စိုက်ပျိုး မွေးမြူရေးကို အခြေခံသော(MSME) လုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက ပြည်နယ်အစွန်အဖျားပါ မကျန် နိုင်ငံတစ်ဝန်း အကြားအလပ် မရှိဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ဝင်ငွေများ တိုးတက်ကာ ပြည်သူများ၏ စီးပွားရေးများ ကောင်းမွန်လာမည်ဖြစ်သည်။ ၎င်းမှတစ်ဆင့် ကျန်းမာရေးနှင့် စားသောက်နေထိုင်ရေးတို့ကို မြှင့်တင်လာနိုင်မည်ဖြစ်သည်။
စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်နိုင်ရန် အတွက် စိုက်ဧကများတိုးချဲ့ခြင်းထက် တစ်ဧကချင်း ပန်းတိုင်ရည်မှန်းချက ်အထွက်နှုန်းများ တိုးတက်ရေး ဆောင်ရွက်နိုင်မည်ဆိုပါက များစွာ အကျိုးဖြစ်ထွန်းမည်ဖြစ်သည်။ ထိုမှတစ်ဆင့် ပြည်တွင်းကုန်ထုတ် လုပ်မှုများ တိုးတက်အောင် ဆောင်ရွက်ပြီး ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သကဲ့သို့ ပြည်ပသို့လည်း တင်ပို့ရောင်းချနိုင် မည်ဖြစ်သည်။
စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် လိုအပ်ချက်ရှိသဖြင့် ဈေးကွက်ရှိပြီးဖြစ်သည်။ စိုက်ပျိုးရေးတွင် သီးထပ်စွမ်းအားကိုလည်း မြှင့်တင်မည်ဆိုပါက ပိုမိုအထွက်တိုးလာ မည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် နိုင်ငံ့စီးပွားရေးအတွက် များစွာ အထောက်အကူပြုလျက်ရှိပေရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် လုပ်ငန်းများ အောင်မြင်စေရေး စနစ်တကျဖြင့် အလေးထားအကောင်အထည်ဖော် ဆောင်ရွက်ကြရန်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးနှင့် ပတ်သက်၍ အားလုံးမှအလေးထား စဉ်းစားသုံးသပ် ဆောင်ရွက်ကြရန် နိုင်ငံတော်အကြီးအကဲ၏ အမှာစကားကို ထပ်ဆင့်ညွှန်းဆို ရေးသားလိုက်ရပေသည်။ ။