နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် ဦးစီးသည့်ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့ ပျဉ်းမနားမြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
နေပြည်တော် စက်တင်ဘာ ၁
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် ဦးစီးသည့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပျဉ်းမနားမြို့နယ် အတွင်းရှိ ဘန့်ဘားကျေးရွာအုပ်စု ဆိတ်ဖူးတောင် ကျေးရွာသို့ မော်တော်ယာဉ်များဖြင့် ရောက်ရှိကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်သည် ဆိတ်ဖူးတောင်ကျေးရွာ ရှိ သာသနာ့မဏိရတနာ ကျောင်းတိုက်၌ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ဌာနဆိုင် ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို သက်ဆိုင်ရာ ကဏ္ဍ အလိုက် တာဝန်ယူဆောင်ရွက်ရမည အခြေအနေများ၊ ဘန့်ဘားကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများ၌ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး ဆောင်ရွက်သွားမည့် အခြေအနေများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ကျေးရွာများနှင့် အခြေခံပညာကျောင်းများကို အခြေခံ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်မည့် အစီအမံများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ပျဉ်းမနားမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘန့်ဘားကျေးရွာအုပ်စုရှိ ကျေးရွာသူ၊ ကျေးရွာသားများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်(၂)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားတို့ကို ဆောင်ရွက်ပေးသည်။
ထို့ပြင် နေပြည်တော်ကုသရေး ဦးစီးဌာနမှ နယ်လှည့်ဆေးကုသရေး အဖွဲ့သည် ဆိတ်ဖူးတောင် ကျေးလက်ကျန်းမာရေးဌာန၌ သံဃာတော်များနှင့် ကျေးလက်နေပြည်သူများကို အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် လမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဆိတ်ဖူးတောင်ကျေးရွာအတွင်း သွားလာရခက်ခဲသည့် နေရာများ၌ ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ပေးရန်မြေနေရာကြည့်ရှု တိုင်းတာခြင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆိတ်ဖူးတောင်ကျေးရွာတွင် မွေးမြူထားရှိသည့် တိရစ္ဆာန်ကောင်ရေ အရေအတွက်အား မြေပြင်စာရင်းကောက်ယူခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။