နေပြည်တော်၊ နိုဝင်ဘာ - ၁၄
ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ် များအလိုက် တပ်မတော်သားများက သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိရာ အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၁၁ ရက်အထိ တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီးရှိ ပြည်သူ့ဆေးရုံ စုစုပေါင်း ၅၁၈ ရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက်ရောက် ကုသလျက်ရှိသော လူနာစုစုပေါင်းအင်အား ၇၈၉၇ ဦးတို့ကို စုစုပေါင်း ငွေကျပ် ၂၄ သိန်းကျော် တန်ဖိုးရှိ အာဟာရဖြည့်စွက်စာများ ပေးအပ်လှူဒါန်းနိုင်ခဲ့သည်။
ထို့ပြင် ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့ပြည်သူ့ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်ပြည်သူ့ဆေးရုံ၊ ချင်းပြည်နယ်၊ မင်းတပ်မြို့ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံနှင့် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် ပြည်သူ့ဆေးရုံများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်၍ တပ်မတော်စက်ရုံအသီးသီးမှ ထုတ်လုပ်သော အာဟာရဖြည့် စားသောက် ဖွယ်ရာများနှင့် တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ ထွက်ရှိသော စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။