COVID-19 ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများအား ဆက်လက်လက်ခံပြီး လိုအပ်သည့်ဆေးဝါးကုသပေးမှုများ ဆောင်ရွက်

နေပြည်တော်၊ နိုဝင်ဘာ - ၁၄
    
တပ်မတော်အနေဖြင့် Coronavirus Disease 2019(COVID-19)  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသနိုင်ရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေး လျက်ရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ COVID-19  ရောဂါဓာတ်ခွဲအတည်ပြုလူနာများကို လက်ခံ ကုသပေးနိုင်ရန်အတွက် ကုသရေး နေရာများ ပြင်ဆင်ဆောင်ရွက်ထားရှိလျက်ရှိပြီး စက်တင် ဘာ ၂၅ ရက်မှစတင်၍ အတည်ပြုလူနာများကို လူမျိုး၊ ဘာသာမရွေးလက်ခံကာ လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။  ယနေ့အထိ မှော်ဘီမြို့နယ်ရှိ နယ်မြေခံ ဆေးတပ်ရင်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ သာသနာနွယ်ဝင်သီလရှင် ၁၀ ပါး၊ အင်းစိန် မြို့နယ်ရှိ သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်တွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ သံဃာတော် ၂၃ ပါး၊ လှည်းကူးမြို့နယ်၊ ရဲမွန်မြို့၊ နယ်မြေခံသင်တန်းကျောင်းမှ အတည်ပြုလူနာ အရပ်သား ၁၉၂ ဦးနှင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာအရပ်သား ၅၇၃ ဦးတို့ကို အသီးသီးဆက်လက်လက်ခံကုသပေးလျက်ရှိပြီး အဆိုပါဓာတ်ခွဲအတည်ပြုလူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်က စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
    
ထိုသို့လက်ခံကုသမှုများဆောင်ရွက်ပေးပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာ သည့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းမှ အတည်ပြု လူနာအရပ်သား ၆၂ ဦး၊ သီးသန့်စောင့်ကြပ်ကြည့်ရှုထားသူများအနက်မှ သတ်မှတ်ရက် ပြည့်မြောက်သည့် တောင်ဥက္ကလာပမြို့နယ်၊ နယ်မြေခံတပ်ရင်းမှ သီးသန့် စောင့်ကြပ်ကြည့်ရှု ထားသူ ၁၉ ဦးနှင့် နေပြည်တော်စစ်ကြောရေး နှင့်တည်းခိုရေးစခန်းမှ ၅၅ ဦးတို့ကို ယနေ့တွင် သက်ဆိုင်ရာရပ်ကွက်များသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော် ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးကြသည်။
    
ထို့ပြင် သီးသန့်စောင့်ကြည့်ရမည့်သူများကိုလည်း လက်ခံလျက်ရှိရာ ယနေ့တွင် နေပြည်တော်စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ ၁၀၅၁ ဦး၊ ရွှေညောင်မြို့တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည်သူ ၁၁၀ ဦးနှင့် ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ၈၇ ဦးတို့ကို အသီးသီးလက်ခံ ထားရှိကြောင်းနှင့် စောင့်ကြည့်သူများအားလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး အဆိုပါ သီးသန့်စောင့်ကြည့်ရမည့်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အလိုက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။