ပျဉ်းမနားမြို့နယ် အတွင်းရှိ တောင်ပေါ်ကျေးရွာများ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် ဦးစီးသည့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့ ဆက်လက်ကွင်းဆင်း ဆောင်ရွက်
နေပြည်တော် စက်တင်ဘာ ၃
နေပြည်တော် ပျဉ်းမနားမြို့နယ် အတွင်းရှိ တောင်ပေါ်ကျေးရွာများ၌ နယ်မြေတည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်လျက်ရှိသော နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် ဦးစီးသည့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့တွင် ပြည်ထောင်ကိုးကျေးရွာအုပ်စု ပြဒါးချောင်းကျေးရွာသို့ ရောက်ရှိကြပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ကြသည်။
ရှေးဦးစွာ ဗိုလ်မှူးကြီးမင်းနောင်သည် ပြဒါးချောင်းကျေးရွာ ရွာဦးကျောင်း၌ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေး တာဝန်ခံများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် သောက်သုံးရေရရှိရေး လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ရမည့် အခြေအနေများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ကျေးရွာများနှင့် အခြေခံပညာကျောင်းများကို အခြေခံ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်
မည့်အစီအမံများကို ရှင်းလင်းပြောကြားသည်။ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ပြဒါးချောင်းကျေးရွာအတွင်း ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ကြရာ နေပြည်တော်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူးက ပျဉ်းမနားတောင်ပေါ် ဒေသရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား တွေ့ဆုံ၍ စာပေသင်ကြားလျက်ရှိသည့် အခြေအနေများကို မေးမြန်း၍ လိုအပ်သည်များ ဆောင်ရွက်ပေးခြင်း၊ နေပြည်တော်ကုသရေး ဦးစီးဌာနမှ နယ်လှည့် ဆေးကုသရေးအဖွဲ့သည် ပြဒါးချောင်း ကျေးလက်ကျန်းမာရေးဌာန၌ သံဃာတော်များနှင့် ကျေးလက်နေပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးသည်။
အလားတူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပျဉ်းမနားမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်ကိုးကျေးရွာ အုပ်စုရှိ ကျေးရွာသူ၊ ကျေးရွာသားများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်(၂) ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားတို့ကို ဆောင်ရွက်ပေးခြင်း၊ နေပြည်တော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများက ကျေးရွာအုပ်စုများအတွင်း လျှပ်စစ်ဓာတ်အား ပုံမှန်ရရှိစေရေး ဓာတ်အားလိုင်းများ လိုက်လံစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။