ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့် ၅၀ အတွင်း ဝင်ရောက်နိုင်သည့် ပထမဆုံး မြန်မာကြက်တောင်မယ်အဖြစ် သက်ထားသူဇာ မှတ်တမ်းဝင်

ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့် ၅၀ အတွင်း ဝင်ရောက်နိုင်သည့် ပထမဆုံး မြန်မာကြက်တောင်မယ်အဖြစ် သက်ထားသူဇာ မှတ်တမ်းဝင်

ရန်ကုန်  စက်တင်ဘာ  ၃

    ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်  (BWF)က   သြဂုတ်လနောက်ဆုံး ရက်သတ္တပတ် အတွက်    ကမ္ဘာ့အဆင့်သတ်မှတ်ချက်ကို ထုတ်ပြန်ကြေညာခဲ့ရာတွင် သက်ထားသူဇာသည်    ကမ္ဘာ့အဆင့် ၄၈ နေရာအထိ တက်လှမ်းနိုင်ခဲ့ပြီးနောက်  ကြက်တောင် အားကစားလောကတွင် ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့် ၅၀ အတွင်းဝင်ရောက် နိုင်သည့် ပထမဆုံး မြန်မာကြက်တောင်မယ် အဖြစ်    မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

သက်ထားသူဇာသည်  အစောပိုင်းက ကမ္ဘာ့အဆင့် သတ်မှတ်ချက် အဆင့်  ၆၁ နေရာ၌ ရပ်တည်နေပြီး  ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ် (BWF) က သြဂုတ်လနောက်ဆုံး ရက်သတ္တပတ်အတွက်  ကမ္ဘာ့အဆင့်သတ်မှတ်ချက်ကို   ထုတ်ပြန်ကြေညာခဲ့ရာတွင် ကမ္ဘာ့အဆင့် ၁၃ ဆင့်အထိ မြင့်တက်လာပြီးနောက် ကမ္ဘာ့အဆင့် ၄၈ နေရာအထိ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

သက်ထားသူဇာသည် ယခုလအတွင်း ဒိန်းမတ်နိုင်ငံ  ကိုပင်ဟေဂင်မြို့၌  ကျင်းပခဲ့သည့် Total Energies BWF World Championship   ကြက်တောင်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ  ရလဒ်ကောင်းများ ရရှိခဲ့ပြီး     မက္ကဆီကိုကြက်တောင်မယ် ဟာယာမာရာဂိုတန်ကို  အနိုင်ရရှိသကဲ့သို့ ၁၆ ဦးရှုံးထွက် အဆင့်အထိ တက်ရောက်နိုင်ခဲ့ကာ ၁၆ ဦးရှုံးထွက် အဆင့်တွင် ကမ္ဘာ့အဆင့်(၆) နေရာ၌ရပ်တည်နေသည့်  စပိန်ထိပ်တန်း ကြက်တောင်မယ်မာရင်ကို ရှုံးနိမ့်ခဲ့သည့်အတွက်  ပြိုင်ပွဲမှ  ထွက်ခွာခဲ့ရခြင်း ဖြစ်သည်။

သက်ထားသူဇာသည် နောက်ပိုင်းယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲများတွင် ချန်ပီယံဆု ဆွတ်ခူးနိုင်ခြင်း မရှိသေးသော်လည်း ပြိုင်ပွဲများတွင် ရလဒ်ကောင်းများ ရရှိခဲ့သောကြောင့်    ကမ္ဘာ့အဆင့်သတ်မှတ်ချက်များ   မြင့်တက်လာခြင်းဖြစ်သည်။

လက်ရှိ မြန်မာကြက်တောင် အားကစားလောကတွင်  ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့် ၅၀  အတွင်းဝင်ရောက်နိုင်သည့် ကစားသမား တစ်ဦးမျှမရှိဘဲ ယခုအခါမှသာ သက်ထားသူဇာသည် ကမ္ဘာ့အဆင့် ၅၀ အတွင်း ဝင်ရောက်နိုင်သည့်      ပထမဆုံး မြန်မာကြက်တောင်မယ်အဖြစ်  မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။