လူငယ်တိုင်း ဗလငါးတန်ပြည့်ဝရေး(မိတ္တဗလ)

လူငယ်တိုင်း ဗလငါးတန်ပြည့်ဝရေး(မိတ္တဗလ)

 

မိတ္တဗလကို အကျယ်ပြောရရင် သူတော်ကောင်း၊ အကျင့်ကောင်း၊ မိတ်ဆွေကောင်းရှိမှုလို့ဆိုရမှာပါ။ အခုလို လူငယ်စကားဝိုင်းတွေ လုပ်ပေးတာဟာ ကျောင်းသား၊ ကျောင်းသူတွေအတွက် လူအများကြားဆွေးနွေးနိုင်တဲ့ အရည်အချင်းတွေ၊ စကားပြောစွမ်းအင်တွေ ဖော်ထုတ်ပေးနေတာဖြစ်ပါတယ်။ လူငယ်တွေ ပြောရဲဆိုရဲရှိလာပြီး  အပေါင်းအသင်း အသိမိတ်ဆွေပေါများလာပြီ။ 

လူအများရှေ့မှာ ကျွမ်းကျင်ပိုင်နိုင်စွာ ရဲရဲဝံ့ဝံ့ပြောဆိုလာခြင်းဟာ ကျောင်းသား၊ ကျောင်းသူ လူငယ်တွေအတွက် ဗလငါးတန်ပြည့်ဝဖို့ ဖြည့်ဆည်းပေးနေခြင်းပဲ   ဖြစ်ပါတယ်။

လူငယ်အချင်းချင်း    တစ်ဦးနဲ့တစ်ဦး အသိပညာဗဟုသုတ ဖလှယ်ကြရာကနေ အတွေ့အကြုံသစ်တွေ ရရှိလာမှာ ဖြစ်ပါတယ်။

လူငယ်အချင်းချင်း   ချစ်ကြည်ရင်းနှီးမှုတိုးပွားလာတာဟာ မိတ္တဗလပါပဲ။ ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ဆိုတာ နေရာတိုင်းမှာလိုအပ်ပါတယ်။  စာသင်ကျောင်းတွေ၊ စာသင်ကျောင်းပြင်ပတွေမှာ၊ လူ့အဖွဲ့အစည်းတွေမှာ    အချင်းချင်းချစ်ကြည်ရင်းနှီးမှု၊   ပူးပေါင်းဆောင်ရွက်တတ်မှုရှိကြမှသာ သာယာချမ်းမြေ့တဲ့ လူမှုအဖွဲ့အစည်းတစ်ရပ်ဖြစ်လာမှာပါ။ 

ဒါ့ကြောင့်လည်း ဒီနှစ်ထဲမှာ   ဗလငါးတန်နဲ့ပတ်သက်တဲ့   လူငယ်ဆွေးနွေးပွဲစကားဝိုင်းတွေ များပြားလာ တာဟာ နိုင်ငံရဲ့ အနာဂတ်အတွက် ဝမ်းမြောက်ဖွယ်ဖြစ်ပါတယ်။

သိင်္ဂါလောဝါဒသုတ်လာ ကျင့်ဝတ်များမှာ မိတ်ဆွေကျင့်ဝတ်နဲ့ပတ်သက်လို့  ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊  သစ္စာမှန်စေ၊  ဝတ်ငါးထွေ ကျင့်လေမိတ်သဟာလို့ ဖော်ပြထားပါတယ်။ မိမိတတ်နိုင်သလောက် ပေးကမ်းချီးမြှင့်ခြင်း၊ ကိုယ့်အောက်သို့ မနှိမ့်ချ၍    ကိုယ်နှင့်တန်းတူထားကာ ဆက်ဆံခြင်း၊ နှစ်ဦးနှစ်၀ ကြီးပွားရန်အတွက် စီးပွားရေးလုပ်ငန်းများကိုလုပ်ကိုင်ဆောင်ရွက်ခြင်း၊ ပြောဆိုဆက်ဆံရာ၌ စကားအရာပြေပြစ်ချိုသာစွာပြောရခြင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင်  သစ္စာဖောက်ဖျက်မှုမရှိဘဲ မှန်ကန်တိကျခြင်းလို့  အဓိပ္ပာယ်အကျယ်ဖွင့်ဆိုထားပါတယ်။

မိတ္တဗလဆိုတာ ကျောင်းသား၊ ကျောင်းသူ လူငယ်ဘဝကတည်းက သိရှိလိုက်နာကျင့်ကြံနေမှ  အသက်အရွယ်ရလာတဲ့အချိန်အထိ၊ နောင်တစ်ချိန်နိုင်ငံတော်အတွက်  အရေးကြီးတာဝန်တွေ ထမ်းဆောင်ရတဲ့ အချိန်အထိ၊ ယုတ်စွအဆုံး လူ့လောကမှထွက်ခွာသည်အထိ   ရှိနေရမှာပါ။  သူကကိုယ့်ကို  မိတ်ဆွေကောင်း အဖြစ်ဆက်ဆံရင် ကိုယ်ကလည်းမိတ်ဆွေကောင်းဖြစ်အောင် ကြိုးစားရမှာပါ။ လူတစ်ဦးချင်းအနေအထားမဆိုထားနှင့်   နိုင်ငံတစ်နိုင်ငံအနေဖြင့်သော်မှ မိတ်ဆွေကောင်း၊ မိတ်ဆွေစစ်နိုင်ငံတွေ  လိုအပ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့    ကမ္ဘာပေါ်မှာ ယှဉ်နှိုင်းပြစရာမရှိအောင် ဘယ်နိုင်ငံနဲ့မဆို    မိတ်ဆွေကောင်းနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

နိုင်ငံတော်အဆင့်မှာတော့ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ဟာ မိတ္တဗလပါပဲ။ မြန်မာ့အကျိုးလိုလားတဲ့သူတွေကိုလက်တွဲနေသလို  အခြားသောမလိုမုန်းထားနိုင်ငံတွေ  ရှိခဲ့ရင်လည်း မြန်မာနိုင်ငံကတော့   မိတ်ဆွေကောင်းအဖြစ် ရပ်တည်လျက်ပါပဲ။ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်တွေ ကိုလည်း မြန်မာနိုင်ငံလိုပဲ   ဘယ်သူကောင်းကောင်း၊ မကောင်းကောင်း ငါကကောင်းနေမယ်ဆိုတဲ့စိတ်ထားနဲ့ မိတ္တဗလကိုမွေးမြူထားရပါတယ်။

ချစ်သူခင်သူပေါများခြင်းဟာ   အရာရာကို အောင်မြင်ခြင်းပါပဲ။ ချစ်သူတစ်ရာရှိနေတာ များတယ်လို့ မပြောနိုင်ပါဘူး။ မုန်းသူတစ်ယောက်ရှိနေပြီ ဆိုရင်တော့  များတယ်လို့ပြောနိုင်ပါတယ်။  လူမှုပတ်ဝန်းကျင်မှာလူအများဟာ သူတို့ကိုယ်သူတို့ အထင်ကြီးအောင်  လုပ်ဆောင်တတ်ကြပါတယ်။

အဲလိုလုပ်ဆောင်ပြီး လူအများစိတ်ဝင်စားအောင်ကြိုးစားကြတာဟာ တကယ်တော့  မိတ်ဆွေကောင်း မိတ်ဆွေစစ်တွေကို မရနိုင်ပါဘူး။   တစ်ခဏတာမျှသာဖြစ်မှာပါ။

ဒါ့ကြောင့်ဒီလိုစိတ်ထားမျိုးကိုလည်း  မမွေးလိုက်ကြပါနဲ့။

မိတ်ကောင်းဆွေကောင်းဖြစ်အောင်ဘယ်လိုကျင့်ကြံကြိုးစားကြရမလဲဆိုရင် သူ့မှာအခက်အခဲရှိရင် ငါကူညီလိုက်မယ်။ သူစာမရရင် ငါဘယ်လိုကူညီပြပေးမယ်။ သူဖျားလို့ကျောင်းမတက်နိုင်ရင် သူ့အတွက် ကျောင်းစာတွေငါဘယ်လိုကူးပေးလိုက်မယ်စတဲ့ အခြေခံစိတ်ကောင်းလေးတွေမွေးမြူကြရပါမယ်။ မိမိက သူ့အပေါ်   စိတ်ကောင်းမွေးတဲ့အခါ သူကလည်းမိမိကို ထပ်တူအကောင်းတွေ တုံ့ပြန်ပါလိမ့်မယ်။ ဒါတွေဟာ ကျောင်းသား၊ ကျောင်းသူလူငယ်တွေမှာ ရှိထားရမယ့် သူငယ်ချင်းကောင်းစိတ်ဓာတ်ဖြစ်ပါတယ်။

ဒီထက်ပိုမိုထူးခြားတဲ့ သူငယ်ချင်းကောင်းစိတ်ဓာတ်ရှိပါသေးတယ်။  အဲဒါကတော့ ကိုယ့်သူငယ်ချင်း တစ်ယောက် ကြာရင်ဒုက္ခရောက်တော့မယ်ဆိုရင် အမုန်းခံပြီး ပြောဆိုလိုက်ပါ။ လက်တွေ့ဥပမာ တစ်ခုပြောရရင် သူငယ်ချင်းတစ်ယောက်က မူးယစ်ဆေးဝါးသုံးစွဲနေတယ်ဆိုပါစို့။ မိမိကလိုက်ပြီးမသုံးလိုက်ပါနဲ့။  သုံးစွဲနေတဲ့ သူငယ်ချင်းကိုလည်း  ဒီအတိုင်းမသိချင်ယောင်ဆောင်ပြီး  လွှတ်မထားလိုက်ပါနဲ့။  သက်ဆိုင်ရာမိဘ၊ ဆရာသမားတွေကို သတင်းပို့လိုက်ပါ။ ဒါဟာအလွန်ကောင်းတဲ့ မိတ္တဗလစိတ်ထားပဲ ဖြစ်ပါတယ်။

ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်ဆိုတာ ပင်ကိုမူလက ရိုးသားဖြောင့်မတ်တဲ့ စိတ်ထားရှိကြသူတွေသာ ဖြစ်ပါတယ်။ သူတို့နေထိုင်ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်အပေါ်မူတည်ပြီး စိတ်ကောင်းရှိတာ၊ မရှိတာတွေဖြစ်ပေါ်လာတာပါ။ ဘယ်လိုပတ်ဝန်းကျင်မျိုးကလာတာပဲဖြစ်ပါစေ။ ကျောင်းကိုရောက်လာတဲ့ ကျောင်းသား၊ ကျောင်းသူမှန်သမျှကတော့ ဆရာ၊ ဆရာမတွေရဲ့  သွန်သင်ဆုံးမနည်း ပေးလမ်းပြမှုတွေကြောင့် လူတော်လူကောင်းလေးတွေ ဖြစ်လာကြမှာပါ။ ဗလငါးတန်နဲ့ပြည့်စုံတဲ့    ကလေးတွေဖြစ်လာမှာပါ။ ဖြစ်ကြအောင်လည်း  ဆရာ၊  ဆရာမတွေ၊ မိဘတွေက ပုံစံသွင်းပေးကြရမှာဖြစ်ပါတယ်။

ဟိုတစ်နေ့ကဖတ်လိုက်ရတဲ့စာစုတစ်ခုမှာ ပညာရည်မြင့်မားပြီး အသိအမြင်ကြွယ်ဝ၍ နှံ့စပ်တဲ့လူများဟာ  ဒီမိုကရေစီရဲ့အနှစ်သာရကို မြှင့်တင်ပေးနိုင်မည့်    အသေချာဆုံးသော နည်းလမ်းများပင် ဖြစ်ပါတယ်လို့ မှတ်သားလိုက်ရပါတယ်။  စာရေးသူက တစ်ဆက်တည်း တွေးကြည့်တဲ့အခါမှာ  သြော်...မှန်လိုက်တာပါ ကလားလို့။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာ   စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေချိန်မှာ လူသားအရင်းအမြစ်   ဖွံ့ဖြိုးတိုးတက်ရေးကို တစိုက်မတ်မတ် လုပ်ဆောင်နေတာဟာ  ဒီမိုကရေစီရဲ့အနှစ်သာရ ဖြစ်လာအောင် ပြုစုပျိုးထောင်နေတာပါကလားဆိုတဲ့ အသိတစ်ခုရလိုက်ပါတယ်။

ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်ဆိုတာ ထိုက်သင့်တဲ့ကိုယ်အား၊ ဉာဏ်အားရှိပြီး နုပျိုတဲ့အရွယ်ဖြစ်ပါတယ်။ 

သွက်လက်၊ ထက်မြက်၊ တက်ကြွတဲ့အရွယ်ဖြစ်လို့ မိမိတို့ဘဝအတွက် ရည်မှန်းချက်ထားပြီး ကြိုးစားရမယ့်အရွယ်တွေပါပဲ။

ဘဝမှာရည်မှန်းချက်ကို အခိုင်အမာချမှတ်ပြီး  မဖြစ်ဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ထားရှိကြရမှာ     ဖြစ်ပါတယ်။

ရည်မှန်းချက်    ခိုင်ခိုင်မာမာရှိထားပြီ၊ ဗလငါးတန်ကိုလည်း   ပြည့်ဝအောင်ဖြည့်ထားပြီဆိုရင်  အောင်မြင်မှုကို ပိုင်ဆိုင်မှာပါ။ မိမိအတွက်၊  မိမိမိသားစုအတွက်၊    မိမိတိုင်းပြည်အတွက်   အောင်စိတ်ကိုမွေး ကြိုးစားကြပါလို့  တိုက်တွန်းချင်ပါတယ်ခင်ဗျာ။   ။

အာကာမောင်မောင်