ကြည်နူးသဒ္ဓါပီတိဖြာ မြတ်နိုးဖူးမ၀ မာရဝိဇယ

ကြည်နူးသဒ္ဓါပီတိဖြာ မြတ်နိုးဖူးမ၀ မာရဝိဇယ

    ပြည်ထောင်စုနယ်မြေ နေပြည်တော်   ဒက္ခိဏသီရိမြို့နယ်တွင်းက   မင်္ဂလာနယ်မြေမှာ    မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို  တည်ထား ပူဇော်ခဲ့ပါတယ်။ မြန်မာလူမျိုးတွေက ဘုရားရှင်ကို အထူးကြည်ညိုကြသူများ ဖြစ်ကြပြီး တရားတော်၊ ဓမ္မခန္ဓာများကို ဓမ္မစေတီ၊ ဘုရားရှင်ရဲ့  အသုံးအဆောင်တော်များကို  ပရိဘောဂစေတီ၊ ဘုရားရှင်ကိုယ်စား ရုပ်ပွားဆင်းတုတော်များကို   ဥဒ္ဒိဿစေတီ၊  ဘုရားရှင်ရဲ့ ခြေတော်ရာ စက်လက္ခဏာတော်များကို ပါဒစေတီဆိုပြီး ရိုသေတုပ်ကွ ဖူးမြော်ကြည်ညို ကြပါတယ်။

ဗုဒ္ဓဘာသာ   ရေခံမြေခံကောင်းမှာ တည်ရှိတဲ့နိုင်ငံဖြစ်တဲ့ အတွက်  သာသနာပြု မင်းကောင်းမင်းမြတ်တွေပေါ်ထွန်းခဲ့ပြီး  ပျူခေတ်ကစပြီး  ဗုဒ္ဓဘာသာ စနစ်တကျ ထွန်းကားခဲ့တာတွေကို တွေ့ရှိရပါတယ်။ ပုဂံခေတ်မှာ တိုင်းပြည်စည်ကား သာယာတဲ့အတွက် မုဆိုးမတောင်ဘုရား တည်နိုင်တယ်လို့   တင်စားပြောကြတာကိုလည်း ကြားခဲ့ရဖူးပါတယ်။ ဘုရားတည်ဖို့ အခြေခံအကျဆုံးက  သဒ္ဓါတရားဖြစ်ပါတယ်။

ဒုတိယက    ငွေကြေးဥစ္စာပြည့်စုံမှုပါ။  တတိယက တိုင်းပြည်အေးချမ်း သာယာခြင်းဖြစ်ပါတယ်။ ဒီအချက်တွေ မပြည့်စုံဘဲ ဘုရားစေတီတွေ တည်ထားနိုင်မှာ မဟုတ်ပါဘူး။

ပြည်ထောင်စုနယ်မြေ နေပြည်တော်   ဒက္ခိဏသီရိမြို့နယ်မှာ   ဦးဆောင်ဘုရား ဒါယကာကြီးရဲ့ ဗုဒ္ဓသာသနာကို ချီးမြှောက်လိုတဲ့စိတ်ထား၊ လှူဒါန်းပူဇော်လိုတဲ့ သဒ္ဓါတရားတွေကို အခြေခံပြီး  မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို   တည်ထားခဲ့ပါတယ်။ “မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်း တောက်ပလျက်ရှိမှုအား ကမ္ဘာကို ပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်း သာယာမှုဖြစ်စေရန်”  စတဲ့ ရည်ရွယ်ချက် (၄) ရပ်နဲ့  တည်ထားကိုးကွယ်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

ဆရာတော်ကြီးများရဲ့ လမ်းညွှန်မှုအရ ရုပ်ပွားတော်မြတ်ကြီးကို   မာရဝိဇယလို့   ဘွဲ့အမည်  ဆက်ကပ်ခဲ့ပြီး  အဓိပ္ပာယ်ထူးခြား လေးနက်လှပါတယ်။ ဖွင့်ဆိုထားတာက  မာရ+ဝိ+ဇယ= မာရဝိဇယ။ မာရ ဆိုသည်မှာ ဒေဝပုတ္တမာရ်၊ ကိလေသမာရ်၊ ခန္ဓမာရ်၊ မစ္စုမာရ်၊ အဘိသင်္ခါရမာရ် ဟုဆိုအပ်သော မာရ်ငါးပါးကို ဝိ- ဝိသေသန - အထူးအားဖြင့်၊ ဇယ- အောင်မြင်တော်မူခြင်း၊ မာရဝိဇယ-မာရ်ငါးပါးကို အထူးအားဖြင့် အောင်မြင်တော်မူသော မြတ်စွာဘုရား။   တစ်နည်းအားဖြင့် -  အဖျက်ရန်သူမှန်သမျှကို အောင်တော်မူခြင်းလို့     ဆိုလိုရင်းဖြစ်ပါတယ်။ ဘုရားဖြစ်မယ့်အရေး   မာရ်နတ်က ဖျက်တယ်လို့ ပြောတတ်ကြတာနဲ့အညီ  အဖျက်ရန်တို့ကို အောင်တော်မူ၍ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တန်ခိုးတော်ကြောင့် တိုင်းပြည်၊ လူမျိုး၊ ဘာသာ၊ သာသနာယဉ်ကျေးမှုတို့ကို ဖျက်ဆီးမည့် အဖျက်ရန်၊  အဖျက်မာန်   မှန်သမျှတွေကို ကင်းဝေး အောင်မြင်စေလိုတဲ့  ရည်ရွယ်လိုရင်းဖြစ်မယ်လို့ ယုံကြည်ပါတယ်။

အရည်အသွေး ကောင်းမွန်လှတဲ့ စကျင်ကျောက်တုံးတော်ကြီး စတင်တွေ့ရှိ တူးဖော်ခဲ့ရာကနေ နေပြည်တော် ဘုရားတည်ထားမယ့် ဗုဒ္ဓဥယျာဉ်တော်အထိ အဆင့်ဆင့်သယ်ဆောင်ခဲ့ကြရာမှာ မြန်မာနိုင်ငံသား တွေရဲ့ ပေါင်းစည်းညီညွတ်တဲ့ စိတ်ထားနဲ့ ကြိုးစားအားထုတ်မှုတွေကို တွေ့မြင်ခဲ့ရပါတယ်။ စေတနာသဒ္ဓါ ထက်သန်ပြီး မဆုတ်မနစ်တဲ့ ဇွဲလုံ့လတွေနဲ့ ကြိုးစားဆောင်ရွက်ခဲ့တာကို နေ့စဉ်သတင်းစာတွေမှာ စောင့်ကြည့်လေ့လာခဲ့ရပါတယ်။

ဉာဏ်အမြော်အမြင်ကြီးစွာနဲ့ ဘုရားတည်ဆောက်ရေးသာမက  မြေယာရှုခင်း၊  လမ်းတွေကအစ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ပြီးစီးအောင်  စီစဉ်ဆောင်ရွက်ခဲ့တဲ့   မြန်မာ့တပ်မတော်သားတွေရဲ့ စနစ်ကျနမှု၊    စည်းလုံးညီညွတ်မှုတွေကိုလည်း ရင်သပ်ရှုမောဖွယ်မြင်တွေ့ရပါတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံး ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို တည်ထားရာမှာ လုပ်အားပါဝင်ကြတဲ့သူတွေမှာ ကြီးမားတဲ့ ထိခိုက်ဒဏ်ရာရတာမရှိကြဘူး ဆိုတာကို သိရတဲ့အတွက်လည်း    အလွန်စိတ်သက်သာပြီး    စီစဉ်ညွှန်ကြားကြတဲ့ ပညာရှင်များရဲ့  အမြော်အမြင်ကြီးမားပုံကို ဦးညွှတ်ရပါတယ်။

ထုထည်ကြီးမားလှတဲ့အတွက် ရုပ်ပွားတော်မြတ်ကြီး တည်ထားဖို့ စကျင်ကျောက်တော်ကြီးတွေကို အစိတ်အပိုင်း အလိုက်ခွဲပြီး သယ်ဆောင် ထုလုပ်ခဲ့ကြရပါတယ်။ အစိတ်အပိုင်းတွေခွဲပြီး ထုလုပ်တွဲဆက်ရတဲ့အတွက် အချိုးအစား  မညီညွတ်မှာကို  စိတ်ပူခဲ့ပါတယ်။ ပလ္လင်တော်အစိတ်အပိုင်းတွေ၊ ရုပ်ပွားတော် အစိတ်အပိုင်းတွေ တွဲဆက်လုပ်ဆောင်နေကြတဲ့ အကြောင်း သတင်းတွေမှာ စောင့်ကြည့်ခဲ့ပါတယ်။ ဒီအချိန်ဟာ နှလုံးစိတ်ဝမ်း မငြိမ်းချမ်းစရာ မြန်မာနိုင်ငံသားတွေရဲ့ စိတ်ဝမ်းကွဲမှုတွေကိုလည်း တွေ့မြင်ကြားသိနေရတဲ့ အချိန်ဖြစ်ပါတယ်။ ရုပ်ပွားတော်မြတ်ကြီးရဲ့   အစိတ်အပိုင်းတွေ အောင်မြင်စွာ တွဲဆက်နိုင်တဲ့  အတိတ်နိမိတ်အတိုင်း မြန်မာနိုင်ငံသားတွေ အားလုံး  ရေကိုသားသော် အကြားမထင်သကဲ့သို့ တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်ကြပါစေလို့   နေ့စဉ်ဆုတောင်း အဓိဋ္ဌာန်ပြုခဲ့ရပါတယ်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင် ပူဇော်တဲ့အခါ ရတနာပလ္လင်တော်က အမြင့် ၁၈ ပေ၊ အလျား ၇၂ ပေ၊ အနံ ၅၄ ပေရှိပြီး ပင့်ဆောင်မယ့် ဆင်းတုတော်အပိုင်း (၁/၂/၃) တို့ကိုတွဲဆက်ထားတဲ့  ဆင်းတုတော် အစိတ်အပိုင်းကြီးရဲ့ စုစုပေါင်း အလေးချိန်မှာ ၁၇၀၀ တန်ဖြစ်ကြောင်း၊ ဆင်းတုတော် အစိတ်အပိုင်းကြီးကို သံမဏိမျှော်စင်  ဝန်ချီစက်အသုံးပြုပြီး ရတနာပလ္လင်တော်ပေါ်သို့ စတင်ပင့်ဆောင်မှာဖြစ်ကြောင်း   ရတနာပလ္လင်တော်ပေါ်သို့ ရောက်ရှိဖို့ ပင့်ဆောင်ချိန် ၇၂ နာရီခန့် ကြာမြင့်မှာဖြစ်ကြောင်း  သတင်းတွေ ကြည့်ရပါတယ်။  ဒီလောက်ကြီးမားတဲ့ အစိတ်အပိုင်းကြီး   ပင့်ဆောင်ရာမှာ လွဲချော်သွားမှာကို အလွန်ပဲစိတ်ပူပါတယ်။  တစ်နာရီတိုင်း ဘယ်လောက်ထိ ပင့်ဆောင်နိုင်ပြီဆိုတဲ့ သတင်းတွေဖတ်ရင်း၊ မြန်မာ့အင်ဂျင်နီယာများရဲ့ စွမ်းဆောင်မှုတွေကို ယုံကြည်ရင်း၊    စောင့်ကြည့်နေရာက ပလ္လင်တော်ထက်ကိုရောက်ရှိအောင် မြင်သွားပြီဆိုတဲ့ သတင်းက  အချိုမြိန်ဆုံး သတင်းဖြစ်ခဲ့ပါတယ်။

မလွယ်ကူလှတဲ့ လုပ်ဆောင်မှုကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ပါဝင်ဆောင်ရွက်သူများကို လှိုက်လှဲဝမ်းသာ ချီးကျူးဂုဏ်ပြုမိပါတယ်။ အစိတ်အပိုင်း များစွာကို အောင်မြင်အောင် တွဲဆက်နိုင်ခဲ့တဲ့  မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့ အောင်မြင်မှုနဲ့အတူ  ကျွန်မရဲ့ အဓိဋ္ဌာန်ပြု ဆုတောင်းမှုတွေပြည့်ဝပြီး မြန်မာနိုင်ငံသားတွေ အထူးထူးသော  ချစ်ကြည်စည်းလုံးညီညွတ်မှုတွေ ရတော့မယ်လို့ ယုံကြည်မိပါတယ်။ ပီတိမျက်ရည်ဝဲခဲ့ပါတယ်။

ဘုရားဖူးခွင့်ရမှ ကိုယ့်ချွေးနှဲစာလေးကို ကိုယ်တိုင်လှူတော့မယ်လို့ တွေးထားခဲ့ပါတယ်။ ဘုရားအနေကဇာတင် အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်တာကို ပူဇော်ရတဲ့အချိန်မှာတော့   ဒီလောက်ကြီးမားတဲ့ ဘုရားကြီးကို   သပ္ပာယ်စွာဖူးတွေ့ရတဲ့အတွက် ပိုပြီးလှူဒါန်းချင်စိတ်တွေ ဖြစ်ပေါ်လာခဲ့ရပါတယ်။ ကျွန်မလိုအလှူရှင်တွေ တိုးမပေါက်အောင် လှူဒါန်းနေတာကိုလည်း တွေ့ကြုံခဲ့ရပါတယ်။

ရောက်ခဲ့ပါပြီ။    မနက်အစောကြီး ဘုရားရှင်ကို  ဖူးမြော်ချင်တဲ့အတွက် မိုးမလင်းမီအိမ်က ထွက်ခဲ့ပါတယ်။ ဘုရားကိုသွားတဲ့ လမ်းတွေက  ဖြောင့်တန်းချောမွေ့ပြီး   ဘုရားတည်တဲ့ အချိန်မှာ လမ်းတွေပါ အဆင့်မြှင့်တင်ခဲ့တဲ့ စေတနာတွေကို   သာဓုခေါ်မိပါတယ်။  နေမထွက်သေးပေမယ့်  မိုးလင်းပါပြီ။ ဖြူဖွေးနေတဲ့ တိမ်တွေကြားမှာ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို   ဖူးတွေ့ရတဲ့အခါ  ဖူးချင်ဇောနဲ့မျှော်လင့်ခဲ့တဲ့   ဘုရားကို အခုတော့ရောက်ရပြီလို့ ပီတိဖြစ်ရပါတယ်။

ဘယ်ကိုကြည့်ကြည့် အဖြူရောင်တွေပဲ မြင်ရပါတယ်။ ရုပ်ပွားတော်မြတ်ကြီးက အဖြူ၊  ကျောက်စာရုံစေတီတွေကလည်း အဖြူ၊ တိမ်တွေကလည်းအဖြူ၊ ရေပန်းဝိုင်းတွေကလည်းအဖြူ၊  လှေကားတွေလည်း အဖြူ၊ အခင်းတွေကလည်းအဖြူ၊ ကျောက်ထိုင်ခုံတွေလည်းအဖြူ။ဖြူစင်သန့်ရှင်းမှုတွေနဲ့အတူ နှလုံးစိတ်ဝမ်းတွေငြိမ်းချမ်းခဲ့ရပါတယ်။  အဖြူရောင်ကို တောက်ပမှု၊ ဘေးကင်းလုံခြုံမှု၊ သန့်ရှင်းမှုနဲ့ တွဲပြီးဖော်ပြလေ့ရှိပါတယ်။ ကောင်းမြတ်ခြင်း၊ အပြစ်မဲ့ခြင်း၊ စင်ကြယ်ခြင်းတို့နဲ့လည်း တွဲသုံးလေ့ရှိပါတယ်။ အဖြူရောင်ကို မြင်တွေ့ရတဲ့အတွက် စိတ်သက်သာရာ ရစေမှု၊  ဝေဒနာ ခံစားနေရသူများအား  ဝေဒနာသက်သာစေမှုကို အထောက်အကူပြုပါတယ်။ အထူးသဖြင့် အဖြူရောင်ဟာ ခေါင်းကိုက်ဝေဒနာကို   သက်သာပျောက်ကင်းစေမှု အတွက်    များစွာ အထောက်အကူပြုတယ်လို့ ပြောကြပါတယ်။ ဖြူစင်သန့်ရှင်းတဲ့ ဘုရားပရဝဏ်က နတ်ဘုံနတ်နန်းကို  ရောက်သွားသလိုခံစားရပါတယ်။

အာရုံခံတန်ဆောင်းတွေကိုလည်း စကျင်ကျောက်တွေနဲ့   တည်ဆောက်ထားပါတယ်။  ပဋ္ဌာန်း  ၂၄  ပစ္စည်း အရေအတွက်အတိုင်း ၂၄ ခု တွေ့ရပါတယ်။ စကျင်ကျောက်နဲ့ထွင်းထုထားတဲ့ မြန်မာမှုလက်ရာ ပန်းခက်တွေနဲ့   နံရံကပ်ရုပ်ကြွတွေကို  လက်ရာမြောက်စွာတွေ့ရပြီး ယဉ်ကျေးမှုတက္ကသိုလ်က ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများရဲ့ ပန်းချီလက်ရာတွေကို တစ်ဝကြီးကြည့်ရှုရပါတယ်။ ဖြူစင်သန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကို    ကိုယ့်ကြောင့်မညစ်နွမ်းအောင် သတိထားခဲ့ပါတယ်။ လှပလွန်းတဲ့ မြန်မာမှုပန်းခက်တွေကို အနားကပ်ကြည့်ရှုခဲ့ပေမယ့် ကိုင်မကြည့်ရက်ခဲ့ပါဘူး။

မန္တလေးတောင်ခြေ မြောက်ပြင်ကျုံးဘေးမှာ  သုဓမ္မာဇရပ်တွေကို   တွေ့တိုင်း မင်းတုန်းမင်းကြီး ကောင်းစားစဉ်က မြန်မာမှု လက်ရာတွေနဲ့ တင့်တယ်နေမှာပဲလို့ စိတ်ကူးပုံဖော်ခဲ့ရပါတယ်။ စိတ်ကူးပုံဖော်ခဲ့ဖူးတဲ့ သုဓမ္မာဇရပ်တွေကို  အခုတော့တွေ့မြင်ရပါပြီ။ နည်းပညာတိုးတက်တဲ့ ခေတ်ကြီးမှာ မြန်မာမှုကို နည်းပညာသစ်တွေနဲ့ ဖော်ထုတ်ခဲ့တဲ့ တာဝန်ရှိသူများကို အထူးပဲ ကျေးဇူးတင်ရှိရပါတယ်။  အလွန်ပီတိဖြစ်ရပါတယ်။ ဘုရားကို ကြည်ညိုစွာ ရှိခိုးကန်တော့ခဲ့သလို မြန်မာမှုလက်ရာ အပြောက်အမွမ်းတွေကို  နှလုံးသားနဲ့ ကြည့်ရှုခဲ့ပါတယ်။

မန္တလေးမြို့ရောက်တိုင်း ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးအဖြစ်  ယူနက်စကိုမှတ်တမ်း ဝင်ခဲ့တဲ့ ကုသိုလ်တော်ဘုရား ကျောက်စာတွေကို လေ့လာဖြစ်ပါတယ်။  ပါဠိဘာသာကို မတတ်ပေမယ့်  ပဥ္စမသင်္ဂါယနာတင်  မင်းတုန်းမင်းကြီးရဲ့  ဘာသာသာသနာကို ကြည်ညိုလေးမြတ်တဲ့ စိတ်ထားနဲ့ အချိန်တွေအများကြီးယူပြီး   ရေးထိုးခဲ့တဲ့ ကျောက်စာတွေက ကျွန်မစိတ်ကို အလွန်ဆွဲဆောင်ပါတယ်။ တချို့နေရာတွေမှာ ရာသီဥတုဒဏ်ကြောင့်၊   လူတွေကြောင့် စာလုံးတွေ မှေးမှိန်နေတာတွေ့ရင် နှမြောမိပါတယ်။   ဒီလိုစာတွေပြန်ထုလုပ်ဖို့ မလွယ်ကူဘူးဆိုတာလည်း   တွေးမိပါတယ်။

မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးရဲ့ သမိုင်းမော်ကွန်း ကျောက်စာရုံစေတီ အပါအဝင် ပိဋကတ်ကျောက်စာရုံစေတီ ၇၂၁ ဆူတို့တွင် သပ်ရပ်လှပဝိုင်းစက်တဲ့ စာလုံးတွေနဲ့ ၁၄၄၄ သော ကျောက်စာချပ်တွေကို တွေ့မြင်ရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ရပါတယ်။ အရည်အသွေးမြင့် စကျင်ကျောက်တွေပေါ်မှာ ထွင်းထုထားတဲ့အတွက် သဲကျောက်ပေါ်မှာ  ထွင်းတာထက်ပိုပြီး  ကြာရှည်ခံမယ်လို့တွေးပြီး ဘာသာသာသနာအတွက် ပီတိများစွာ  ဖြစ်ရပါတယ်။   ဒီစာလုံးတစ်လုံးစီဟာ ဗုဒ္ဓဘာသာတွေရဲ့နှလုံးသားတွေပဲ မဟုတ်ပါလား။  ညီညာလှပတဲ့ ကျောက်စာရုံစေတီတွေ တညီတညာတည်း တည်ရှိနေမှုက ကြည့်မဝရှုမငြီးအောင်ပါပဲ။ အလှူရှင်တွေရဲ့  အမည်ရေးထိုးထားတာတွေ ဖတ်ကြည့်ပြီး သာဓုအကြိမ်ကြိမ် ခေါ်ခဲ့ရပါတယ်။

ကျောက်စာထွင်းထုတဲ့ သတင်းတွေကြေညာတဲ့အထဲမှာ    ပိဋကသုံးပုံအား   ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်ထက်အက္ခရာတင် ရေးထိုးနိုင်ရေးနှင့်  ကျမ်းစာအုပ်များ ပြုစုထုတ်ဝေနိုင်ရေး ဆောင်ရွက်ရာတွင်လည်း စနစ်တကျဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျမ်းစာအုပ်များ ရိုက်နှိပ်ရာတွင်လည်း အရည်အသွေးကောင်းမွန်သည့် စက္ကူများဖြင့် ရိုက်နှိပ်မည်ဖြစ်ကြောင်း၊  အလားတူ အဆိုပါ  ပိဋကသုံးပုံအား Application ဖြင့်ထည့်သွင်း၍  Tablet  များတွင် ဖတ်ရှုနိုင်ရေ းဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းပိဋကတ် ကျမ်းစာများကို ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာ ကိုးကွယ်သည့် ဘာသာရေး ဌာနများသို့  ပေးပို့လှူဒါန်း သွားမည်ဖြစ်ကြောင်း  ဖတ်ရှုရတဲ့အတွက် တစ်ချက်ခုတ်၊ နှစ်ချက်ပြတ် ဖြစ်အောင် စီစဉ်သူများကို  သာဓုခေါ်ခဲ့ပြီးလည်း ဖြစ်ပါတယ်။

မြန်မာလူမျိုးတို့ဟာ  ဘုရားဖူးခရီးသွားရင်း အပန်းဖြေကြပါတယ်။ မြန်မာနိုင်ငံဒေသ အသီးသီးက   ဘုရားတွေဖူးမြော်ကြရင်း   ဒေသန္တရဗဟုသုတ ရှာဖွေကြပါတယ်။    တစ်နှစ်တာလုံး ဘုရားဖူးထွက်ကြဖို့ ရည်ရွယ်ပြီး  ငွေကြေးစုဆောင်း ပြင်ဆင်ကြပါတယ်။ ဘုရားဖူး ခရီးတွေသွားတဲ့အခါ   မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိုလည်း လာရောက်ဖူးမြော်ကြဖို့ အနယ်နယ် အရပ်ရပ်က မိဘပြည်သူတွေကို  ဖိတ်ခေါ်လိုက်ပါတယ်။ ဦးဦးဖျားဖျားဖူးချင်စိတ်နဲ့ မြန်မာနိုင်ငံ အနှံ့အပြားက လာရောက်ကြသူတွေကို တွေ့မြင်ရတဲ့အတွက် ဝမ်းသာပျော်ရွှင်မိပါတယ်။  ဘုရားဖူးတွေကို  ကူညီပြီး ရှင်းပြပေးကြတဲ့ လူငယ်လေးတွေကလည်း အလွန်ရည်မွန်ကြပါတယ်။

ကြီးမားခက်ခဲတဲ့   တည်ဆောက်မှု ဖြစ်ပေမယ့် တပ်မတော်သား အင်ဂျင်နီယာ ပညာရှင်များနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီမှ ပညာရှင်များရဲ့ စွမ်းအားနဲ့ တည်ဆောက်ခဲ့ကြောင်း  သိရပါတယ်။ သပ်ရပ်ခံ့ညားမှု၊ စနစ်ကျနမှု၊  မြန်မာမှု လက်ရာတွေကို  စနစ်တကျ ထည့်သွင်းထားမှုတွေကြောင့် ဘုရားဖူးရရုံမကဘဲ  မြန်မာ့ဗိသုကာ လက်ရာတွေကို တစ်နေရာတည်းမှာ လေ့လာနိုင်မှာ   ဖြစ်ပါတယ်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးက မြန်မာတို့ရဲ့  ဘာသာတရား ကိုင်းရှိုင်းမှုရဲ့ ပြယုဂ်၊  မြန်မာမှု၊  မြန်မာဟန်တွေကို လေးစားတန်ဖိုးထားတဲ့ ပြယုဂ်တစ်ခုအဖြစ် ရေရှည်တည်တံ့အောင် ထိန်းသိမ်းကြဖို့ လိုအပ်ကြောင်းကိုလည်း သတိထားမိပါတယ်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ပြီး    ဗုဒ္ဓသာသနာ  နေလိုလလို ထွန်းတောက် အဓွန့်ရှည်ပါစေ။ တိုင်းပြည် ငြိမ်းချမ်းသာယာစည်ကားပါစေ။   မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအားလုံး အချင်းချင်း ဒေါသအမျက်တွေ ကင်းရှင်းကြပြီး ချစ်သောမျက်စိနဲ့ ကြည့်ရှုနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ရှင်။   ။

သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)