လူငယ်တိုင်း ဗလငါးတန်ပြည့်ဝရေး(ဘောဂဗလ)

လူငယ်တိုင်း ဗလငါးတန်ပြည့်ဝရေး(ဘောဂဗလ)

 

လူငယ်ဆိုတာ လူတစ်ယောက်ရဲ့ဘဝမှာ အကောင်းဆုံးအရွယ်ပါပဲ။ ကလေးဆိုတာ ကိုယ်အား၊ ဉာဏ်အားမပြည့်ဝသေးဘူး။ လူငယ်ဆိုတာကတော့  ထိုက်သင့်တဲ့ ကိုယ်အား၊ ဉာဏ်အားရှိပြီး နုပျိုတဲ့အရွယ် ဖြစ်ပါတယ်။ ဒီအရွယ်မှာ ပညာကိုစတင်သင်ကြားပေးကြရပါတယ်။  သွက်လက် ထက်မြက်တက်ကြွတဲ့အရွယ်၊ ဘဝအတွက်ရည်မှန်းချက်ထားပြီး ကြိုးစားရမယ့်အရွယ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ရည်မှန်းချက်ထားပြီး ထူးထူးချွန်ချွန်ဖြစ်အောင် ကြိုးစားရပါမယ်။ ထူးထူးချွန်ချွန် ကြိုးစားမှလည်း ထူးထူးချွန်ချွန် ပေါက်ပေါက်မြောက်မြောက် ဖြစ်လာမှာပါ။ လူငယ်ဆိုတာ ပျော့ပျောင်းလှတဲ့ ဖော့ဖယောင်းလိုမျိုး၊ လိုရာပုံထုဆစ်နိုင်တဲ့ ရွှံ့မြေလိုမျိုးမို့ လူငယ်တွေ၊ ကျောင်းသား၊ ကျောင်းသူတွေကို နိုင်ငံတော်က အလေးထားပြီး လူငယ်ကဏ္ဍကို ဆောင်ရွက်နေပါတယ်။

စာရေးသူဟာ ဗလငါးတန်နဲ့ပတ်သက်လို့လူငယ်တွေအသိအမြင်၊ အတွေးအခေါ်မှန်ကန်ရေးအတွက် နည်းပေးလမ်းပြ ရေးသားနေရာမှာဒီကနေ့ကတော့ “ဘောဂဗလ” အကြောင်းကို ရေးသားမှာ ဖြစ်ပါတယ်။ ဘောဂဗလဆိုတာ လူငယ်တွေအသက်ရှင်ရေး၊ အသက်ရှည်ရေးတို့အတွက် မုချလိုအပ်တဲ့ အလုပ်၊ လုပ်ငန်းစတာတွေကို စည်းစနစ်တကျအကျိုးရှိစွာ လုပ်ဆောင်သွားစေခြင်းလို့ ဖွင့်ဆိုထားပါ တယ်။  ဘောဂဗလနဲ့ ပတ်သက်လို့ ထင်ရှားတဲ့ပညာရေးကဏ္ဍ ဆောင်ရွက်ချက်ကို ပြောပြချင်ပါတယ်။ အဲဒါကတော့ KG+9 ပြီးဆုံးသည်အထိပညာသင်ယူနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက် ရှိပါတယ်။ KG+9 သင်ယူပြီးမြောက်တာနဲ့ အသက်မွေးဝမ်းကျောင်းပညာတွေ သင်ယူနိုင်တဲ့ အခွင့်အလမ်းကိုလည်း ဖော်ဆောင်ပေးထားပြီးဖြစ်ပါတယ်။

အခြေခံပညာကျောင်းများဟာ လူ့အသိုက်အဝန်းတစ်ရပ်ရဲ့ အဓိကအရင်းအမြစ်ဖြစ်တဲ့ အသိပညာ စွမ်းအား၊ အတတ်ပညာစွမ်းအား၊ အတွေးအခေါ်စွမ်းအား စသည့်ကဏ္ဍကြီး (၃) ရပ်ကို ထုဆစ်ပုံဖော် ပေးနေတဲ့ နေရာဌာနများဖြစ်ပါတယ်။ စည်းလုံးညီညွတ်ခြင်း၊ စည်းကမ်းကောင်းမွန်ခြင်း၊ တာဝန် သိတတ်ခြင်း၊ တိုင်းချစ်၊ ပြည်ချစ်စိတ်၊ နိုင်ငံချစ်စိတ်ပြည့်ဝခြင်းစသည့် အချက်များဟာ မိမိတို့နိုင်ငံ အနာဂတ်နှင့် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် တိုက်ရိုက်သက်ရောက်စေတဲ့ အခြေခံကောင်းတွေ ဖြစ်ပါတယ်။ ဒီအခြေခံကောင်းတွေနဲ့အတူ ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်တစ်ဦးစီက ဗလငါးတန်ပြည့်စုံနေကြမယ်ဆိုရင် အချိုပေါ်သကာလောင်းသလိုပါပဲ။ အနာဂတ်နိုင်ငံတော်အတွက် အားတက်ဖွယ်၊ အားကိုးအားထားပြုနိုင်တဲ့ နိုင်ငံ့သားကောင်းတွေ ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။

ကျောင်းတွေမှာ ဗလငါးတန်နဲ့ပတ်သက်လို့ ဟောပြောဆွေးနွေးနေကြတာလူငယ်တွေအတွက် အခွင့် အလမ်းကောင်းပါပဲ။ နိုင်ငံတော်အနေနဲ့ ဒီကနေ့လူငယ်တွေကို အရည်အချင်းပြည့်ဝတဲ့ နိုင်ငံ့သား ကောင်းတွေဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒါဟာပစ္စုပ္ပန်ကာလ တစ်ခုတည်းကို ကြည့်ပြီး  ဆောင်ရွက်နေတာမဟုတ်ပါဘူး။ လာမယ့်အနာဂတ် မျိုးဆက်သစ်တွေအတွက်၊ လာမယ့် အနာဂတ် နိုင်ငံတော်ကို ရည်ရွယ်မျှော်ကိုးဆောင်ရွက်နေတာဖြစ်ပါတယ်။ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနလို့  သီးခြားခွဲထုတ်သတ်မှတ်ပြီး လူငယ်ရေးရာကော်မတီတွေဖွဲ့စည်းကာ လူငယ်ရေးရာ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်တွေချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် လူငယ်တွေ အနာဂတ်ကို ပိုမိုတောက်ပြောင်စေမှာ ဖြစ်ပါတယ်။ ဒီကနေ့ဆောင်ရွက်ပေးနေတဲ့ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွေ၊ လူငယ်ငြိမ်းချမ်းရေး   စကားဝိုင်းတွေ၊ ကျောင်းသားအားကစားပွဲတွေ၊ နွေရာသီ အားကစားသင်တန်းတွေ၊ အာဆီယံနဲ့ဒေသတွင်း  လူငယ်ဆိုင်ရာ နိုင်ငံတကာ အစည်းအဝေး တွေမှာ တက်ရောက်ဆွေးနွေးနေတာတွေစတဲ့ လှုပ်ရှားမှုတွေဟာ လူငယ်တွေဗလငါးတန်နဲ့ ပြည့်စုံဖို့ လုပ်ဆောင်နေတဲ့အကြောင်းအရာတွေဖြစ်ပါတယ်။

လူငယ်တွေ ဗလငါးတန်နဲ့ အနာဂတ်မှာရှင်သန်ဖို့အတွက် နိုင်ငံတော်နဲ့အတူ ဆရာ၊ ဆရာမတွေက ကြိုးပမ်းနေပါတယ်။ ဗလငါးတန်ဆိုတာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။ ငါးခုထဲကတစ်ခု ချို့ယွင်းနေရင် လည်း အနာဂတ်မှာ နိုင်ငံတော်က အားကိုးရတဲ့သူတစ်ဦးဖြစ်လာမှာ  မဟုတ်ပါဘူး။ ပညာကို တတ်မြောက်အောင်သင်ကြားခြင်းနဲ့အတူ ဗလငါးတန်ကိုလည်း ပြည့်ဝအောင် ဖြည့်ဆည်း ထားမယ်ဆိုရင် လူငယ်တွေရဲ့ အနာဂတ်ဟာ ထိန်ထိန်သာနေတဲ့လမင်းကြီးမြင်တွေ့ရသလို စိတ်ချမ်းမြေ့ ဖွယ်ဖြစ်ပါလိမ့်မယ်။

ဒီကနေ့ခေတ်ကို  ၂၁  ရာစုခေတ်၊ ပညာခေတ်လို့ သတ်မှတ်ကြပါတယ်။ လူတစ်ယောက်   ရှင်သန်နေရတဲ့ ဘဝတစ်လျှောက်လုံးမှာ  ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှစ်မျိုးစလုံး ဘက်ပေါင်းစုံမှ ကြီးထွားရှင်သန် ဖွံ့ဖြိုးတိုးတက်မှုတို့ ပြည့်ဝနေဖို့ကြိုးပမ်းနေကြရပါတယ်။ ဒါ့ကြောင့်လည်း ၂၁ ရာစုပညာရေးမှာ ဗလငါးတန်ဖွံ့ဖြိုးရေး၊ ဘက်စုံဖွံ့ဖြိုးရေးတွေကို ဦးတည်ကြိုးပမ်းနေကြတာဖြစ်ပါတယ်။ လူသားတစ်ဦး၊ နိုင်ငံသားတစ်ဦးချင်း အစွမ်းကုန်ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးပမ်းအားထုတ်မှုမှန်သမျှဟာ မိမိတစ်ဦးချင်းကနေ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်စေမှာ အမှန်ဖြစ်ပါတယ်။

“လက်မှုနှုတ်မှု၊ ခုခုပညာ၊ ရှိတုံပါက၊ ရောက်ရာရောက်ရာ၊ အရပ်မှာလျှင်၊ မျက်နှာရွှင်လန်း၊ လနှယ် ဆန်း၍၊ ပန်းသို့လည်းပွင့်၊ ပွဲလယ်တင့်လိမ့်” လို့ မန်လည်ဆရာတော်ကြီး  မဟာသုတကာရီမဃဒေဝ လင်္ကာသစ်မှာရေးဖွဲ့ထားပါတယ်။  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ် လူမှုရေး ကဏ္ဍတွင် “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက် ရေး” ဟူ၍   ချမှတ်ထားပါသည်။အနာဂတ်    နိုင်ငံတော်ရဲ့တာဝန်ကို  ထမ်းဆောင်ဖို့အတွက် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုတဲ့ ဗလငါးတန်နဲ့ပြည့်စုံတဲ့ လူကောင်း၊ လူတော်တွေကို မွေးထုတ်ပေးဖို့ ဦးတည်ဆောင်ရွက်လျက်ရှိပါတယ်။

ဘောဂဗလဟူသည် အသက်ရှင်နေထိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်း အလုပ်အပါအဝင် လူသားတစ်ဦးအတွက် လိုအပ်သောအလုပ်များကို အကျိုးရှိအောင်လုပ်ကိုင်ဆောင်ရွက်တတ်ခြင်းကို ဆိုလိုသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ ခရိုင် ၅၀ ရှိ အခြေခံပညာ အထက်တန်းကျောင်း၅၁ ကျောင်းတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များကို တွဲဖက် သင်ကြားရန်လမ်းညွှန်ခဲ့ပါသည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစ၍ အခြေခံပညာအလယ်တန်းအဆင့် (Grade-9) အောင်မြင်ပြီးမြောက်သော ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်သည်။ ထို့ပြင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းများ၌ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ မဆုံးရှုံး စေရန် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ လူငယ်များ အနေဖြင့် အသိပညာ၊ အတတ်ပညာများ ပြည့်စုံနေအောင် ကြိုးစားဖို့ လိုအပ်ပေသည်။

နိုင်ငံရဲ့အနာဂတ် တိုးတက်ရေးအတွက် လူငယ်များဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်ပြီး အနာဂတ် နိုင်ငံတော်ကို ဦးဆောင်နိုင်တဲ့ နိုင်ငံ့ခေါင်းဆောင်တွေပေါ်ထွက်လာစေရေး ဆောင်ရွက်ပေးနေ တာလည်းဖြစ်ပါတယ်။ ဒါဟာတိုင်းပြည်ရဲ့ရေရှည်အကျိုးကို မြော်တွေးပြီးလုပ်ဆောင်နေတာဖြစ်လို့    ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်တွေအနေနဲ့ မိမိတို့တစ်ဦးချင်းစီက ဗလငါးတန်နဲ့ ပြည့်ဝအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ မိမိဘဝရဲ့ ပဲ့ကိုင်ရှင်ဟာ မိမိတို့ကိုယ်တိုင်ဖြစ်တာမို့ ပညာကို တတ်မြောက်အောင်သင်ယူပါ။   မိမိတို့ဘဝများကို   ပိုမိုတိုးတက်အောင်ကြိုးစားပြီး ဖွံ့ဖြိုးတဲ့ လူ့အဖွဲ့ အစည်းကို ဖန်တီးတည်ဆောက်သူတွေဖြစ်အောင် ကြိုးစားကြပါ။ မိမိအကျိုး၊ အများအကျိုးကို အကောင်းဆုံး သယ်ပိုးဆောင်ရွက်အောင် မြင်နိုင်သူများဖြစ်အောင် ဗလငါးတန်ဆိုတဲ့ ဝတ်ရုံကို ဆင်မြန်းပြီး စွမ်းဆောင်ကြိုးပမ်းကြပါလို့ တိုက်တွန်းချင်ပါတယ်ခင်ဗျာ။   ။

အာကာမောင်မောင်