နှစ်ဖက်တီးမှမြည်တဲ့လက်ခုပ်နဲ့ ကျယ်လောင်စွာထွက်ပေါ်လာစေမယ့် စစ်ရေးတင်းမာမှု

နှစ်ဖက်တီးမှမြည်တဲ့လက်ခုပ်နဲ့ ကျယ်လောင်စွာထွက်ပေါ်လာစေမယ့် စစ်ရေးတင်းမာမှု

 

တစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း၊ နိုင်ငံတစ်နိုင်ငံကိုသော်လည်းကောင်း ရန်စတဲ့အပြုအမူ ဒါမှမဟုတ် ရန်စခြင်းခံရတယ်လို့ တစ်ဖက်က ထင်မြင်သွားစေမယ့်အပြုအမူကို မလုပ်မိအောင် ရှောင်ရှားလေ၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အကောင်းဆုံးဖြစ်လေ ဖြစ်သည်။

ဒါပေမဲ့ ဖြစ်လာနိုင်မယ့် အကျိုးဆက်ကိုသိသိကြီးနဲ့ ဒီလိုအပြုအမူမျိုးကိုကျူးလွန်တာကတော့ နည်းနည်း တရားလွန်သည်ဟုပင်မှတ်ယူနိုင်သည်။

လက်ခုပ်ဆိုသည် တစ်ဖက်တည်းတီးရုံနှင့်မမည်။ နှစ်ဖက်တီးမှသာ မည်ခြင်းဖြစ်သည်ဆိုသော သဘောတရားအရ လက်မခံနိုင်သည်ဟုဆိုသော နောက်ဆက်တွဲ အကျိုးဆက်ထွက်ပေါ်လာရခြင်းမှာ တစ်ဖက်ကလက်မခံနိုင်သည့် အကြောင်းတရားကြောင့်ပင် ဖြစ်ပေမည်။

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားမှာ စစ်ပြေငြိမ်းရေး စာချုပ်သာချုပ်ဆိုထားပြီး တရားဝင် ငြိမ်းချမ်းရေး မရရှိသေးသည့် အခြေအနေဖြစ်သည်။ထိုသို့သောအခြေအနေမျိုးတွင် တစ်ဖက်နှင့် တစ်ဖက်ရန်မစမိအောင် ထိန်းထိန်းသိမ်းသိမ်းနေရမည်ဖြစ်သည်။ အကယ်၍များ တစ်ဖက်ဖက်က ရန်စမိပါက ဒါမှမဟုတ် ရန်စတဲ့အပြုအမူကို လုပ်ဆောင်မိပါက နောက်ဆက်တွဲ အကျိုးဆက်ကို မည်သူမျှ လက်ခံနိုင်မည်မဟုတ်ပေ။

ဖြစ်ချင်တော့ တောင်ကိုရီးယားက အမေရိကန်၊ ဂျပန်တို့နဲ့ပူးပေါင်းပြီး စစ်ရေးအကူအညီရယူသည့် အနေဖြင့် စစ်ရေးလေ့ကျင့်မှုတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်လာနေသည်။ လုပ်ဆောင်သမျှ စစ်ရေးလေ့ကျင့်မှုတိုင်းကလည်း မြောက်ကိုရီးယားကို ဦးတည်သည်ချည်းသာ။

မြောက်ကိုရီးယားကလည်း တစ်စက်ကလေးမှခေါင်းငုံ့မခံ။ တစ်ဖန်ပြန်လည် တုံ့ပြန်မှုများကို ချက်ချင်း ဆိုသလို လုပ်တတ်သည့်နိုင်ငံဖြစ်သည်။

မကြာသေးမီက အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်တို့က ရေတပ်ဒုံးကျည်ကာကွယ်ရေးစစ်ရေး လေ့ကျင့်ခန်းများကို ကိုရီးယားကျွန်းဆွယ် ကမ်းရိုးတန်းအလွန်မှာ လုပ်ဆောင်သည်။ ဒုံးကျည် ကာကွယ်ရေးဟုဆိုသော်လည်း   တစ်ဖက်ကိုဒုံးကျည်ဖြင့် ပစ်ခတ်နိုင်သည့် အခြေအနေဖြစ်သည်။

တစ်ချိန်တည်းမှာပဲ မြောက်ကိုရီးယားကလည်း သူတို့ရဲ့ ရေတပ်စစ်ရေယာဉ်တချို့ကို နျူကလီးယား လက်နက်များ တပ်ဆင်ပေးသွားမည်ဟု ထုတ်ပြန်လာသည်။

ဒီစကားကို မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်က ရေတပ်စခန်းဌာနချုပ်တစ်ခုကို သွားရောက် စစ်ဆေးစဉ် ပြောခဲ့ခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ထုတ်ပြန် ထားသည်။

“မိမိတို့ရဲ့ရေတပ်က နိုင်ငံရဲ့အချုပ်အခြာအာဏာ၊ ဂုဏ်သိက္ခာနဲ့ ဖွံ့ဖြိုးတိုးတက်မှုအကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရာမှာ အကြီးမားဆုံးသော အခန်းကဏ္ဍကနေ ပါဝင်သင့်ပါတယ်။ နိုင်ငံတော် လုံခြုံရေးကို ကာကွယ်ဖို့ဆိုရာမှာလည်း တစ်ခုတည်းသောအဖြစ်နိုင်ဆုံးအခြေအနေက အပြည့်အဝ ကြိုတင်ပြင်ဆင်ထားတဲ့ ရေတပ်အပေါ်မူတည်ပါတယ်” ဆိုပြီး ကင်ဂျုံအွန်က ပြောသည်။

အခုဆိုရင် အမေရိကန်နဲ့တခြားရန်လိုတဲ့ ဒေသတွင်းနိုင်ငံတချို့ကြောင့် ကိုရီးယားကျွန်းဆွယ် ကမ်းရိုးတန်းအလွန် ရေပြင်ဟာ ကမ္ဘာ့အကြီးဆုံးစစ်ပွဲအတွက် လက်နက်များ   စုပုံရာနေရာအဖြစ်ကို ရောက်ရှိလာပြီဖြစ်ကြောင်း၊ နျူကလီးယားစစ်ပွဲဖြစ်နိုင်ခြေရှိတဲ့ မတည်ငြိမ်ဆုံးသော ရေပြင်အဖြစ်ကို ရောက်လာပြီဖြစ်ကြောင်း ကင်ဂျုံအွန်က ဆက်ပြောသည်။

ကင်ဂျုံအွန်ဆိုလိုသည့်အချက်မှာ ကိုရီးယားကျွန်းဆွယ်ပတ်ပတ်လည်ရှိ ရေပြင်တွင် အမေရိကန်ဘက်က နျူကလီးယားလက်နက်များကို အမြဲတမ်းဖြန့်ကြက်ချထားမှု တိုးမြှင့်လုပ်ဆောင်လာခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ဘက်ကလည်း တရုတ်ရဲ့အင်အားကြီးထွားလာမှု၊ မြောက်ကိုရီးယားရဲ့ မြင့်တက်လာတဲ့ နျူကလီးယားခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့အတွက် စုစည်းပူးပေါင်း သွားမယ့်အနေနဲ့ စစ်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုနက်ရှိုင်းစွာ လုပ်ဆောင်သွားဖို့ သဘောတူထားပြန်သည်။

ဒီအတွက် အမေရိကန်နဲ့ တောင်ကိုရီးယားတို့က မကြာသေးမီက Ulchi Freedom Shield အမည်ရှိ စစ်ရေးလေ့ကျင့်ခန်းများကို လုပ်ဆောင်ထားသေးသည်။ နောက်ထပ်လုပ်ဆောင်မည့် စစ်ရေး လေ့ကျင့်ခန်းများကလည်း တသီတတန်းကြီးစောင့်နေ ပြန်သည်။ သူတို့အကြောင်းပြသည်က   မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုများကို ပူးတွဲတုံ့ပြန်နိုင်ရေးအတွက် ဖြစ်သည်ဟု ဆိုသည်။

သို့သော် မြောက်ကိုရီးယားကမူ ဒီလေ့ကျင့်ခန်းတွေက သူတို့နိုင်ငံကို ကျူးကျော်တိုက်ခိုက်ဖို့အတွက်   လုပ်တဲ့ ကြိုတင်လေ့ကျင့်မှုများသာဖြစ်သည်ဟု တထစ်ချဆိုထားသည်။

ဒီနေရာမှာ စဉ်းစားသင့်သည့်အချက်တစ်ချက်ရှိသည်။ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ရဲ့ ပူးပေါင်းမှုက တရုတ်နိုင်ငံရဲ့ အင်အားကြီးထွားမှုကို တုံ့ပြန်ရန်ဟု ဆိုထားသည်။

မျက်မှောက်ခေတ်ကမ္ဘာပေါ်တွင် ဘယ်နိုင်ငံက ဘယ်နိုင်ငံကို ကိုလိုနီနိုင်ငံအဖြစ် သိမ်းပိုက်ကျွန်ပြုခဲ့ သည်ဟူသော မှတ်တမ်းများက အထင်အရှားကျန်ရှိနေသေးသည်။

ဥပမာ တရုတ်နိုင်ငံဆိုလျှင် ဗြိတိန်၊ ဂျပန်စတဲ့နိုင်ငံများရဲ့ နယ်ချဲ့ကျူးကျော်မှုကို ခံခဲ့ရသည့်နိုင်ငံ ဖြစ်သည်။ ကိုရီးယား နှစ်နိုင်ငံအဖြစ် မပြိုကွဲခင်ကဆိုလျှင်လည်း ကိုရီးယားနိုင်ငံက ဂျပန်နိုင်ငံရဲ့ ကျူးကျော် သိမ်းပိုက်မှုကိုခံခဲ့ရသည်။ တရုတ်တို့၊ ကိုရီးယားတို့က တခြားနိုင်ငံကို ကျူးကျော်သိမ်းပိုက် ခဲ့ဖူးသည်ဆိုတဲ့မှတ်တမ်းမတွေ့။

တကယ်တမ်းတွင် အမေရိကန်သည်သာ မျက်မှောက်ခေတ်၌ နယ်ချဲ့ကျူးကျော် သိမ်းပိုက်မှုများကို   လုပ်ဆောင်ခဲ့သည့် နိုင်ငံဖြစ်သည်။ ဥပမာ အီရတ်နိုင်ငံကို ကြည့်ပါ။ အာဖဂန်နစ္စတန်နိုင်ငံကိုကြည့်ပါ။

ဒါကြောင့်    အခုလုပ်ဆောင်နေတဲ့ အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန် ပူးတွဲစစ်ရေးလေ့ကျင့်မှုများက မြောက်ကိုရီးယားရဲ့ ရန်ကနေကာကွယ်ဖို့လား၊ မြောက်ကိုရီးယားကို ကျူးကျော်ဖို့လားဆိုသည်ကို ချင့်ချိန် စဉ်းစားနိုင်စေမည်ဖြစ်သည်။

အမှန်စင်စစ် အမေရိကန်ကသာ သမုဒ္ဒရာကိုကျော်ပြီး နယ်ချဲ့လိုတဲ့အတွေးနဲ့ ပူးတွဲစစ်ရေး လေ့ကျင့်ခန်း တွေ မလုပ်ခဲ့ဘူးဆိုရင်၊ စစ်လက်နက်ပစ္စည်းတပ်ဆင်မှုတွေ မလုပ်ခဲ့ဘူးဆိုရင် ဒီနေ့လိုတင်းမာမှုများ ရှိလာမည် မဟုတ်ပေ။

အခုလုပ်ဆောင်တဲ့ စစ်ရေးလေ့ကျင့်မှုကို ကြည့်မယ်ဆိုရင်လည်း စစ်ရေးလေ့ကျင့်ခန်းရဲ့ တစ်စိတ် တစ်ပိုင်းအနေနဲ့ သုံးနိုင်ငံမှ အထူးတပ်ဖွဲ့ဝင်များဟာ ရန်သူ့ကမ်းရိုးတန်းကို ပင်လယ်ပြင်ကနေ စိမ့်ဝင် ထိုးဖောက်မှုပါဝင်သည်။

ဒီလို စိမ့်ဝင်ထိုးဖောက်ရာမှာ ရော်ဘာလှေများကိုစီးပြီး လှိုင်းများကြားမှနေ၍ ရေငုပ်ဝတ်စုံများ၊ လက်နက်များနှင့် ထွက်ပေါ်လာသည်ကိုလည်း တွေ့ရသည်။

အဲဒီလေ့ကျင့်မှုက ကာကွယ်မှုလေ့ကျင့်ခန်းထက် ကြိုတင်စီစဉ်သော တိုက်စစ်ကဲ့သို့သော လေ့ကျင့်မှု လို့ဆိုရလျှင် ပိုမှန်မည်။ ဒါကြောင့်လည်း မြောက်ကိုရီးယားက အမေရိကန်တို့ရဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှုများသည် သူတို့နိုင်ငံကို ကျူးကျော်တိုက်ခိုက်ရန် ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်ဟု ပြောရခြင်း ဖြစ်မည်။

ဒါကြောင့် မြောက်ကိုရီးယားဘက်က ဒီရက်ပိုင်းမှာ ဒုံးကျည်ပစ်လွှတ်မှုများကို ခပ်စိတ်စိတ် လုပ်လာ သည်။ ထိုဒုံးကျည် များထဲတွင် နျူကလီးယား ထိပ်ဖူးတပ်ဆင်နိုင်သော ဒုံးကျည်များလည်း ပါဝင်နေသည်။

အလားတူ နျူကလီးယားဖြင့် သဏ္ဌာန်တူတိုက်ခိုက်မှုကိုလည်း ပြီးခဲ့သည့်ရက်ပိုင်းက လုပ်ဆောင် ထားသေးသည်။

မည်သို့ပင်ဆိုစေကာမူ   အမေရိကန်တို့ဘက်က   စတင်လိုက်သော စစ်ရေးလေ့ကျင့်ခန်းက လက်ခုပ် တစ်ဖက်ဟု ပြောရ မည်ဆိုလျှင် အမေရိကန်တို့၏ လုပ်ရပ်ကိုတုံ့ပြန်သော မြောက်ကိုရီးယား၏ ဆောင်ရွက်ချက်က နောက်ထပ်လက်ခုပ် တစ်ဖက်ဖြစ်မည်ဖြစ်ပြီး ထွက်ပေါ်လာသည့် လက်ခုပ်သံက စစ်ရေးတင်းမာမှုများပင် ဖြစ်ပေတော့မည် ဖြစ်သည်။

Ref: TST, RT

ထက်မြတ်