ပညာရေးဝန်ကြီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ လူငယ်သီတင်းပတ် (Youth Week) ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ပညာရေးဝန်ကြီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ လူငယ်သီတင်းပတ် (Youth Week) ဖွင့်ပွဲ အခမ်းအနား ကျင်းပ

နေပြည်တော်  စက်တင်ဘာ  ၄

    ပညာရေးဝန်ကြီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ လူငယ်သီတင်းပတ် (Youth Week) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်း အတွင်းဝန်၊  ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ၊ဆရာမများ၊ Naypyitaw State Academy တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အသစ် ချမှတ်ထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက်(၉)ရပ်၏ လူမှုရေး ဦးတည်ချက် (ဂ)တွင် “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌    လူငယ်များ အနေဖြင့် အဓိက စွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဟူသော”ဦးတည်ချက်ပါဝင်ကြောင်း၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များသည် အဓိကစွမ်းအားစုအဖြစ် အရေးပါသည့်ကဏ္ဍတွင် ပါဝင်လျက်ရှိ ကြောင်းကို တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူလူငယ်များသတိပြုမိစေရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၄ ရက်မှ  ၈  ရက်အထိ  လူငယ်သီတင်းပတ် (Youth Week)အဖြစ် သတ်မှတ်ပြီး ပညာရေးဝန်ကြီး ဌာန၏ တက္ကသိုလ်ကျောင်း ၅၀ နှင့် ပညာရေးဒီဂရီကောလိပ် ၂၅ ကျောင်းတွင် ဗလငါးတန်တစ်ခုချင်းကို ဖော်ကျူးသည့်  လူငယ်လှုပ်ရှားမှုများကို  မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပပေးလျက်ရှိကြောင်း။

ယနေ့လူငယ်များသည် အနာဂတ်မြန်မာနိုင်ငံတော်အတွက် အင်မတန် အားကိုးအားထားပြုရမည့် လူ့စွမ်းအားအရင်းအမြစ် အစစ်အမှန်များပင်ဖြစ်ကြောင်း၊ အဆိုပါလူ့စွမ်းအားအရင်းအမြစ်များ ဗလငါးတန်နှင့်ပြည့်စုံရေးသည် အင်မတန်အရေးကြီးသည့် အချက်တစ်ခုဖြစ်ကြောင်း၊  ဗလငါးတန်ဆိုသည်မှာ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊  ဘောဂဗလတို့ဖြစ်ကြောင်း၊” ဗလငါးတန်ဖွံ့ဖြိုးရေး   လူငယ်သီတင်းပတ် (Youth Week)” အစီအစဉ်တွင် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စပ်လျဉ်းပြီး လှုပ်ရှားမှု အမျိုးမျိုး ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကြောင်း။

ကာယဗလ၏အရေးပါမှုကို မီးမောင်း ထိုးပြသည့်အနေဖြင့် ဝူရှူး၊ ခြင်းလုံး၊ Fitness  Danc၊ လှယဉ်ကျေးမယ်စသည့် အားကစားနှင့် ကာယအလှပြ၊ သရုပ်ပြကွက်များကို ပြသမည်ဖြစ်ကြောင်း၊ ဉာဏဗလအတွက် လူငယ်စကားဝိုင်းများ ကျင်းပခြင်း၊ အသိပညာဗဟုသုတ မျှဝေရေး Project Presen-tation    များ ပြုလုပ်ခြင်း၊  လူငယ်များ၏ Talent and Art Show များ ကျင်းပခြင်း၊ စာရိတ္တဗလအတွက် လူငယ်နှင့် လောကနီတိ ဟောပြောပွဲများ ကျင်းပခြင်း၊ မိတ္တဗလအတွက် လူငယ်တွေ့ဆုံပွဲများ ကျင်းပခြင်း၊ သီချင်းဆိုခြင်း၊ Fun Fair? Farewell၊ ဈေးရောင်းပွဲများ ကျင်းပခြင်း၊ ဘောဂဗလအတွက် အောင်မြင်နေသည့်   စီးပွားရေး လုပ်ငန်းရှင်များက ဟောပြောခြင်း၊  ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲများ၊ စကားပြောပြိုင်ပွဲများ ကျင်းပခြင်း အစရှိသည့် လှုပ်ရှားမှုများကို   ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယနေ့မှစပြီး စတင်အကောင်အထည်ဖော် ဆောင်ရွက်သည့်  ဗလငါးတန် ဖွံ့ဖြိုးရေးလူငယ် သီတင်းပတ်(Youth Week) အစီအစဉ်တွင်  အနာဂတ်မျိုးဆက်သစ် တက္ကသိုလ် ကျောင်းသားလူငယ်များ  တက်ကြွစွာပါဝင် ပူးပေါင်းဆောင်ရွက်ကြခြင်းအားဖြင့်  အနာဂတ် မြန်မာနိုင်ငံတော်တွင် အားကိုးအားထား ပြုနိုင်သည့် အားကိုးအားထား ပြုရမည့် ဗလငါးတန်နှင့်ပြည့်စုံသည့် မျိုးဆက်သစ်လူငယ်များ၊ မျိုးဆက်သစ် လူ့စွမ်းအား အရင်းအမြစ်များ အများအပြား ပေါ်ထွက်လာနိုင်စေရန် ဆန္ဒပြုကြောင်း ပြောကြားသည်။

ထို့နောက် Naypyitaw State Aca-demy ကျောင်းသား၊ ကျောင်းသူများက ''Naypyitaw  State  Academy'' Group Song သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

ယင်းနောက် Naypyitaw State Academy ကျောင်းသူလေးများက “ယဉ်တစ်ကိုယ်မယ” သီချင်းဖြင့် အဖွဲ့လိုက်နှင့် တစ်ဦးချင်းအလိုက်   သရုပ်ပြဖျော်ဖြေကြသည်။

ထို့နောက် ကျောင်းသူတစ်ဦးက တစ်ပင်တိုင် အကအလှဖြင့် ကပြဖျော်ဖြေသည်။

အခမ်းအနားအပြီးတွင်  ပြည်ထောင်စုဝန်ကြီးက ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်၍ ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း    သတင်းရရှိသည်။