ရေသောက်ခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများ

ရေသောက်ခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများ

ရေကုထုံးသည် မူလက ဂျပန်နိုင်ငံ၌  ခေတ်စားရာမှ    ယခုအခါ     အနောက်နိုင်ငံကြီးများတွင်ပါ ထိရောက်အောင်မြင်သော ကုထုံးအဖြစ် ခေတ်စားလာပြီဖြစ်သည်။ ဆေးရုံကြီးများမှ အထူးကုသမားတော် ကြီးများပင်  ဆေးမတိုးသော၊  ဆေးယဉ်နေသော လူနာတချို့ကို ရေကုထုံးဖြင့် ပြောင်းလဲကုသပေးနေ သည်ကို အင်တာနက်သတင်းတစ်ခုတွင် မကြာမီက တွေ့ခဲ့ရသည်။

အစာအိမ်ရောဂါဖြစ်၍ နှစ်ကြိမ်ခွဲစိတ်ကုသမှုခံယူ ထားရသူတစ်ဦး အိပ်ရာထထချင်း ရေသောက်ခြင်း အကျိုးကြောင့် နှစ်ရှည်ခံစားနေရသောဝေဒနာများ ပျောက်ကင်းကျန်းမာသည့်အကြောင်းကို ရေးသား တင်ပြလိုပါသည်။

စာရေးသူ၏လူနာများတွင် လက်လုပ်လက်စားတစ် ဦးရှိသည်။ ထိုသူသည် ပျံကျအလုပ်အမျိုးမျိုးလုပ်ကိုင် ၍ အသက်မွေးဝမ်းကျောင်းပြုနေသူဖြစ်သည်။ တစ်ရက်တွင် ပန်းရန်ဝင်လုပ်ရင်း အမြင့်မှလိမ့်ကျ၍ ခါးနာ သွားသဖြင့်  အလုပ်ရှင်က  စာရေးသူ၏ဆေးခန်းသို့ ပို့ပေးခဲ့သည်။

စာရေးသူလည်း ထိုသူ၏ခါးမှ လိမ့်ကျဒဏ်ရာနှင့် ခါးဆစ်ခါးကြောများကို  အကြောပြင်ဆေးလိမ်းပေး ပြီးနောက်   ပက်လက်လှန်အိပ်ကြည့်စေသောအခါ ကောင်းစွာအိပ်နိုင်သဖြင့် ခါးဆစ်ရိုးမကျိုး၍ ဒဏ်ရာ စိုးရိမ်စရာမရှိကြောင်းနှင့် နှစ်ရက်၊ သုံးရက်ခန့် အနားယူဆေးလိမ်းလျှင် သက်သာနိုင်ကြောင်း ပြောပြခဲ့သည်။

ထိုသူပက်လက်လှန်အိပ်လိုက်သောအခါ ဝမ်းဗိုက်တွင် အထက်အောက်ဗိုက်ခွဲထားသည့်ချုပ်ရိုးကြီးနှစ် ကြောင်းကို ကင်းခြေများကြီးသဖွယ်တွေ့ရသည်။

စာရေးသူက ယင်းဒဏ်ရာနှင့်ပတ်သက်၍မေးသောအခါ ထိုသူက ၎င်း၏အစာအိမ်တွင် အနာရှိသဖြင့် ဆေးရုံတက်၍ နှစ်ကြိမ်ခွဲစိတ်ကုသမှုခံယူခဲ့ရကြောင်း ပြောပြသည်။

ပထမတစ်ကြိမ်မှာ လေအောင့်သည်ထင်၍ ကြုံရာ လေဆေးတစ်ထုပ်ဝယ်သောက်ပြီးနေရာမှ   ချွေးသီး ချွေးပေါက်များကျ၍ သတိလစ်သွားသဖြင့် အိမ်နီးချင်း များက ဆေးရုံသို့ပို့ပေးသောကြောင့် အချိန်မီခွဲစိတ်မှု ခံယူခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းမှာ လွန်ခဲ့သောဆယ်နှစ်ခန့်ကဖြစ်ကြောင်း ဆိုသည်။

 

ဒုတိယအကြိမ်ခွဲစိတ်ရခြင်းမှာ   လွန်ခဲ့သောလေး နှစ်ခန့်ကဖြစ်သည်။ အလုပ်ထဲမှ မိုးမိပြီးအပြန်တွင်  ချမ်းတုန်ဖျားလာသဖြင့် ဆေးဆိုင်တစ်ခုသို့ဝင်၍ စပ် ဆေးတစ်ထုပ်ဝယ်ခဲ့သည်။ အိမ်သို့ရောက်သောအခါ စားစရာမရှိသဖြင့် ကော်ဖီတစ်ထုပ်ဖျော်သောက်ပြီး စပ်ဆေးအတောင့်၊  အပြားများကို  တစ်ကြိမ်တည်း ပေါင်း၍ သောက်ချလိုက်သည်။ နောက်နာရီဝက်ခန့်ကြာသော်  ဗိုက်ထဲမှ  မခံမရပ်နိုင်အောင်နာလာ၍ ရေနွေးပုလင်းကပ်ပြီးနေလိုက်သည်။ နံနက် ၂ နာရီခန့်တွင် အန်ရာ သွေးပါလာသဖြင့် ဆေးရုံသို့ အရေးပေါ်တက်လိုက်ရပြီး နံနက် ၈ နာရီခန့်တွင် ခွဲစိတ်မှုခံယူခဲ့ရသည်ဟုဆိုသည်။   ယင်းမှာ   စပ်ဆေးများ၏ အကျိုးပင်ဖြစ်သည်။

၎င်းင်းသည် ဆေးရုံမှ ဒုတိယအကြိမ်ဆင်းပြီးနောက် သုံးလခန့်အထိ အစာမစားနိုင်။ ဆန်ပြုတ်၊ ကွေကာ အုပ်၊ ဖျော်ရည်များနှင့်သာ အသက်ဆက်နေရသည် ဟုဆိုသည်။ ဆေးရုံမှ ၎င်းင်းအား အပူအစပ်နှင့်အစာ များများမစားရန်၊   နည်းနည်းနှင့်အကြိမ်များများ ခွဲစားရန် မှာကြားသည်။ ယင်းမှာ  ၎င်းင်း၏အစာအိမ် သည်  နှစ်ကြိမ်ခွဲစိတ်ကုသခံထားရသဖြင့်  ကျဉ်းသွားခြင်းကြောင့်ဖြစ်သည်။

ထို့နောက် ၎င်းင်းသည် ထမင်းမစားရသဖြင့် လူကပိန်သည်ထက် ပိုပိန်လာသည်။ ကြုံရာကျပန်းအလုပ် လည်း မလုပ်နိုင်သဖြင့် ဝင်ငွေမရှိသောကြောင့် စားဝတ်နေရေးအခက်အခဲလည်းရှိလာသဖြင့် ဘုန်းကြီးကျောင်း တစ်ကျောင်းသို့သွား၍ ကပ္ပိယလုပ်၍နေသည်။ ဆရာ တော်ကျွေးသောဆွမ်းကျန်ကိုသာစားသည်။     ထိုကျောင်းမှ ဆရာတော်တစ်ပါးက အစာစားနိုင်အောင် ၎င်း၏အစာအိမ်ကို ကုပေးလိုက်သည်ဟုဆိုသည်။

ဆရာတော်ပေးလိုက်သောကုထုံးမှာ အထူးအဆန်း ဖြစ်သည်။    နံနက်စောစော    အုန်းမောင်းခေါက်ချိန် အိပ်ရာထသည်နှင့်  မျက်နှာမသစ်၊   သွားမတိုက်မီ ရေအဝသောက်ခိုင်းသည်။ အစကတော့ အိပ်ရာထစ နှင့် မျက်နှာမသစ်၊ သွားမတိုက်ရသေးဘဲ ရေမသောက်ချင်သော်လည်း ဆရာတော်က နံနက်စောစော ခံတွင်း မှ အရည်တွင် အစာကြေစေနိုင်သော အရည်ပါသည်ဟုဆိုသည်။

၎င်းသောက်ရသောရေမှာလည်း တစ်ခွက်မဟုတ်။ တစ်ဖလားအပြည့်။ မျက်နှာသစ်သည့်ရေဖလားနှင့် အပြည့်နီးပါး ရေကိုရေစစ်ဖြင့်စစ်ပေးပြီး ကုန်အောင် သောက်ခိုင်းသည်။ ရေတစ်ဖလားသောက်ရသည်မှာ လွယ်ကူသည့်ကိစ္စမဟုတ်ပေ။

ဒီရေတွေကို အကုန်ဝင်အောင်သောက်၊ ဒါမှ နင့်အစာအိမ်က ပြန်ကျယ်လာမယ်၊ အစာအိမ်ကျယ်မှ အစာဝင်လာမှာဟု   ဆရာတော်ကပြောသဖြင့် မသောက်ချင်သော်လည်း   ကုန်အောင်ကြိတ်မှိတ် သောက်ခဲ့ရသည်။

ဤသို့ နေ့စဉ် နံနက်အိပ်ရာထသည့်အချိန် တန်းပြီး ရေတစ်ဖလားသောက်ရသည့်ဒုက္ခမှာ မသေးဟု နဂိုက ထင်သော်လည်း တစ်ပတ်၊ ၁၀ ရက်ခန့်ကြာလာသော အခါ  ခံနိုင်ရည်ရှိလာသည်။ အကျင့်ဖြစ်၍  နံနက် အိပ်ရာထသည်နှင့်  ရေကန်သို့တန်းပြေး၊  ရေစစ်ဖြင့် တစ်ဖလားစစ်ယူပြီး    အားပါးတရသောက်လိုက်မှ နေသာသလိုဖြစ်လာသည်။

များမကြာမီမှာပင် ကျောင်းမှစွန့်သော ဟင်းမျိုးစုံပါသည့် ဟင်းပေါင်းနှင့် ဆွမ်းကျန်တို့ကို စားနိုင်လာသည်။ စားနိုင်သည်မှာ ရှေးယခင် ၁၀ နှစ်ကထက်ပင် ပိုစားနိုင်လာသည်။ ယခင်က အစာအိမ်ကျဉ်းသဖြင့် အစာမဝင်သောသူသည်  ထမင်းတစ်ဇလုံအပြည့်ကို စားဝင်လာသည်။ ၎င်းအား နှစ်ကြိမ်နှစ်ခါဒုက္ခပေးခဲ့ သော  အစာအိမ်သည်  ရေသောက်ခြင်း အကျိုးဖြင့် ပြန်ကောင်းခဲ့သည်ဟုဆိုသည်။

ထိုသူ၏ပြောပြချက်များကို ပြန်စဉ်းစားကြည့်သောအခါ အစာအိမ်နာအခံရှိသူ အကိုက်အခဲပျောက်ဆေး၊ စပ်ဆေးများကို   ကြုံရာကျပန်းဝယ်သောက်သဖြင့် အစာအိမ်သွေးကြောပေါက်ရခြင်း၊    အစာအိမ်ကို နှစ်ကြိမ်ခွဲစိတ်ကုသခဲ့ရဖူး၍ အစာအိမ်ကျဉ်းသွားခြင်း တို့ကြောင့်   အစာမစားနိုင်သောအခြေအနေအထိ ရောက်ခဲ့ရသည်။

ခွဲစိတ်ကုသမှုကြောင့် အစာအိမ်ကျဉ်းသွားသော သူ၊ အစာအိမ်ဖြတ်ထုတ်ရသောသူများကို ဆရာဝန်က  အစာများများမစားရန်၊  နည်းနည်းနှင့် အကြိမ် ရေခွဲပြီးစားရန်နှင့်  ကြေလွယ်သောအစာကိုစားရန်၊ ကောက်ညှင်း၊ ဆန်ကြမ်း၊  မာသောအစာ၊ အကြော် အလှော်၊ အပူအစပ်များကိုရှောင်ရန် မှာကြားလေ့ရှိ သည်။ ယင်းမှာကြားချက်များမှာ လက်လုပ်လက်စား များအဖို့ လိုက်နာရန်မလွယ်သောကိစ္စဖြစ်သည်။

ရှေးမြန်မာနည်း၊ ဗိန္ဒောနည်းများတွင် တစ်ခါတစ်ရံ ဆေးမပေးဘဲ ရေနှင့်ကုသော ကုထုံးများရှိသည်။ ရေ ကိုပင် ဆေးတစ်ပါးအဖြစ် အသုံးပြုသည်။ ရေအမျိုး မျိုး၏အာနိသင်ကိုခွဲခြားပြီး   ဆေးအဖြစ်သုံးသည်။ ဥပမာ-မိုးရေကိုခံထားပြီး ကျိုချက်သောက်ခြင်း၊ မိုးသီး၊ နှင်းရည်တို့ကိုခံယူထားပြီး မျက်စဉ်းခတ်ခြင်း၊ တိမ် သလာတို့ကိုကုသခြင်းများ ပြုလုပ်လေ့ရှိသည်။

ယခု ဆရာတော်က ထိုသူကို ရေတစ်ဖလားသောက် ခိုင်းခြင်းမှာလည်း ဆေးကျမ်းတွင်ပါသည်မဟုတ်။ ရှေး အစဉ်အဆက် လက်ဆင့်ကမ်းခဲ့သော ရှေးဗိန္ဒောနည်း ဖြစ်ပေလိမ့်မည်။

ထိုသူပြောပြသောနည်းကို သိရသောအခါ စာရေး သူတို့ငယ်စဉ်က ခေတ်စားခဲ့သော သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါ ပျောက်သည်ဟူသော ရေသောက် နည်းကို သတိရမိသည်။

ထိုနည်းမှာ ရေတစ်အိုး (တစ်လီတာဘူးနှင့်လေးပုလင်း)  သောက်သောနည်းဖြစ်သည်။  နည်းလမ်း အတိအကျကိုတော့ မမှတ်မိတော့ပေ။ စာရေးသူ ငါး တန်းကျောင်းသားအရွယ် ၁၉၆၃ ခုနှစ်ခန့်ကဖြစ်သည်။ ထိုရေသောက်နည်းဖြင့် ကျောက်ကပ်နှင့် သွေးတိုး ရောဂါရှိသူအတော်များများ  ပျောက်ကင်းခဲ့သည်။ ထိုနောက်မှ  ထိုနည်းသည်  အဘယ်ကဲ့သို့မှေးမှိန်သွား သည်ကို မသိတော့ပေ။

အာယုဗေဒဆေးပညာ၊ တိုင်းရင်းမြန်မာဆေးပညာ၊ တရုတ်ဆေးပညာအခြေခံတို့တွင်    ရေနှင့်မြေသည် လောကနှင့်လူသားတို့အတွက် အဓိကကျသောဓာတ် များဖြစ်သည်၊ ဆေးကုသရာတွင် ပိုလျှင်လျှော့၊ လိုလျှင် ဖြည့်ရမည့်ဓာတ်များဖြစ်သည်ဟုပါရှိသည်။

ရေသောက်ခြင်း၊ ရေကုထုံးများကြောင့် ဆရာဝန် ကြီးများပင် ကောင်းမည်မထင်သည့် ရောဂါဝေဒနာ များ ပျောက်ကင်းခဲ့ဖူးသည့် သာဓကများစွာရှိသည်။ ရောဂါရှိသူ၊ မရှိသူ၊ လူ၏အနေအထား၊ ခန္ဓာကိုယ် အချိုးအစားပေါ်မူတည်၍ သောက်သင့်သည့်ရေအချိုး အစား မှန်ကန်စွာသောက်သုံးနိုင်ပါက ရောဂါကင်းရှင်း ကျန်းမာစေနိုင်မည်ဖြစ်သည်။

နှစ်ရှည်ကြာ အစာအိမ်ရောဂါ၊ လေရောဂါအမျိုးမျိုး၊ ကျောက်ကပ်ရောဂါ၊ ဆီးရောဂါ၊ သွေးတိုးရောဂါ၊ ဝမ်းချုပ်ရောဂါ၊  လိပ်ခေါင်းရောဂါ၊  အာသီးရောင် ရောဂါ၊  အကြောတက်ရောဂါ၊   မျက်စိအားနည်း ရောဂါရှိသူများဖြစ်ပါက ဤနည်းကို စမ်းသပ်ကြည့် စေလိုပါသည်။

နံနက်အရုဏ်တက်ချိန် (နံနက် ၄ နာရီမှ ၅ နာရီ ခွဲအတွင်း)  ဖြစ်လျှင်  ရေသောက်ခြင်းသည်  ပို၍ ထိရောက်သည်။ အိပ်ရာထလျှင် သောက်ရန်ရေအေး ကို ညကတည်းက ရေတကောင်း သို့မဟုတ် ဖန်ချိုင့် တစ်ခုခုဖြင့် ကြိုတင်ပြင်ဆင်ထားလျှင် အကောင်းဆုံး ဖြစ်သည်။

ရေသောက်နည်းမှာ အိပ်ရာထပြီးသည်နှင့် ရေ တစ်ဖလား (သောက်ရေသန့်ဘူးဖြင့်တွက်လျှင် တစ် ဘူးခွဲခန့်)   ကို   ကုန်နိုင်သမျှသောက်သင့်သည်။

စသောက်သောက်ချင်း မကုန်နိုင်လျှင် တဖြည်းဖြည်း ချင်း သောက်နိုင်သည်။ ထိုသို့ ရေသောက်ခြင်းကြောင့် ဝမ်းမှန်ခြင်း၊ မျက်နှာကြည်လင်ခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းများသန့်ရှင်း၍  ကျန်းမာခြင်းအကျိုး ကျေးဇူးများ မကြာမီရရှိလာပါလိမ့်မည်။ ဆေးမစားရ ဘဲ ရေသောက်ခြင်းတစ်မျိုးတည်းဖြင့် နှစ်ရှည်ခံစား နေရသော  ဝေဒနာများပါပျောက်ကင်းပြီး  ကျန်းမာ အသက်ရှည်စေနိုင်ကြောင်း နည်းလမ်းကောင်းအဖြစ် ရေးသားလိုက်ရပါသည်။     ။

ကြည်လွင်မြင့်(မုဒြာ)