ဓမ္မနှင့်နီးစေ သူတို့တစ်တွေ
နိုင်ငံတော်တစ်ခုကို တည်ဆောက်ဖို့၊ နိုင်ငံတော်တစ်ခုကို ကာကွယ်စောင့်ရှောက်ဖို့အတွက် လူသားအရင်းအမြစ်ကောင်းများ စဉ်ဆက်မပြတ် ပေါ်ပေါက်ရေးဟာ အဓိကကျတဲ့ အချက်တစ်ခုလည်းဖြစ်ပါတယ်။ လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွန်းရေးဟူသည်မှာလည်း ယနေ့လူငယ် နောင်ဝယ်လူကြီးဟူသည့်အတိုင်း မျိုးဆက်သစ် လူငယ်ကောင်းများကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရမှာပဲ ဖြစ်ပါတယ်။ ထိုသို့လူငယ်မျိုးဆက်သစ် ကဏ္ဍမြှင့်တင်ရေး လုပ်ငန်းစဉ်များမှာ အသိပညာ၊ အတတ်ပညာများ မြင့်မားရေးကလည်း အရေးကြီးပါတယ်။ ထို့အတူ အသိပညာ၊ အတတ်ပညာများကို တက်လှမ်းရာမှာ စာရိတ္တဗလခိုင်မာဖို့ကလည်း အခြေခံအချက်ဟု စာရေးသူ ထင်မြင်ယူဆမိပါတယ်။ ဒါ့ကြောင့် လူငယ်ကဏ္ဍမြှင့်တင်ရေးမှာ အခြေခံအချက်ဖြစ်တဲ့ စာရိတ္တမဏ္ဍိုင် ခိုင်မာရေးကို စာရေးသူက “ဓမ္မနှင့်နီးစေ သူတို့တစ်တွေ” ဆိုတဲ့ ဆောင်းပါးလေးနဲ့ ဝိုင်းဝန်း အကြံပြုလိုက်ပါရစေ။
စာရေးသူတို့နိုင်ငံတော်မှာ လွတ်လပ်ရေး ကြိုးပမ်းမှုကာလကစပြီး ယနေ့ထိ နိုင်ငံတော် တည်ဆောက်ရေး အတွက် မူဝါဒများ၊ ဦးတည်ချက်များ ချမှတ်ခဲ့ကြတာကို လေ့လာတွေ့မြင်နိုင်ကြမှာပဲ ဖြစ်ပါတယ်။ သည်လိုချမှတ်ခဲ့ရာမှာလည်း လွတ်လပ်ရေးကြိုးပမ်းမှု ကာလကနေ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရကာလအထိ နိုင်ငံတော်ရဲ့ ပကတိလိုအပ်ချက်များအပေါ် အခြေခံပြီး နိုင်ငံရေးမူဝါဒများကိုသာ ချမှတ်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်က စတင်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုတဲ့ ကဏ္ဍသုံးရပ်ကို ခွဲခြမ်းစိတ်ဖြာကာ အသေးစိတ်တဲ့ ဦးတည်ချက်တွေကို ချမှတ်ခဲ့ပါတယ်။ ဒီနေရာမှာ လူမှုရေးကဏ္ဍအတွက် တစ်မျိုးသားလုံး စိတ်ဓာတ်နှင့် အကျင့်စာရိတ္တ မြင့်မားရေးဆိုတဲ့ အချက်တစ်ချက်ဟာ ပါဝင်ခဲ့ပါတယ်။
ထိုမှ နိုင်ငံရေး အချိုးအကွေ့တစ်ခုကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ တက်လာခဲ့သည့် ၂၀၂၁ ခုနှစ်မှာတော့ လူမှုရေးကဏ္ဍမှာ တိုင်းရင်းသား လူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက် လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုတဲ့ အချက်တစ်ချက်လည်း ပါဝင်လာခဲ့ပါတယ်။ တစ်ဖန် ဦးတည်ချက် (၉) ရပ်မှ ဦးတည်ချက် (၁၂) ရပ်ကို ပြောင်းလဲချမှတ်ခဲ့ပြန်ပါတယ်။သည် ဦးတည်ချက်(၁၂)ရပ်အနက် လူမှုရေး ဦးတည်ချက်မှာ တိုင်းရင်းသား လူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားရေး စိတ်ဓာတ်ကို အခြေခံသည့် ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ အမျိုးသားရေး စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုတဲ့ အချက်တစ်ချက် ပါဝင်လာပြန်ပါတယ်။ လက်ရှိ ၂၀၂၃ ခုနှစ် သြဂုတ်လမှာတော့ ဦးတည်ချက်(၉)ရပ်ကို ပြောင်းလဲ ချမှတ်ခဲ့ပါတယ်။ ထိုဦးတည်ချက်(၉)ရပ်ရဲ့ လူမှုရေး ဦးတည်ချက်(၃)ရပ်မှာ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး ဆိုတဲ့အချက်ဟာ ပါဝင်ခဲ့ပြန်ပါတယ်။ မူဝါဒ၊ ဦးတည်ချက်တွေကို ဂရုတစိုက် လေ့လာကြည့်ရာမှာ တစ်မျိုးသားလုံးရဲ့ အမျိုးသားရေး စိတ်ဓာတ်၊ အမျိုးသားရေး စရိုက်လက္ခဏာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနဲ့ စာရိတ္တမဏ္ဍိုင်မြင့်မားရေးကို တစိုက်မတ်မတ် ဆောင်ရွက်နေဆဲဆိုတဲ့ အချက်တစ်ချက်ကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် စာရေးသူက ဗလငါးတန်နဲ့ပြည့်စုံသော လူငယ်များဖြစ်လာစေရန်ဆိုတဲ့ အချက်ထဲက စာရိတ္တဗလဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး တင်ပြချင်တာပဲဖြစ်ပါတယ်။
ယနေ့ခေတ်လူငယ်အများစုဟာ ဓမ္မနဲ့အတော်လေး အလှမ်းဝေးနေပြီကို အားလုံးသတိပြု လက်ခံရမှာပဲဖြစ်ပါတယ်။ ခေတ်နဲ့အညီ အတန်းပညာတွေ၊ အဆင့်မြင့်ပညာတွေ တတ်မြောက်လာကြတယ်ဆိုပေမယ့် လောကနီတိတရားတွေ အားပျော့လာကြပါတယ်။ ပြည်တွင်းပြည်ပ ဗဟုသုတတွေ ရှေးလူကြီးများထက် တတ်သိနားလည် လာကြတယ်ဆိုပေမယ့် ဓမ္မဆိုတဲ့ တရားတော်တွေ၊ ဗုဒ္ဓဝင်ဖြစ်စဉ်တော်တွေ သိရှိမှုတွေ အားနည်းလာကြပါတယ်။ အဖွဲ့အစည်း တစ်ခုခိုင်မာခြင်းဟာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းလို့ အကြမ်းဖျင်းဆိုပါက လူတစ်ဦးတစ်ယောက်ရဲ့ ဘဝမှာတန်ဖိုးရှိရှိ နေနိုင်ခြင်းဟာ လိုက်နာရမယ့် ဘာသာတရား အဆုံးအမလို့ပဲ အကြမ်းဖျင်းပြောရပါမယ်။ ဘာသာတရားလို့ ဆိုတဲ့နေရာမှာ ဓမ္မဆိုတဲ့တရားကို အခြေခံအဆင့်က စတင်ပြီး သိရပါမယ်။ အရှိတရားကိုသိတယ်။ အမှန်တရားကိုသိတယ်။ ဒါဟာ ပညာလို့ ဆိုပါတယ်။ ယနေ့လူငယ်အများစုရဲ့ဓမ္မနဲ့ ကင်းဝေးနေမှုကြောင့် အသိတရား၊ အမှန်တရားတွေ ကင်းဝေးသွားပြီး အနောက်နိုင်ငံများ၊ ပြည်တွင်းအဖျက်သမားများ၊ ပြည်ပြေးများရဲ့ ဝါဒဆိုးမှိုင်းတိုက်ရာ နောက်ကို မြန်မာလူငယ်အများအပြား ပါဝင်သွားခဲ့တာဟာ ခေတ်သစ်သမိုင်းရဲ့သက်သေတစ်ခုပါပဲ။ ဒါ့ကြောင့် ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရဟာ လူငယ်ကဏ္ဍမြှင့်တင်ရေးကို ဦးတည်ချက်တစ်ရပ်အဖြစ်ချမှတ်ပြီး မဖြစ်မနေ ဆောင်ရွက်နေတာပဲလို့ မြင်မိပါတယ်။ မြင်စေချင်ပါတယ်။
ဘာသာတရားအစ နိပါတ်တော်က၊ တရားအစ သုတ္တန်ကလို့ ဆိုရမှာပါပဲ။ ယနေ့လူငယ်တွေရဲ့ ဗုဒ္ဓဝင်ဖြစ်စဉ်တွေ၊ နိပါတ်တော်တွေ၊ သုတ္တန်တွေကို သိရှိနားလည်မှု ခေါင်းပါးလာခြင်းဟာ သူတို့ရဲ့ စာရိတ္တမဏ္ဍိုင်မြှင့်တင်ရေးအတွက် အကြီးမားဆုံး ဆူးငြောင့်ခလုတ်ပဲဆိုတာကို စာရေးသူ တိတိပပ ပြောလိုက်ချင်ပါတယ်။
စာရေးသူတို့ငယ်ငယ်က အိမ်မှာ ကက်ဆက်လေး တစ်လုံးနဲ့ အဖြူအမည်း တီဗွီလေးတစ်လုံးရှိပါတယ်။ ထိုခေတ်က အခုခေတ်လို တီဗွီအစီအစဉ်တွေက မများပါဘူး။ အဲ့ဒီတော့ ကက်ဆက်လေးကိုပဲ အားကိုးပြီး မိသားစုတစ်တွေ အပန်းဖြေရတာပေါ့။ ကက်ဆက်ခွေကိုတော့ တစ်ဖက်ရပ်ကွက်က ကက်ဆက်ခွေဆိုင်မှာ သွားငှားရပါတယ်။ အိမ်မှာအများစု ငှားကြတဲ့အခွေကတော့ ဆားပုလင်းနှင်းမောင် ဇာတ်လမ်းက အများစုပါပဲ။ အဲ့ဒီအထဲမှာမှ စာရေးသူက ကြာနီကန်ဆရာတော်ကြီးရဲ့ သုတ္တန်တွေဟောကြားတဲ့ တရားတော် ကက်ဆက်ခွေတွေကို မဖြစ်မနေငှားပါတယ်။ လစာထုတ်ရက်ဆို အဖေက ကြာနီကန်ဆရာတော်ရဲ့ သုတ္တန်တွေဟောတဲ့ ကက်ဆက်ခွေလေးတွေ ဝယ်လာတတ်ပါတယ်။ ဆရာတော်က သုတ္တန်တွေ ဟောကြားတဲ့နေရာမှာ ဇာတ်ထဲကအတိုင်း အသံနဲ့သရုပ်ဆောင်ပြီး ဟောကြားလေ့ရှိပါတယ်။
ရယ်စရာဇာတ်ကို ရယ်ရအောင်၊ ဝမ်းနည်းစရာဇာတ်ကို ဝမ်းနည်းရအောင် ဟောကြားနိုင်စွမ်းရှိတဲ့ ဆရာတော်တစ်ပါးပါပဲ။ ပြောချင်တာက ဘာသာတရားအစ သုတ္တန်ကလို့ စာရေးသူဘဝနဲ့ နှိုင်းယှဉ်ပြီး ချပြနေတာပါ။ ယနေ့လူငယ်လေးတွေ အတွက်တော့ စာရေးသူငယ်ဘဝဟာ ဒဏ္ဍာရီလားလို့ မေးကြမှာပါပဲ။ ယနေ့ခေတ် လူငယ်အများစုကတော့ အားလပ်ချိန်မှာ လက်ကိုင်ဖုန်းများနဲ့သာ အချိန်ကုန်နေကြကုန်ပါပြီ။
နောက်တစ်ချက်ကတော့ ဓမ္မသဘင်ဆိုတဲ့ တရားပွဲတွေပါပဲ။ ဘယ်ဘာသာတိုင်းမှာမဆို ဓမ္မသဘင်တွေရှိကြပါတယ်။ သူ့ဘာသာအလိုက် ဓမ္မသဘင်တွေကို ပုံမှန်သွားနေကြပါတယ်။ မည်သည့်အကြောင်းကြောင့်ရယ် မသိပါ။ ဗုဒ္ဓဘာသာရဲ့ ဓမ္မသဘင်ဆိုတဲ့ တရားပွဲတွေ အနယ်နယ် အရပ်ရပ်မှာ ရှားပါးလာတာကို သတိပြုမိကြမှာပါ။ စာရေးသူတို့ ငယ်ငယ်က ရန်ကုန်မြို့မှာ နှစ်ကျိပ်ရှစ်ဆူပွဲတိုင်း၊ အခါအခွင့်ကြုံတိုင်း ရပ်ကွက်အလိုက် လူကြီးတွေက ပရိယတ္တိ၊ ပဋိပတ္တိ ဆရာတော်တွေကိုပင့်ဖိတ်ပြီး တရားပွဲတွေကို မဏ္ဍပ်ကြီးတွေထိုးလို့ ကျင်းပပေးပါတယ်။ တရားပွဲဆိုလို့ သက်ကြီးရွယ်အိုတွေချည်းမထင်ပါနဲ့။ အရွယ်မျိုးစုံ တရားလာနာကြပါတယ်။ ဟာသလေးတစ်ခု ပြောပြပါမယ်။
စာရေးသူငယ်ငယ်က ကျောင်းပြန်လာပြီဆိုရင် တစ်ဖက်ရပ်ကွက်ထိပ်မှာ တရားပွဲရှိတိုင်း အဖေက ဘယ်ဆရာတော်လဲကွ၊ ဘယ်အချိန်လဲကွ ဆိုပြီး Blackboard မှာကြည့်ခဲ့ခိုင်းပါတယ်။ စာရေးသူက Blackboard နှစ်ချပ်မှာ တစ်ချပ်ကို အရင်ကြည့်ပါတယ်။ အဲ့ဒီတစ်ချပ်ကတော့ ဒီညတရားပွဲ အလှူရှင်ရဲ့ ဘဲသားဆန်ပြုတ်လား၊ ကြက်သားဆန်ပြုတ်လား၊ နို့ဆန်ပြုတ်လား၊ လက်ဖက်သုပ်လားဆိုတဲ့ Blackboard ကိုပါပဲ။ ပြီးမှ ဘယ်ဆရာတော်လဲ၊ ဘယ်အချိန်လဲဆိုတဲ့ ကျန်တဲ့ Blackboard တစ်ချပ်ကို ကြည့်တာပါ။
အဲ့ဒီတုန်းက တရားပွဲကျင်းပရာ မဏ္ဍပ်ရှေ့မှာသည်လို Blackboard နှစ်ချပ်မှာ မြေဖြူနဲ့ရေးပြီး ကြေညာထားတဲ့ ခေတ်ပေါ့ဗျာ။ လက်ဖက်သုပ်ကြောင့်ဖြစ်ဖြစ်၊ ဘယ်ဆန်ပြုတ်ကြောင့်ဖြစ်ဖြစ် စာရေးသူတို့ ငယ်စဉ်ဘဝမှာ တရားပွဲတွေ၊ သုတ္တန်ဟောကြားတဲ့ ကက်ဆက်ခွေလေးတွေကတစ်ဆင့် ဓမ္မနဲ့နီးစပ်ခဲ့ပါတယ်။ ယနေ့လူငယ်လေးတွေကိုလည်း သည်လိုဖြစ်စေချင်တာ စာရေးသူရဲ့ဆန္ဒပါပဲ။ ဒါ့ကြောင့်ယနေ့နိုင်ငံနှင့်အဝှမ်းမှာ ဓမ္မသဘင်ဆိုတဲ့ တရားပွဲတွေ လိုအပ်လာပြီဆိုတာကို အကြံပြုချင်ပါတယ်။ လူငယ်တွေကို ဓမ္မနဲ့နီးအောင် ထားပေးရမှာ လူကြီးတွေရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ဒါမှ ယဉ်ကျေးလိမ္မာတဲ့ အသိပညာ၊ အတတ်ပညာနဲ့ပြည့်စုံတဲ့ လူငယ်မျိုးဆက်သစ်တွေ မွေးဖွားလာမှာပဲဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ ယဉ်ကျေးလိမ္မာဆိုတဲ့ သင်တန်းတွေပါပဲ။ ယနေ့ခေတ်မှာ ဓမ္မစကူးဖွင့်လှစ်ပြီး သင်ကြားဟောပြောနေတဲ့ ဆရာတော်တွေလည်း ရှိပါတယ်။ ဆရာတော်တွေရဲ့ ဓမ္မစကူးသင်တန်း ဟောပြောပို့ချချက်တွေကို တီဗွီအစီအစဉ်တွေမှာ ပြသနေပါတယ်။ ဒါပေမဲ့ လူငယ်တွေမကြည့်ကြပါဘူး။ ပိုဆိုးတာက လူကြီးအချို့တောင် မကြည့်ကြတော့တဲ့အပြင် လူငယ်တွေကိုအားပေးမှု မလုပ်ကြတော့တာပါပဲ။ လူကြီးတွေရဲ့ ဗုဒ္ဓအဆုံးအမ သွန်သင်ဆုံးမမှုတွေနဲ့ လူငယ်တွေကို ရစ်ပတ်ရမယ့်နေရာမှာ လူငယ်တွေရဲ့ Facebook ၊ Tiktok ဆိုတဲ့ Entertainment (ဖျော်ဖြေမှု)တွေနဲ့ လူကြီးတွေ ပြန်ရစ်ပတ်ခံနေရတာ စိတ်ပျက်စရာ မြင်ကွင်းတစ်ခုပါပဲ။ ဒါ့ကြောင့် ဓမ္မစကူးဆိုတဲ့ ယဉ်ကျေးလိမ္မာသင်တန်းတွေကိုလည်း အရှိန်မြှင့်တင်သင့်ကြောင်း အလျဉ်းသင့်လို့ တင်ပြချင်ပါတယ်။
ဂေါတမမြတ်စွာဘုရားရှင်လက်ထက်မှာ မြတ်စွာဘုရားနဲ့ ပုဏ္ဏားကြီးတစ်ယောက်က ဓမ္မနဲ့ပတ်သက်ပြီး Debate တစ်ခုလုပ်ဖူးပါတယ်။ ပုဏ္ဏားနွယ်ဝင်ဖြစ်ဖို့ ဥပဓိရုပ် ကောင်းရမယ်၊ အမျိုးဇာတ်မြင့်ရမယ်၊ ဗေဒင်ကျမ်းဂန်တတ်ရမယ်၊ ပညာတတ်ဖြစ်ရမယ်၊ သီလကောင်းရမယ် ဆိုတဲ့အချက်ကို ပုဏ္ဏားနွယ်ဝင်တွေက ချမှတ်ထားတယ်။ အဲ့ဒီမှာ ဂေါတမမြတ်စွာဘုရားက ပုဏ္ဏားနွယ်ဝင် တစ်ယောက်ဖြစ်ဖို့ အရည်အချင်းတွေကို တစ်ချက်ချင်း လျှော့ခိုင်းကြည့်ရာမှာ နောက်ဆုံးပညာနဲ့ သီလဟာ ဖြုတ်လို့မရတဲ့အထိ အဖြေထွက်သွားတယ်။ အတိုချုံးပြီး ပြောရရင် မြတ်စွာဘုရားပြတဲ့ သည်တရားမှာ ပညာတတ်ပြီး သီလ(အကျင့်စရိုက်) မကောင်းတဲ့ လူဟာ အသက် ဘယ်လောက်ရှည်ရှည် လူ့လောကကို အကျိုးပြုမှာမဟုတ်ဘူး။ ပညာနဲ့အမှားအမှန်ကို မခွဲခြား၊ မသိမြင်နိုင်သမျှ သီလကိုလည်း ဆောက်တည်လို့ရမှာ မဟုတ်ဘူး ဆိုတာပါပဲ။ ပညာဆိုတာ ယနေ့အတန်းပညာ၊ အတတ်ပညာတွေကို မူရင်းဆိုလိုတာ မဟုတ်ပါဘူး။ ပညာဆိုတာ အရှိတရား၊ အမှန်တရားကို သိမြင်နိုင်စွမ်း ကို ဆိုလိုချင်တာပဲဖြစ်ပါတယ်။
စာရိတ္တဗလဆိုတဲ့ လူငယ်တွေရဲ့ စာရိတ္တကို ပြည့်စုံစေဖို့ မြှင့်တင်ပေးရာမှာ ဘာသာတရားအဆုံးအမဆိုတဲ့ ဓမ္မဟာ အခြေခံပါပဲဆိုတာကို စာရေးသူက မီးမောင်းထိုးပြတာပါ။ တမြည့်မြည့်ပျောက်ကွယ်နေတဲ့ လူငယ်တွေကြားက ဘာသာတရား အဆုံးအမကွာခြားမှုတွေကို တစ်မုဟုတ်ချင်းတော့ ပြောင်းလဲလို့မရပါဘူး။ တမြည့်မြည့်နဲ့ပဲ ဘာသာတရားအဆုံးအမတွေဘက် ရောက်လာအောင် ဆွဲပြောင်းယူရမှာပါပဲ။ ရေရှည်လုပ်ငန်းစဉ် တစ်ရပ်လို့ ဆိုလိုချင်တာပါ။ သို့မှသာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရက ယနေ့ချမှတ်ထားတဲ့ လူမှုရေး ဦးတည်ချက်ထဲက နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး ဆိုတဲ့အချက်ကို ခိုင်ခိုင်မာမာနဲ့ ထိထိမိမိ အကျိုးပြုလာမှာဖြစ်လို့ စာရေးသူက ဓမ္မနဲ့နီးစေ သူတို့တစ်တွေ လို့ ခေါင်းစဉ်လေးတပ်လို့ အကြံပြုလိုက်ခြင်းသာဖြစ်ပါတော့တယ်။ ။
ကျော်တေဇ(ဉက္ကလာ)