အီဂျစ်နိုင်ငံ၌ တိုက်စစ်မှူး ဆာလက်ချ် COVID-19 ရောဂါကူးစက်ခံရ VAR စနစ်ကြောင့် ယခုရာသီအနစ်နာရဆုံး အသင်းမှာ လီဗာပူးဖြစ်နေ

လီဗာပူးအသင်း၏  အဓိကခံစစ်မှူးများ ဖြစ်သော ဗန်ဒိုက် (ကာလရှည်နား)၊ အလက်ဇန္ဒားအာနိုး  (လေးပတ်နား)၊ ဂျိုး ဂိုမက်ဇ် (ကာလရှည်နား)၊ ရောဘတ်ဆန် (အသေးစားဒဏ်ရာရ)  များဆက်တိုက်ရှိ လာ၍ စိုးရိမ်ရေအမှတ်ရောက် နေရသော လီဗာပူးအသင်းအတွက်     နောက်ထပ် ပိုကြီးမားသောထိုးနှက်ချက်အဖြစ် အသင်း အဓိကတိုက်စစ်မှူး  ဆာလက်ချ်သည်လည်း နိုဝင်ဘာ  ၁၃ ရက်က  ဆေးစစ်မှု အဖြေထွက်ပေါ်လာရာ  COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း  သိရသည်။

ဆာလက်ချ်သည် ပြီးခဲ့သည့်ရက်ပိုင်းက နိုင်ငံတကာပွဲများ ကစားရမည့် ရက်သတ္တပတ်ဖြစ်ခြင်းကြောင့် အမိနိုင်ငံ အီဂျစ် အသင်းနှင့် သွားရောက်ပူးပေါင်းခဲ့ရကာ ရက်ပိုင်းအတွင်းက ညီဖြစ်သူ၏ မင်္ဂလာဆောင်ပါတီပွဲတွင်    ပါဝင်ဆင်နွှဲခဲ့ရာမှ COVID-19 ရောဂါ  ကူးစက်ခံရဖွယ်ရှိကြောင်း သတင်းများက ဖော်ပြနေကြသည်။ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က ဆာလက်ချ်ကို  အာခေါင်တို့ပတ်စစ်ဆေးခြင်း  ပြုလုပ်ရာ တွင်  COVID-19 ရောဂါပိုးတွေ့ရှိရသဖြင့် တစ်ပတ်ကျော်  အီဂျစ်နိုင်ငံ၌သာ သီးခြားခွဲနေထိုင်ရပြီး ရောဂါပိုးကင်းစင်မှသာ အင်္ဂလန်သို့ ပြန်ခွင့်ရမည်ဟုဆိုသဖြင့် လီဗာပူးနည်းပြ   ဂျာဂန်ကလော့အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုကို ထပ်ခံလိုက်ရပြန်သည်။

ဆာလက်ချ်သည် ယခုရာသီတွင် လီဗာပူးအသင်း၏ ဂိုးအများဆုံး သွင်းထားသူ အဖြစ် ရှစ်ဂိုးသွင်းထားပြီး အီဂျစ်ဘောလုံး အဖွဲ့ချုပ်၏အဆိုအရ ၎င်းသည် လီဗာပူးအသင်း၏ နောက်လာမည့်နှစ်ပွဲဖြစ်သော လက်စတာနှင့်  ပရီးမီးယားလိဂ်ပွဲ၊ အတ္တလန္တာနှင့်  ချန်ပီယံလိဂ်ပွဲများကို  လွဲချော်မည်ဖြစ်ကြောင်း သိရသည်။

ဆာလက်ချ်  COVID-19 ရောဂါပိုး ကူးစက်ခံလိုက်ရသဖြင့် လီဗာပူးအသင်းသည်  နိုဝင်ဘာ ၂၂ ရက်  လက်စတာနှင့် ပွဲတွင် စီနီယာပွဲထွက် ကစားသမား ခုနစ်ဦး အထိ ပါဝင်နိုင်ခြင်းမရှိဘဲ ရင်ဆိုင်ရတော့ မည်ဖြစ်သည်။  ထိုပွဲတွင်  လွဲချော်ရမည့် ခုနစ်ဦးမှာ  ဆာလက်ချ်၊ ဗန်ဒိုက်၊ ဖာဘင်ဟို၊ ဂျိုးဂိုမက်ဇ်၊ သီယာဂိုအယ်လ်ကန်တာရာ၊ အလက်ဇန္ဒားအာနိုးနှင့်  ချမ်ဘာလိန်တို့ ဖြစ်သည်။

လီဗာပူးသည် ယခုရာသီတွင် VAR စနစ်ဆုံးဖြတ်ချက်များ၌   အနစ်နာဆုံး အသင်းဖြစ်နေကြောင်း မှတ်တမ်းများအရ သိရသည်။               

Ref:Dailymail